spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ၈ ရက်အတွင်း လက်နက်ကြီးထိမှန်သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၄ ဦးရှိ

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ၈ ရက်အတွင်း လက်နက်ကြီးထိမှန်သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၄ ဦးရှိပါတယ်။

ကရင်နီပြည်မှာ ဇန်နဝါရီလ ၁ရက်နေ့ကနေ ၈ရက်နေ့အထိ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ ၃ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄ဦးအထိ ရှိနေတယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ရက်နေ့ညက မိုးဗြဲမြို့ ပွဲကုန်း ( ၁ ) ရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၆၀ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လာတာဖြစ်တယ်လို့ မိုးဗြဲPDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး

“လက်နက်ကြီးက သူ့ရဲ့ အိမ်ဘေးမှာ လာကျတာ။ ဝမ်းဗိုက် ထိသွားတာပေါ့နော်။ သူကလည်း အသက်ကြီးပြီဆိုတော့ မခံနိုင်တာလည်းပါတယ်။”

ဒါ့အပြင် ဇန်နဝါရီလ ၃ရက်နေ့မှာ လွိုင်ကော်မြို့ ဒေါမူကလားကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီတစ်ရက်တည်းမှာပဲ လွယ်ထွယ်ကျေးရွာမှာ ဒေသခံတစ်ဦး လက်နက်ကြီးထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့မှာပဲ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေမှာ လက်နက်ကြီးကျရောက်ပြီး အနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်စုမြာ သေဆုံးခဲ့သလို အရှေ့ဘက်ခြမ်းက အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးခဲ့ရတဲ့ ဒေါ်စုမြာကတော့ စစ်ရှောင်တဲအိမ်ထဲ အိပ်စက်အနားယူနေရင်း လက်နက်ကျထိခဲ့တာဖြစ်တယ်လို့ ဒေါ်စုမြာ ရဲ့ အမျိုးသားဖြစ်သူက ပြောပြပါတယ်။

ဒေါ်စုမြာ ရဲ့ အမျိုးသားဖြစ်သူ

“တဲရဲ့ ခေါင်းမိုးကနေ ဖောက်ပြီး ထိသွားတာ။ ပေါင် ကျိုးသွားပြီ သူပြောတော့ ကျနော့် သူ့ကို ဖက်ပြီး ဘားမဖြစ်ဘူး မကျိုးဘူး ကျနော် သူ့ကို ပြောတယ်။ ဒါပေမယ့် သူ သွေးထွက် တအားများတော့ အသက်ဆုံးသွားတယ်။ “

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးသူ (၂၉၃) ဦးရှိပြီး လက်နက်ကြီးထိမှန်သေဆုံးသူနဲ့ အသတ်ခံရသူတွေ အများဆုံးဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ဇန်နဝါရီလ ၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။