spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်ထဲက ရွေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေ

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ တိုက်ပွဲနေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားလျက်ရှိရာ ဖားဆောင်းမြို့နယ် ၊ ဘောလခဲမြို့နယ်ဘက် ရောက်နေတဲ့ ကျပန်းရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတယ်လို့ အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“ဒေသခံတွေမဟုတ်ဘဲ နယ်ဝေးကနေလာပြီးတော့ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေပေါ့။ အဲ့တာတွေက ပစ္စည်းတွေလည်း သယ်မရ လူလည်းသွားမရဆိုတော့ အလုပ်တွေလည်း လုပ်စရာမရှိဘူးပေါ့။ လမ်းကြောင်းကလည်း ဖွင့်လိုဖွင့်ငြားနဲ့စောင့်နေတာ တစ်လလည်းပြည့်တော့မှာဆိုတော့ အလုပ်ကလည်း မရှိတော့ဘူးကွာ စားစရာလည်းမရှိတော့ဘူးကွာ။ ကုန်ဈေးနှုန်းတွေလည်း တအားတက်တယ်လေ။ အဲ့လိုတော့ ဒုက္ခရောက်တယ်ပေါ့။”

၎င်းတို့က ဆောက်လုပ်ရေးစီမံကိန်းတွေထဲက စာသင်ကျောင်း၊ ကျန်းမာရေးအဆောက်အအုံ၊ အားကစားရုံ၊ ဝန်ထမ်းအိမ်ယာတွေကို ဆောက်လုပ်ပေးနေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နောက်ပိုင်း သွားလာရခက်ခဲသွားတာကြောင့် ဘောလခဲ၊ မော်ချီးဘက်တွေမှာ ရောက်ရှိနေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ နေရပ်ကို ပြန်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဘောလခဲမြို့နယ်မှာ ရွေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေတဲ့ သူတစ်ဦးက ပြောပါတယ်။

ရွေ့ပြောင်းအလုပ်သမားတွေဟာ တခြားမြို့တွေကနေ လာရောက်အလုပ်လုပ်ကိုင်ကြတာဖြစ်ပြီး အခုလက်ရှိမှာ အလုပ်အကိုင်မရှိတော့တာကြောင့် နေရပ်ကို ပြန်ချင်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

ဘောလခဲမြို့နယ်မှာ နေရပ်မပြန်နိုင်ဘဲ ရှိနေတဲ့ ရွေ့ပြောင်းအလုပ်သမား ၅၀ဝန်းကျင်ရှိနေပါတယ်။
ဖားဆောင်းမြို့နယ် ဒေသခံတစ်ဦးကလည်း လွိုင်ကော်ကို သွားချင်ပေမယ့် သွားလို့မရဘူးလို့ ပြောပါတယ်။

“ အကုန်လုံးသွားချင်ကြတဲ့လူတွေချည်းဘဲ။ ပစ္စည်းတွေ သယ်ချင်ကြတဲ့သူတွေချည်းဘဲ။ သွားချင်ပေမယ့် လမ်းက မဖွင့်တော့ သွားလို့ အဆင်မပြေဘူး။ လမ်းခရီးလည်း သွားလို့ အဆင်မပြေဘူးလေ။ အဲ့တာကြောင့် အဲ့တာကြောင့် မဆင်းကြတာပေါ့။(လွိုင်ကော်ကို သွားခြင်း) ဆင်းလို့ရရင်တော့ အကုန်ဆင်းချင်ကြတဲ့သူတွေချည်းဘဲ။ “ ဖားဆောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့နယ်ကို ရောက်ရှိနေတဲ့ ရွေ့ပြောင်းအလုပ်သမားတစ်ဦးက “ လမ်းကြောင်းလေးကိုလေး နေ့စဉ်ကြီး မဟုတ်ရင် တောင် အကိုတို့လို ခက်ခဲနေတဲ့လူတွေအတွက်ပေါ့။ တစ်ပတ်မှာ တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ် တစ်ရက်နှစ်ရက် လောက်ပေါ့။ ဖွင့်ပေးဖို့ တောင်းဆိုပေးလို့ ရရင် တောင်းဆိုချင်ပါတယ်။ “ လို့ပြောပါတယ်။

ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့ဟာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကုန်တင်ကားတွေ ၊ ခရီးသည်တင်ကားတွေ သွားလာဖို့ အသက်အန္တရာယ်ရှိနိုင်တာကြောင့် ပြီးခဲ့တဲ့
ဒီဇင်ဘာလ ၃ရက်နေ့ကစပြီး လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးကို သွားလာခြင်းမပြုကြဖို့ KNDF ကထုတ်ပြန်ထားတာရှိပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လမ်းမှာတွေ့တဲ့ သူတွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေရှိသလို သတ်ဖြတ်တာတွေအထိ ပြုလုပ်နေတာ ရှိပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်အကြိုနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာဆိုရင်တော့ လမ်းသွားလမ်းလာသူတွေနဲ့ စစ်ဘေးရှောင် ပြည်သူ ၃၅ ဦးထက်မနည်းကို စစ်ကောင်စီက လမ်းမှာ တားဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေရှိခဲ့ပါတယ်။

spot_img
spot_img