spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ IEC ဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) အတွင်းရေးမှူး ( ၂ ) ဦးဗညားက ပြောပါတယ်။

အဲဒီလိုဆောင်ရွက်နိုင်ဖို့ လက်ရှိမှာ IEC ရဲ့ ဌာန ၁၂ ခုထဲက လူ့အခွင့်အရေးဌာနကို ဖွဲ့စည်းပြီး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်လက်ရှိအချိန်မှာတော့ NUG မှာရှိနေတဲ့ ကျနော်တို့ NUG ရဲ့ လူ့အခွင့်အရေးဌာနနဲ့ ကျနော်တို့ စတင်ပြီးတော့ ချိတ်ဆက်မှုပြုလုပ်နေပါပြီ။ အဲဒီတော့ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ ပြည်နယ်အဆင့်မှာ လုပ်နိုင်တဲ့အပိုင်းတွေကိုတော့ ဒီဌာနကနေ နောက်ပိုင်းကျရင် တိတိကျကျ ကျနော်တို့ ဆက်လုပ်သွားဖို့ရှိတယ်။ ပြီးတော့ ဒီဌာနအနေနဲ့လည်း ပြည်ထောင်စုအဆင့်မှာရှိနေတဲ့ ဝန်ကြီးဌာနတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတကာမှာ ကျနော်တို့ တရားဥပဒေကြောင်းအရ ကျနော်တို့ သွားနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့အတူတကွရှာဖွေမယ်။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာတွေ၊ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ရှိနေပါတယ်။

အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပါအသုံးပြုပြီး ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီက များစွာကျူးလွန်ထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘာသာရေး အဆောက်အအုံတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်တယ်။ လေကြောင်းတွေနဲ့ တိုက်ခိုက်တယ်။ နောက်ပြီးတော့ ဘာသာရေးအဆောက်အအုံတွေ သာမက စာသင်ကျောင်းတွေ ဆေးခန်းတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တယ်ပေါ့နော။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လက်နက်ကြီးပစ် တိုက်ခိုက်တာတွေ နောက်ပြီးတော့ ဒီလို မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီကနေပြီးတော့ ဒါစစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပေါ့နော။” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာကတော့ ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတချို့ကို နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ တင်သွင်းထားတာရှိတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ကျနော်သိသလောက် ဖြစ်စဉ်တွေထဲမှာတော့ မိုဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နှစ်နေရာတင်ထားပါတယ်။ သြစတေးလျမှာတစ်ခုတင်ထားတယ်။ ဒါက NUG ကနေ ဦးဆောင်ပြီးတော့မှ ပူးပေါင်းလုပ်တဲ့ ဖြစ်စဉ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ ဂျာမနီမှာပါ။ ဂျာမနီမှာကတော့ ဖြစ်စဉ်တစ်ခုမကဘူးပေါ့နော။ ကျနော်တို့ ပြည်နယ်ရဲ့ တော်တော်များများ ဖြစ်စဥ်တွေပါဝင်တဲ့ ကျနော်တို့ ဖိုင်နဲ့ပေါ့။ ဖိုင်နဲ့ တင်သွင်းခြင်းဖြစ်ပါတယ်။ ကရင်နီ ဖြစ်စဉ်နဲ့ပတ်သက်ရင်တော့ သြစတေးလျမှာ တစ်ခု တင်ထားတာရှိတယ်။ ဂျာမနီမှာတစ်ခု တင်ထားပါတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ လူထုတွေ လူ့အခွင့်အရေးချိုးဖောက်မှုခံရပါက IEC ထံ တိုင်ကြားနိုင်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ IEC အနေနဲ့ လူသားချင်း စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန အပါအဝင် ဌာန ၇ ခုကို စတင်စုဖွဲ့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ သြဂုတ်လ ၆ ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးကြေညာထားပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ မိုဆိုက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိတဲ့သူအဖြစ် EU ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ အရေးယူ ဒဏ်ခတ်ထားတဲ့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ရဲချုပ်ရာထူးအပြင် ပြည်ထဲရေး ဒု-ဝန်ကြီးရာထူးကိုပါ ပူးတွဲခန့်အပ်ထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts