spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင် စစ်ကောင်စီမှ ဒရုန်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရန် စစ်ကောင်စီမှ ဗုံးသီးတပ်ဒရုန်းများပိုမိုအသုံးပြုလာနိုင်ကြောင်း ကရင်နီပြည်အစိုးရ ကာကွယ်ရေးဌာနက နိုဝင်ဘာလ(၁၆)ရက်နေ့မှာ ပြောဆိုပါတယ်။

ကရင်နီပြည်တွင်း စစ်ကောင်စီမှ ဗုံးသီးတပ်ဒရုန်းများ အသုံးပြုတိုက်ခိုက်နေတဲ့ အခြေအနေနဲ့ပါတ်သက်ပြီး ကရင်နီပြည်အစိုးရ ကာကွယ်ရေးဌာန ဒု-ဝန်ကြီး ခူဒယ်နီယာယ်က အခုလိုပြောပါတယ်။

“သူတို့က ဒရုန်းတွေကို စမ်းသပ် အသုံးပြုနေပြီဆိုတော့ လုပ်လာနိုင်ဖွယ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မြေပြင်စစ်ထွက်နိုင်တဲ့တပ်က မရှိသလောက်ရှိနေပြီ။ သူတို့တပ်စခန်းမှာပဲ နေထိုင်တာ အခြေချတာများနေပြီ။ နောက်ပြီးတော့ အဲဒီလိုစစ်ဆင်ရေးမျိုး။ နောက်လုံခြုံရေး လမ်းစရိတ်တွေ သူတို့ထွက်တာ နည်းနေတော့ နောက်ပိုင်းမှာတော့ ဒရုန်းတွေနဲ့ အသုံးပြုနိုင်ခြေရှိတယ်။”

ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ရက်နေ့က ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီမှ ဗုံးသီးတပ်ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာရှိခဲ့ပါတယ်။ လွိုင်ကော်အရှေ့ခြမ်းကျေးရွာတွေမှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ ကင်းထောက်တာတွေ နေ့စဉ်လုပ်နေပြီး ဗုံးသီးတပ်ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိနိုင်တယ်လို့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်ကူညီသူတစ်ဦးက သုံးသပ်ပြောပြပါတယ်။

” ဒရုန်းဗုံးနဲ့ ပစ်တယ်ဆိုတာကတော့လေ ပစ်ရင်လည်း ပစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က တော့ ပစ်တာကိုလည်း မတွေ့ရသေးဘူး။ ပစ်လား မပစ်လားတော့ တပ်အပ်မပြောတတ်သေးဘူး။ တခါတလေကျတော့ ခဏက ပြောသလိုမျိုး လက်နက်ကြီး ထွက်တဲ့အသံမကြားပဲနဲ့ ဒုန်း လာကျသွားတာမျိုးတော့ ရှိတော့ရှိတယ်ပေါ့။ အဲ့ဒါတော့ ၂လုံး ၃လုံးလောက်တော့ရှိတယ်ပေါ့။ အဲ့ဒါလည်း ဒရုန်းဗုံးလို့ ပြောလို့ရမလား။ ဒါမှမဟုတ် လွိုင်ကော်ဖက်ကနေ ပစ်လာတဲ့ဟာလာ။ အဲ့လိုမျိုးလည်း မပြောတတ်ဘူးလေနော။ ထွက်သံတော့ မကြားပဲနဲ့ ကျတဲ့ဟာမျိုးတွေ တော့ ရှိတယ်ပေါ့။ အဲ့ဒါတော့ ဒရုန်းဗုံးလား ဒါမှမဟုတ်လည်း အဝေးကနေ ပစ်တဲ့ဟာလား မသိဘူးပေါ့။ ၅၃၀ကနေပစ်တယ်ဆိုရင် ကျနော်တို့တော့ အနည်းဆုံး ထွက်သံတော့ ကြားတယ်။ ကျသံလည်း ကြားတယ်ဆိုတဲ့ဟာမျိုးတွေပေါ့။ ” လို့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်တွင်းက တော်လှန်ရေးအင်အားစုတွေဖက်ကလဲ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ရာမှာ ဗုံးသီးတပ်ဒရုန်းများအသုံးပြုနေတာလည်းရှိနေပါတယ်။

စစ်ကောင်စီ ကတော့ ဒရုန်းနဲ့ မကြာခဏကင်းထောက်ပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒရုန်းပေါ်မှာ ဗုံးသီးတပ်ပြီးတိုက်ခိုက်မှုတွေကိုပါ စတင်လုပ်ဆောင်လာနေကြောင်း မျက်မြင်တို့ရဲ့ပြောပြချက်အရသိရပါတယ်။

လက်ရှိ စစ်ကောင်စီ အသုံးပြုနေတဲ့ ဗုံးသီးတပ်ဒရုန်းဟာ ၆၀ မမအရွယ် လက်နက် ၄လုံးကို သယ်နိုင်တဲ့ ဒရုန်းဖြစ်တယ်လို့ ပြောဆိုကြပေမယ့် မည်သည့်အမျိုးစားဖြစ်ကြောင်း တိတိကျကျမသိရှိရသေးပါဘူး။

spot_img
spot_img

Recent posts