spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း လက်နက်ကြီးကြောင့် သေဆုံးတဲ့ အရပ်သား ၁၀၀ ကျော်ရှိ

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပဋိပက္ခ သုံးနှစ်အတွင်း ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃၆ ဦး နဲ့ ဒဏ်ရာရရှိသူ ၁၇၇ ဦး ရှိနေပါတယ်။ ဒီအချက်အလက်တွေဟာ ကောက်ယူထားနိုင်တဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာတော့ အဲ့ဒီထက် ပိုများနေပါတယ်။

အဲ့ဒီအထဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်လိုက်တဲ့ ၁ လေးလုံးစစ်ဆင်ရေးအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသူ အများဆုံးဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် တစ်နှစ်အတွင်း ကောက်ယူထားတဲ့ စာရင်းအရ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၉၇ ဦးအထိရှိနေပါတယ်။

၂၀၂၃ခုနှစ်အတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူသေဆုံးတဲ့စာရင်းဟာ ၂၀၂၂ ခုနှစ်ကထက် နှစ်ဆကျော် ပိုများနေပြီး လွိုင်ကော်မြို့နယ်က အများဆုံးနဲ့ ၇၃ ဦးရှိပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ဟာ သုံးနှစ်အတွင်း တိုက်ပွဲအတွင်းသာမက အရပ်သားရှိတဲ့နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက စစ်ဖြစ်တဲ့ နေရာတွေသာမက စစ်မဖြစ်တဲ့ နေရာတွေမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေရှိပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေ စစ်ရှောင်စခန်းတွေကို ပစ်တာတွေကတော့ ဒါဒီသုံးနှစ်ကာလအတွင်းမှာ အမြဲတမ်းဖြစ်သွားတဲ့ အရာတွေပါ။”လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နေ့စဥ်ညတိုင်း လက်နက်ကြီးနဲ့ လေယာဥ်ဗုံးကြဲမှုဒဏ်တွေကို ကြောက်လန့်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာတော့ လက်နက်ကြီးတွေ လေယာဉ်တွေ စိုးရိမ်ပူပန်မှုတော့ရှိတာပေါ့။ ဘယ်လိုမျိုးလဲဆိုတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ လေယာဉ်တွေကြဲတာမလုပ်ဘဲနဲ့ တခါတလေ ပြည်သူတွေရှိတဲ့နေရာတွေကို လေယာဉ်တွေကြဲတာတို့ လက်နက်ကြီးပစ်တာတို့ ရှိတယ်လေနော။ ပြည်သူတွေကတော့ စိုးရိမ်ပူပန်ကြတယ်။ လက်နက်ကြီးပစ်ခတ်တာကတော့ ၂၀၂၂၊ ၂၀၂၃ခုနှစ်မှာ ပစ်တာအများဆုံးလို့ ပြောလို့ရတယ်ပေါ့နော။ စစ်ကောင်စီက ပြည်သူတွေရှိတဲ့နေရာကို လေယာဉ်တွေ လက်နက်ကြီးတွေ ဦးတည်ပြီးတော့ ပစ်ခတ်တာအများဆုံးရှိခဲ့တာကို တွေ့ခဲ့ရတယ်။ အခု ၂၀၂၄ခုနှစ်ကတော့ သိပ်မကြားရဘူးပေါ့နော။” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီး ၃နှစ်အတွင်း ကရင်နီပြည်မှာ အရပ်သားတွေ သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရတာ အများဆုံးဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးတာကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးတာ၊‌ မြေမြှုပ်မိုင်းကြောင့် သေဆုံးတာတွေလည်း ရှိပါတယ်။ ကရင်နီပြည်ရဲ့ နေရာတော်တော်များများမှာတော့ 60mm၊ 79.81mm၊ 120mm စတဲ့ လက်နက်ကြီးကို စစ်ကောင်စီက အများဆုံးအသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

spot_img
spot_img