spot_img
Friday, March 24, 2023
spot_img

ကရင်နီပြည်တွင်းမှာ မည်သည့်အဖွဲ့အစည်း၊ ပါတီကိုမှ ရွေးကောက်ပွဲ ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ KNPP ပြော

spot_imgspot_imgspot_imgspot_img

 

ကန္တာဝတီတိုင်း( မ် )

လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို မည်သည့်အဖွဲ့အစည်း၊ ပါတီကိုမှ ကရင်နီပြည်တွင်းမှာ ပါဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူဒယ်နီယာယ်က ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူထုပါဝင်တဲ့ ရွေးကောက်ပွဲမျိုးမဟုတ်သလို ဝင်ရောက်ယှဉ်ပြိုင်မည့်သူတွေကလည်း စစ်ကောင်စီနဲ့ လက်တွဲသူတွေပဲဖြစ်တယ်လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ကတော့ ဒီကရင်နီပြည်ထဲမှာ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ဘယ်ပါတီကိုယ်စားပြုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကိုတော့ ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD ) ဖြစ်ဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) ဖြစ်ဖြစ် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP )ပဲဖြစ်ဖြစ် စသည်ဖြင့်ပေါ့လေ။ ဒီပြည်တွင်း ကရင်နီပြည်ထဲမှာကိုက ဘယ်ပါတီမှ လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ အဲလို ဆိုလိုထားတာ ဖြစ်ပါတယ်။” လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ စစ်ကောင်စီက လွိုင်ကော်ခရိုင်နဲ့ ဘောလခဲခရိုင်အပြင် မယ်စဲ့ခရိုင်နဲ့ ဒီးမော့ဆိုခရိုင်ကို ထပ်မံတိုးချဲ့သတ်မှတ်ထားပါတယ်။

စစ်ကောင်စီကနေ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာဟာ နိုင်ငံရေးအရ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ဖြစ်နိုင်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်သလို KNDFတပ်ရင်း ၁ တပ်ရင်းမှူး ဖြစ်တဲ့ ခွန်းသောမတ်က ပြောပါတယ်။

“ဒီရွေးကောက်ပွဲဟာ ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ အတုအယောင်ရွေးကောက်ပွဲလိုမျိုးပဲပေါ့လေ။ မြို့ကြီးပြကြီး အချို့မှာတော့ ရွေးကောက်ပွဲဖြစ်လာနိုင်ခြေရှိတယ်။ သို့သော် ကျနော်တို့လို ပြည်နယ်မျိုးတွေမှာတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ တချို့ ဒါက စစ်ရေးမဟုတ်ပဲနဲ့ နိုင်ငံရေးပေါ့နော။ နိုင်ငံရေးအရ စစ်ကောင်စီက နိုင်ငံတကာမှာ ဆက်ရပ်တည်နိုင်ဖို့အတွက် ဒီလိုအတုအယောင်လုပ်တဲ့ ရွေးကောက်ပွဲလည်း အများကြီးဖြစ်လာနိုင်ခြေရှိပါတယ်။” လို့ ခွန်းသောမတ်က ပြောပါတယ်။

စစ်ကောင်စီကနေပြီး ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရင်တောင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာဆိုရင်တော့ စစ်ကောင်စီရွေးကောက်ပွဲက သတ်မှတ်ထားတဲ့ ကာလမှာ ပြုလုပ်သွားနိုင်မှာမဟုတ်ဘူးလို့ မြန်မာအမျိုးသမီးအဖွဲ့ချုပ် (BWU) အထွေထွေအတွင်းရေးမှူ ( ၁ ) ဇူးပဒုမ္မာ က သုံးသပ်ပါတယ်။

“ ကရင်နီပြည်အတွင်းကြည့်မယ်ဆိုရင် ၇၅ရာခိုင်နှုန်းကျော် ၈၀ရာခိုင်နှုန်းကျော်က KNDF က အုပ်စိုးနိုင်တယ်လို့ KNDF ရဲ့ တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ တွေ့ရတယ်ပေါ့နော။ နေရာအများစုမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ နောက်ပြီးတော့ လူထုတွေက လူထုတွေအများစုကလည်း စစ်တပ် ထောက်ခံမှုအားမရှိသလောက် အနေအထားမှာ မဲသွားပေးမယ့်သူကော ရှိပါ့မလားပေါ့။ ပြီးတော့ ဒီမဲရုံတွေတည်ဆောက်ပြီးတော့ ရွေးကောက်ပွဲကိုရော ကောင်းကောင်းမွန်မွန်ပြုလုပ်နိုင်တဲ့ အနေအထားကော ရှိပါ့မလား ဆိုတဲ့ဟာက စဉ်းစားစရာဖြစ်တယ်ပေါ့နော။ ဒါကြောင့်မလို့ ကျမကတော့ စစ်တပ်အနေနဲ့ သူ့ရဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလအတောအတွင်းမှာပဲ အောင်အောင်မြင်မြင်နဲ့ ရွေးကောက်ပွဲလုပ်သွားနိုင်ဖို့ဆိုတာက လက်ရှိအနေအထားမှာဆိုရင်တော့ ကျမကတော့ မထင်ဘူးပေါ့နော။ ” လို့ ဇူးပဒုမ္မာ ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က တစ်နိုင်ငံလုံး အားပေးထောက်ခံမှုအများဆုံးနဲ့ အပြတ်သတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD ) အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝ လက်ခံအသိအမှတ်ပြုမှာမဟုတ်ကြောင်းကိုလည်း ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ၂၀၂၀ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုပြီး အာဏာသိမ်းကာ ၂၀၂၃ခုနှစ်မှာ ရွေးကောက်ပွဲပြန်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လက်ရှိ မဲစာရင်းစီစစ်တာနဲ့ မဲရုံလျာထားသတ်မှတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...