spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ စစ်ကောင်စီက ဘယ်လိုမြေမြုပ်မိုင်းတွေကို အသုံးများနေလဲ။

လူတွေရဲ့ ကိုယ်လက်အင်္ဂါသာမက အသက်ကိုပါ ဆုံးရှုံးနိုင်တဲ့ မြေမြုပ်မိုင်းဟာ ကရင်နီပြည်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နယ်မြေတွေမှာ အတွေ့များလာတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

ကရင်နီပြည်တွင်းမှာ ဘယ်လိုမြေမြုပ်မိုင်းတွေကို ထောင်ထားတာတွေရှိလဲ။

မြေမြုပ်မိုင်းအမျိုးအစားဖြစ်တဲ့ M 14 နဲ့ MM 2 အမျိုးအစား မြေမြှုပ်မိုင်းတွေကို တွေ့ရှိရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ( AI ) အဖွဲ့က ၂၀၂၂ခုနစ် ဇူလိုင်လ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ကောင်စီတွေက တပ်စွဲထားခဲ့တဲ့နေရာတွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာတွေရှိနေပါတယ်။ ဒီလိုမိုင်းတွေဟာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မိုင်းအမျိုးအစားတွေသာဖြစ်ပါတယ်။

M 14 နဲ့ MM 2 က ဘယ်လိုပုံစံမျိုးလဲ။

နင်းမိုင်းလို့ခေါ်တဲ့ M 14 ဟာ ပလတ်စတစ်မိုင်းလို့လည်း ခေါ်ကြပါတယ်။ ၉၆.၈ ဂရမ်အလေးချိန်ရှိပြီး ပေါက်ကွဲဖို့အတွက် ပေါင်ချိန် ၂၀ကနေ ၃၀အတွင်းက ဖိအားတွေလိုအပ်ပါတယ်။

M 14 မြေမြုပ်မိုင်းနင်းမိသူဟာ နင်းမိတဲ့နေရာကနေစပြီး ၁၀လက်မအထက်အထိ ထိခိုက်စေနိုင်ပါတယ်။ ၂၀၀၈ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သေးငယ်ပေါ့ပါးတဲ့အတွက် အသုံးများကြပါတယ်။

MM 2 မြေမြုပ်မိုင်းဟာ စုစုပေါင်း အလေးချိန် ၆၅၀ ဂရမ် ရှိပြီး ပေါက်ကွဲဖို့အတွက် ပေါင်ချိန် ၁၀ပေါင်ကနေ ၂၀ပေါင်အတွင်း ဖိအား လိုအပ်ပါတယ်။ ၁၉၉၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံထုတ်ကို ပုံစံယူ အဆင့်မြှင့်တင်ထားပါတယ်။

မိုင်းတက်နင်းမိသူဟာ သွေးထွက်လွန်ပြီး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ပေါက်ကွဲတဲ့နေရာရဲ့ ၅မီတာပတ်လည်အတွင်းဆိုရင် ထိခိုက်ဒဏ်ရာ ပြင်းထန်နိုင်ပါတယ်။

လက်ရှိ ဘယ်နေရာတွေမှာ အတွေ့များလဲ။

ကရင်နီပြည်တွင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတဲ့ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော် မြို့နယ်တွေထဲက ကျေးရွာပေါင်း ၂၀လောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ( AI ) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိုးဗြဲမြို့ကနေ ဖရူဆိုမြို့ကို ဆက်သွယ်ထားတဲ့လမ်းမကြီး တစ်လျှောက်မှာ အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။

လူနေအိမ် ခြံဝင်းတွေထဲ၊ နေအိမ် အဝင်ပေါက်၊ အိမ်သာအနီးလို နေရာတွေနဲ့ ကျေးရွာကနေ တောင်ယာသွားတဲ့လမ်းတွေမှာ ထောင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ဇွန်လ နောက်ပိုင်းကစပြီး ကရင်နီပြည်တွင်းမှာ မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူ အရပ်သား ၂၀ဦး ရှိသွားပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ရဲ့ မှတ်တမ်းအရ သိရပါတယ်။

မြေမြုပ်မိုင်းတွေကို ဘယ်လိုရှင်းလင်းနေရလဲ။

၂၀၂၁ခုနစ်နောက်ပိုင်းကစပြီး ပိုမိုအတွေ့များလာနေတဲ့ မြေမြုပ်မိုင်းတွေကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှင်းလင်းနေကြပါတယ်။

မိုင်းရှာဖွေရေးကိရိယာတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်တဲ့အတွက်လည်း ထိရောက်တဲ့ ရှင်းလင်းမှုအထိ ပြုလုပ်နိုင်မှု အားနည်းနေသေးပါတယ်။

ကျေးရွာအတွင်းထောင်ထားတဲ့ မိုင်းတွေကိုလည်း ဒေသခံတွေကိုယ်တိုင်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းလင်းနေရတာတွေလည်း ရှိပါတယ်။

နိုင်ငံတကာကနေ M 14 နဲ့ MM 2 မြေမြုပ်မိုင်းတွေကို အသုံးပြုခွင့် ပြုထားလား။

ကရင်နီပြည်တွင်းမှာ အတွေ့များနေတဲ့ M 14 နဲ့ MM 2 အမျိုးအစား မြေမြှုပ်မိုင်းနှစ်မျိုးစလုံးဟာ လူတွေကို ထိခိုက်ဒဏ်ရာနဲ့ သေဆုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာသဘောတူညီစာချုပ်အရကော နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေတွေအရပါ အသုံးမပြုဖို့ ပိတ်ပင်ထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေ အသုံးပြုနေသေးတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နိုင်ငံအဆင့်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ နိုင်ငံတကာမြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine Monitor ရဲ့ မှတ်တမ်းတွေအရ သိရတယ်လို့ ( AI ) အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ကိုးကား – အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ( AI ) အဖွဲ့၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG၊ NUG ကာကွယ်ရေးဝန်ကြီးဌာန။

spot_img
spot_img