spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်တွင် အအေးမိပြီးသေဆုံးသွားတဲ့ ၆ ရက်သားအရွယ် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၀ ဦးအထိ ရှိလာ

Author

Date

Category

ကရင်နီပြည်နယ်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ဇွန်လ ၁၂ ရက်နေ့အထိ သေဆုံးသူ ၅၀ ဦးအထိ ရှိလာပြီး လသားအရွယ်ငယ်တစ်ဦး၊ ၆ ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု မှ မှတ်တမ်းပြုလုပ်ထားတဲ့ စာရင်းအရ သိရှိရပါတယ်။

သေဆုံးသူ ၆ ရက်သားအရွယ်ကလေးငယ်မှာ စစ်ဘေးရှောင်တဲ့နေရာမှာ အအေးမိပြီး သေဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာလည်း စစ်ဘေးရှောင်ပြည်သူတွေထဲမှ လသားအရွယ် ကလေးငယ်တစ်ဦး ဖျားနာပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

“ကျမတို့က ဆေးနည်းနည်းပဲ ပါလာတယ်။ ဆေးတစ်ပုလင်းကို ကလေး သုံး၊ လေးယောက် မျှတိုက်ရတော့ စကေးက မကိုက်တော့ဘူးလေ။ မကိုက်တော့ သူတို့လည်း မပျောက်နိုင်တော့ဘူး။ ဟိုတစ်ယောက်ဟာလည်းဖြစ်၊ ဒီတစ်ယောက်ဟာလည်းဖြစ် ဖြစ်နေကြတာလေ။” လို့ စစ်ဘေးရှောင်ပြည်သူများထဲမှ မိခင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ရက်ပိုင်းအတွင်းသာ ဆေးဝါးလုံလောက်နိုင်တဲ့ ပြသနာကို ရင်ဆိုင်နေရတဲ့အပြင် ပြန့်ကျဲနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီကို ဆေးဝါးကုသပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ KSCC ရဲ့ Humanitarian Focal က ပြောပါတယ်။

“ ဆေးဝါးကတော့ အတော်အသင့် အနည်းအကျဉ်းတော့ လုံလောက်တယ်လို့ ရက်ပိုင်းအတွင်းတော့ ပြောလို့ရတယ်။ ဒါပေမယ့် ပြသနာက လူတွေက အရမ်းပြန့်ကျဲနေတော့ သက်ဆိုင်ရာ အစုအဖွဲ့တွေဆီကို ကျနော်တို့က ပုံမှန်ဆေးဝါးကုသပေးနိုင်ဖို့အတွက် အခက်အခဲရှိတယ်ပေါ့နော။ တချိန်တည်းမှာပဲ ကျနော်တို့က မမျှော်လင့်ပဲနဲ့ လူက သိန်းဂဏန်းဖြစ်သွားတော့ ကျနော်တို့မှာ အရင်က ပေးနေပြီးသားဖြစ်တဲ့ ဝန်ဆောင်မှုက ဆရာ၊ ဆရာဝန်တွေကလည်း အင်အား မလုံလောက်တော့ဘူးပေါ့နော။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့တစ်ရက်တည်းမှာ ကရင်နီပြည်နယ်အတွင်းမှာ သေဆုံးသူ ၉ ဦးရှိတယ်လို့ သိရပါတယ်။ သေဆုံးသူများထဲမှာ စာရင်းအရ ဒီးမော့ဆို ၂၈ဦး၊ လွိုင်ကော် ၁၇ ဦး၊ မိုးဗြဲ ၃ ဦး၊ ဖယ်ခုံ ၁ ဦးနဲ့ ဘောလခဲ ၁ ဦး တို့ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ရဲဘော်များ၊ စစ်ဘေးရှောင်တွေကို ကူညီပို့ဆောင်ပေးနေသူများလည်း ပါဝင်ပါတယ်။

spot_img
spot_img

Recent posts