spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင်းမှာ IEC က ကောက်ယူတဲ့ အခွန်တွေနဲ့ ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေး နှင့် အခွန်ဌာန ရဲ့ ဒုဌာနမှူး – ၁ နဲ့ ဆက်သွယ်မေးမြန်းချက်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်တွင်းမှာ IEC ကနေ အခွန်ကောက်ခံမှုနှင့်ပတ်သက်ပြီး လက်ရှိ မြေပြင်မှာ ဘယ်လိုဆောင်ရွက်နေတာရှိလဲ။ နောက်ပိုင်းမှာကော ဘယ်လို ဆက်လက် လုပ်ဆောင်သွားဖို့ရှိမလဲဆိုတဲ့အပြင် ရရှိတဲ့ အခွန်ပမာဏကို ဘယ်လိုကဏ္ဍတွေမှာ အသုံးပြုသွားမလဲစတဲ့ အကြောင်းအရာကို ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ လက်ရှိ IEC မှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဌာနရဲ့ ဒုဌာနမှူး – ၁ ဖြစ်တဲ့ ခူးလေးရယ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ IEC ရဲ့ အခွန်ဌာနက မြေပြင်တွေမှာ အဓိကဘာတွေ ဆောင်ရွက်နေလဲ။
ဖြေ ။ ။ ဒီကာလမှာကတော့ စီမံကိန်းဘဏ္ဍာရေးအခွန်ဌာနအနေနဲ့ကတော့ အခွန်ရဲ့မူဝါဒတွေကို ကျနော်တို့ရေးဆွဲတယ်ပေါ့နော။ မြေပြင်မှာအခွန်နဲ့ပတ်သက်ပြီးတော့ အခုလိုကာလတွေမှာ ဘာတွေက ကောက်လို့ရလဲ မရဘူးလဲဆိုတာတွေကို လက်ရှိအနေအထားတွေနဲ့ကိုက်ညီအောင် ပြင်ဆင်နေတာတွေရှိတယ်။ ဒီးမော့ဆိုနဲ့ မော်ချီး သယ်ယူပို့ဆောင်နေတဲ့ ကုန်စည်ယာဉ်တွေကို အခွန်ကောက်တဲ့ဟာတစ်ခုရှိပါတယ်။

မေး ။ ။ IEC ရဲ့ အခွန်မူဝါဒ ကို ရှင်းပြပေးပါအုံးရှင့်။ မူဝဒါနဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာထိ ရေးဆွဲလုပ်ဆောင်နေပြီလဲ။
ဖြေ ။ ။ ကျနော်တို့ အခွန်မူဝါဒအနေနဲ့က ရေးဆွဲနေတုန်းဖြစ်တယ်။ လက်ရှိမြေပြင်မှာ အခွန်ကောက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမှကတော့ ကျနော်တို့ အခွန်လုပ်ထုံးလုပ်နည်းနဲ့သွားနေတယ်ပေါ့နော။ ကျနော်တို့သွားနေတဲ့အချိန်အတွင်းမှာ ပြင်ဆင်စရာတော့အများကြီးရှိဦးမယ်လို့ တွေ့ရတယ်။ အဲ့တာဘာလဲဆိုရင် လက်ရှိမြေပြင်မှာကျနော်တို့ ခေတ်ကောင်းတုန်းအချိန်ကာလတွေမှာ ကောက်လို့ရတဲ့အခွန်တွေက အခုကောက်လို့မရဘူးပေါ့နော။ ဥပမာ အထူးသဖြင့် လူထုတွေရဲ့အခြေခံစားဝတ်နေရေးအတွက် ဥပမာ ဖွင့်ထားတဲ့ဆေးဆိုင်လိုမျိုးတွေဆိုရင် တကယ်တမ်း ပုံမှန်အခြေနေမျိုးဆိုရင် ကောက်လို့ရတယ်။ ဒါမယ့် ဒီအခြေအနေမျိုးဆို ကောက်လို့မရဘူးပေါ့နော ။ဒါကသူ့ရဲ့စားဝတ်နေရေးအတွက် ကနဦး ပြင်ဆင်ပြီးမှသူရောင်းတဲ့ဟာမျိုး ဖြစ်တယ်။ သူရုန်းကန်ရတာဖြစ်တဲ့အတွက် ကောက်လို့မရဘူး။ အဲ့လိုမျိုးဆန်ဆန်ဘဲ အခုလိုကာလမှာ အခွန်ကောက်လို့မရတာတွေ အများကြီးရှိတယ်ပေါ့နော။ ဆိုတော့ကျနော်တို့သွားနေတဲ့ မူဝါဒတွေနဲ့ တကယ်လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်အောင် ညှိနှိုင်းပြင်ဆင်ပြီးတော့သွားနေတာဖြစ်တယ်။

မေး ။ ။ မြေပြင်မှာကောက်ယူနိုင်တဲ့ အခွန်ဘယ်နှမျိုးလောက်ရှိလဲ။ လက်ရှိမှာ IEC အနေနဲ့ ကောက်ယူနေတဲ့ အခွန်က ဘယ်နှမျိုးလောက်ရှိနေလဲ။
ဖြေ ။ ။ ကောက်နိုင်တဲ့အခွန်အမျိုးအစားတွေကတော့ အများကြီးရှိတယ်။ အသေးစိတ်အရဆိုရင်တော့ အမျိုး ၇၀ လောက်ရှိတယ်။ ဒါပေမယ့် တကယ့်တကယ် ကျနော်တို့ကောက်နိုင်နေတာက ၁ ခုဘဲရှိတယ်ပေါ့နော။ လောလောဆယ် ကုန်တင်ဆောင်မှုနဲ့ ပတ်သက်တဲ့ဟာ ၁ ခုကိုဘဲ ကျနော်တို့ကောက်နေတယ်။ ကျန်တဲ့ဟာတွေကတော့ မူဝါဒတွေနဲ့ဖြေးဖြေးချင်း ပြင်ဆင်ရင်းသွားရင်းနဲ့ ကောက်ရမယ့်ဟာမျိုးဖြစ်မယ်ပေါ့။ ကျနော်တို့အခုလက်ရှိ ကောက်နိုင်တဲ့ဟာတွေ အကုန်လုံးတစ်ပြိုင်တည်း ကောက်နိုင်ဖို့မလွယ်ဘူးပေါ့နော။ လူထုတွေရဲ့စားဝတ်နေရေးနဲ့ အခက်အခဲတွေလည်းအများကြီးရှိတဲ့ခါကျတော့ ဒါကိုမူဝါဒတွေနဲ့ဘဲဖြစ်စေ ရေးဆွဲထားတာမျိုးရှိပါတယ်။

မေး ။ ။ ကားသမားတွေ ဆိုင်ကယ်တွေ ပေးရတဲ့အခွန်ခတွေ ဘယ်လိုမျိုးရှိလဲ။
ဖြေ ။ ။ အခုလက်ရှိအခွန်ဌာနမှာ ပေးဆောင်ရတဲ့အခွန်က ၃ သိန်းပေါ့နော။ အဲ့တာက IEC ကနေကောက်နေတဲ့အခွန်ပေါ့လေ။ အဲ့တာက ၃ သိန်းရှိပါတယ် ကားတစ်စီးစာအတွက်။ ဆိုင်ကယ်တွေက သုံးသောင်းပေါ့နော။

မေး ။ ။ IEC အခွန်က အိမ်စီးကားတို့ သပ်သပ်ပေးရတဲ့အခွန်ခတွေရှိလား။
ဖြေ ။ ။ မရှိပါဘူး ကျနော်တို့အဓိက ကုန်တင်တဲ့ကားတွေကိုဘဲ ကောက်တာဖြစ်တယ်။ ကျန်တဲ့လူထုတွေရဲ့သွားလာမှုက အခွန်ပေးစရာမလိုဘူးပေါ့နော။

ပုံစာ – မူးယစ်ဆေးဝါး၊ ကန့်သတ်ကုန်တွေ မပါရေးအတွက် ဂိတ်တွေမှာ စစ်ဆေးဆောင်ရွက်နေစဉ်။ (ဓါတ်ပုံ – IEC)

မေး ။ ။ ကုန်တင်အခွန်အမျိုးအစားက ဘယ်လိုသတ်မှတ်ထားလဲ။ ဘယ်လို ကုန်ပစ္စည်းမျိုးကို ကန့်သတ်ထားတာ ရှိလဲ။
ဖြေ ။ ။ အခုကတော့ ဒီးမော့ဆိုကနေပြီး မော်ချီးကိုသွားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ဟာပေါ့နော။ အဲ့ဒီဟာကိုတော့ ကုန်အမျိုးအစားခွဲထားတာမရှိဘူးပေါ့လေ။ အဓိကတော့ကန့်သတ်ကုန်ရယ် ကျန်တဲ့ဟာတွေ အကုန်လုံးသယ်လို့ရတယ်ပေါ့နော ။ကန့်သတ်ကုန်နဲ့ တားမြစ်ကုန်နဲ့ဘဲရှိမယ်ပေါ့လေ။ ဥပမာ ကန့်သတ်ကုန်လို့ပြောမယ်ဆိုရင် အခုဆိုရင် ဆန်တစ်မျိုးတည်းဘဲရှိမယ်ပေါ့။ ကျန်တဲ့ဟာကတော့သယ်လို့ရတယ် ပြီးရင် တားမြစ်ကုန်ကတော့ မူးယစ်ဆေးဝါးတွေပေါ့နော လုံးဝသယ်ခွင့်မပေးဘူး။ ဒီမှာတော့ စစ်ဆေးအရေးယူမှုတွေ လုပ်နေတာပေါ့။

မေး ။ ။ ဒီအခွန်တွေကို ဘယ်ချိန်ကစကောက်ခံလဲ။
ဖြေ ။ ။ အခုကုန်စည်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်တာတွေ အခွန်ကောက်ယူနေတာကတော့ လွန်ခဲ့တဲ့ ၂၀၂၃ မေလက စတယ်ပေါ့နော။ ဒါပေမယ့် အဲ့ဒီအခြေအနေမှာက အဆင်မပြေဘူးပေါ့လေ။ ဥပမာကောက်လိုက်တယ် အဆင်မပြေဘူး ပြန်ရပ်သွားတယ်။ စစ်ရေးအနေအထားကြောင့်လည်းပါတယ်ပေါ့နော။ ဆိုတော့ ဒီ ၂၀၂၄ ၁ လပိုင်းလောက်မှဘဲ သေသေချာချာလေး အဲ့တာကို ကောက်လို့ရနိုင်တဲ့အနေအထားမျိုးဖြစ်တယ်။ အစောပိုင်းမှာကတော့ စစ်ပူကာလဖြစ်တဲ့ခါကျတော့ ကောက်ရလိုက် မရလိုက် ဒီစစ်ပွဲတွေကြားမှာ ဒီဟာက ပုံမှန်မလည်ပတ်နိုင်ဘူးပေါ့နော။

မေး ။ ။ မြေပြင်မှာ အခွန်ခတွေ ပိုကောက်ယူတယ် စသဖြင့် ပြောဆိုမှုတွေရှိနေတော့ ဆရာတို့အနေနဲ့ ဘယ်လိုအသိပေးချင်လဲ။ မသယ်ရတဲ့ကုန်တွေ သယ်လို့မိရင်ကော ဘယ်လိုပြစ်မှုပြစ်ဒဏ်တွေရှိလဲ။
ဖြေ ။ ။ အခုအခွန်တွေအားလုံးကောက်ယူနေတာက IEC ဖြစ်တဲ့တွက်ကြောင့် လူထုအတွက်ဘဲရည်ရွယ်ပြီးတော့ ကောက်နေတာဖြစ်တယ်။ ရရှိတဲ့အခွန်တွေကိုလည်း လူထုဆီ ပြန်စီးဆင်းနိုင်ဖို့ဘဲ ကောက်တာဖြစ်တယ်။ ဆန်နဲ့ပတ်သက်တဲ့ဟာဆိုရင်တော့ ဒီးမော့ဆိုမှာရှိတဲ့ဆန်တွေက အဲ့ဒီမှာရှိတဲ့လူဦးရေတွေနဲ့ လောက်ငှအောင် ကျနော်တို့စီစဉ်နေတာဖြစ်တယ်။ အဲ့ဒီမှာရှိတဲ့ဆန်တွေက အများကြီးအပြင်ထွက်လို့မရဘူးပေါ့လေ။ အဲ့လိုပြောလို့ရမှာပေါ့နော။ ဆိုတော့ အခုဒီဆန်တွေကို လူဦးရေအရမ်းများတဲ့နေရာတွေမှာရှိတဲ့ ဆန်တွေနဲ့လူဦးရေနဲ့က အဆင်ပြေနေတယ်ပေါ့။ ဆိုတော့ ဆန်တွေအများကြီးထွက်သွားမယ်ဆိုရင် မလောက်ငှမှုတွေဖြစ်သွားနိုင်တယ် ။ အဲ့တာကြောင့် ဒီဟာတွေကို ထိန်းသိမ်းနေရတဲ့ဟာ တစ်ခုရှိတယ်။ အဲ့တာတွေကြောင့် သွားနေတဲ့ကားတွေကို ကန့်သတ်ကုန်အနေနဲ့က ဆန်တွေမသယ်ဖို့ကို ပြောထားတာဖြစ်တယ်ပေါ့လေ။ ဥပမာဆန်ကိုကန့်သတ်ကုန်တွေနဲ့ထားတဲ့အခါ ကားတွေက သူမလိုက်နာဘဲနဲ့သယ်တယ်ဆိုရင်တော့ ဒဏ်ငွေရိုက်ခံရတာပေါ့လေ။ ဥပမာ ၅ သောင်းဒဏ်ငွေရိုက်ခံရတာရှိတယ် ။အဲ့ဒီဟာကအခွန်မဟုတ်ဘူးပေါ့ ဒဏ်ငွေဖြစ်တယ်ပေါ့လေ။ ဥပမာ- ဒီဆန်တွေကိုသယ်ခွင့်ပေးတယ် ပြီးတော့ ၅ သောင်းကောက်တယ် အဲ့လိုမဟုတ်ဘူးပေါ့နော။ အဲ့တော့ ဆန်တွေပေးမသယ်ဘူး၊ ခိုးသယ်တဲ့အတွက်မိတဲ့ခါမှာ ဒဏ်ငွေရိုက်တယ်။ အဲ့ဒဏ်ငွေကလည်း လူထုရဲ့ ဘဏ္ဍာငွေထဲပြန်စီးဆင်းတဲ့ဟာမျိုးပေါ့။

မေး ။ ။ ဒီးမော့ဆို – မော်ချီးတစ်လျှောက်က မြို့နယ် ကျေးရွာတွေလည်းရှိတာပေါ့နော။ အဲ့ဒေသခံတွေ သူတို့အတွက် သူတို့သယ်တာဖို့အတွက်ကော အဲ့အပေါ်မှာ IEC အနေနဲ့ဘယ်လိုဆောင်ရွက်ပေးနိုင်သလဲ။
ဖြေ။ ။ ဒီးမော့ဆိုကနေ မော်ချီးကို သွားတဲ့လူထုတွေ သူတို့ရဲ့စားသောက်ကုန်တွေကို သယ်တဲ့ဟာတွေက လွပ်လွပ်လပ်လပ်သယ်ခွင့်ရတယ်။ ဒါမယ့် ပြည်ထဲရေးကနေတော့ ထောက်ခံချက်ပေးဖို့လိုတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီဟာတွေက အဲ့မှာနေတဲ့လူထုတွေ အမှန်တကယ် ဖြစ်ကြောင်းပေါ့လေနော သိရှိဖို့လိုတယ်။ အဲ့ဒါက ဒီအုပ်ချုပ်ရေးဖက်ကနေပြီးတော့မှ ထောက်ခံချက်နဲ့ သွားလာလို့ရတဲ့ဟာမျိုး သယ်ဆောင်လို့ရမယ့်ဟာမျိုး ဖြစ်ပါမယ်။ အဲ့တာကတော့ အခွန်ပေးစရာမလိုဘူးပေါ့နော။

မေး ။ ။ လက်ရှိအချိန်အထိ အခွန်ဌာနကနေ ကောက်ယူရရှိထားတဲ့ အခွန်ငွေက ဘယ်လောက်ရှိလဲ။ အဲဒီငွေတွေကို ဘယ်နေရာတွေမှာ အသုံးပြုနေလဲ။
ဖြေ ။ ။ ရရှိလာတဲ့အခွန်တွေကို IEC ရဲ့ ဦးစီးကောင်စီကိုတင်သွင်းတယ်။ အဲ့ကတစ်ဆင့် ကျန်းမာရေးအသုံးစရိတ်တွေရယ် ပညာရေးအသုံးစရိတ်တွေရယ် လမ်းပန်းဆက်သွယ်ရေးလမ်းပြုပြင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေရယ် ပြီးရင် ဒီအုပ်ချုပ်ရေးငန်းတွေမှာရယ် ပြီးတော့ကာကွယ်ရေးအသုံးစရိတ်တွေ အဲ့မှာတွေအဓိကအသုံးပြုပါတယ်။ ခန့်မှန်းခြေ ငွေကြေးက သိန်း ၇၀၀၀ လောက်ရှိပါတယ်။ အဲ့တာကိုလည်းလာမယ့်အပတ်တွေမှာ မြေပြင်အခွန်ရုံးတွေမှာ လူထုတွေကို ချပြဖို့ရှိပါတယ်။

မေး ။ ။ IEC အနေနဲ့ အခွန်ကောက်ခံတာမျိုးကို ဒီးမော့ဆို မော်ချီးလမ်းကြောင်းတစ်ခုဘဲ ဆောင်ရွက်နေတာလား ကျန်တဲ့နေရာတွေကောရှိသေးလား။
ဖြေ ။ ။ မရှိသေးဘူး ခုလောဆ‌ယ်ကတော့၊ ကျနော်တို့မော်ချီးလမ်းကြောင်းတစ်ခုဘဲရှိပါသေးတယ်။ ကျန်တဲ့နေရာကတော့ ပြင်ဆင်ဆဲဘဲ ဖြစ်တယ်ပေါ့နော။

မေး။ ။ IEC အခွန်ဌာနအနေနဲ့ လတ်တလော စိန်ခေါ်မှု၊ အခက်အခဲ ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ စိန်ခေါ်မှုကတော့ရှိပါတယ်။ ဒီကာလမှာကျနော်တို့လူထုအတွက် အခွန်ကိစ္စတွေနဲ့ပေါ့နော။ အခွန်ကောက်လို့ရလာတဲ့ငွေတွေကို လူထုဆီပြန်စီးဆင်းဖို့ စီစဉ်တယ်။ အဲ့တာတွေအတွက် စစ်ဆေးရေးဂိတ်တွေထားရတယ်။ ပြီးရင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို အဆင်ပြေအောင် စီမံရတာမျိုးတွေရှိတယ်။ အဲ့ဒီအပေါ်မှာကတော့ အားလုံးပေါ့လေနော သွားလာတဲ့သူတွေ၊ အထူးသဖြင့်ကုန်တင်တဲ့သူတွေအားလုံးက လိုက်နာဖို့လိုတယ်ပေါ့နော။ မလိုက်နာနိုင်တဲ့ခါကျရင်တော့ ကိုယ့်လူထုအတွက်ဘဲ အခက်အခဲရှိနိုင်တယ်လို့မြင်တယ်ပေါ့နော။ ခုနက ဆန်ကို တင်ခွင့်မပြုဘူးပြောတဲ့ကိစ္စက လူထုတွေရဲ့စားနပ်ရိက္ခာ လုံလောက်ဖို့အတွက်ဖြစ်တယ်။ သို့ပေမယ့်လည်း သယ်တဲ့သူများနေမယ်ဆိုရင် လူထုအတွက်အခက်အခဲဖြစ်စေနိုင်တယ်လို့ ကျနော်မြင်တယ်ပေါ့နော။

မေး ။ ။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနက ချိတ်ဆက်မှုတွေရှိသလား။
ဖြေ ။ ။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကတော့ သီးသန့်ရှိတယ်။ ကျနော်တို့လုပ်ငန်းတွေအရကတော့ ချိတ်ဆက်မှုတွေရှိပါတယ်။

မေး ။ ။ ဆရာအနေနဲ့ တခြားဘာတွေဖြည့်စွက် ပြောဆိုချင်လဲ။
ဖြေ ။ ။ ဒီလူထုတွေကို အသိပေးချင်တာပေါ့နော။ အဲ့တာကတော့ အခွန်ကောက်ခံတဲ့လုပ်ငန်းက လူထုတွေအတွက်ဖြစ်တယ်။ အဲ့ဒီအပေါ်မှာ လူထုတွေက အဆင်မပြေမှုတွေ အခွန်ကောက်တဲ့ကိစ္စရပ်တွေကို မသိတာမျိုးရှိတယ်ဆိုရင် လွပ်လွပ်လပ်လပ်မေးလို့ရတယ်။ ဒါတွေက လူထုတွေရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြန်သုံးဖို့ဖြစ်တယ်ပေါ့လေ။ နောက်ပိုင်းကျရင်တော့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကာကွယ်ရေးကိစ္စရပ်တွေ အဲ့ဒီအသုံးစရိတ်တွေက ဒီအခွန်ကနေအများကြီးဖြစ်လာလိမ့်မယ်။ သို့ပေမယ့် ကနဦး စတဲ့အချိန်ကတော့ အခက်အခဲတွေ အများကြီးရှိသေးတယ်ပေါ့နော။ လူထုတွေအနေနဲ့ အခွန်လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ အများကြီးလိုပါလိမ့်မယ်။ အခွန်ကောက်ခံတဲ့ကိစ္စရပ်တွေကို ဒီထက်ပိုပြီးမေးစေချင်တယ်လေ့လာစေချင်တယ်။ အကြံပြုပေးစေချင်တယ်။

spot_img
spot_img

Recent posts