spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ ဇန်နဝါရီလ တစ်လအတွင်း တိုက်ပွဲ (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပေါင်း (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကော်စီဖက် (၂၂)ဦး သေဆုံးခဲ့သလို KNDFမှရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ (ဖေဖော်ဝါရီ ၃ရက်နေ့ ) မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့သလို လက်ရှိအချိန်ထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင် တိုက်ပွဲနေ့တိုင်းဖြစ်ပါတယ်။ စစ်ကြောင်းထိုးပြီးတော့၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ထိတွေ့တိုက်ပွဲတွေကတော့ နေ့တိုင်းရှိပါတယ်။ “ လို့ KNDFသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ဒီးမော့ဆိုအရှေ့ဖက် စံပြ (၆)မိုင်ဖက်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇရပ်ဖြူကျေးရွာနဲ့ နန်းဟူတွေကျေးရွာတွေအထိ ဆက်လက် စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလအတွင်းမှာပဲ ဒီးမော့ဆိုအပြင် လွိုင်ကော်အရှေ့ဖက်ခြမ်း နဲ့ ရှားတောမြို့နယ် နယ်စပ်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့သလို ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ မယ့်စလောင်းတောင် စခန်း သိမ်းပိုက်ခဲ့တာတွေလည်း ရှိပါတယ်။

ဒါ့အပြင် ဇန်နဝါရီ တတိယအပတ်မှာ လွိုင်ကော်မြို့၊ တီးလုံကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်ရေးအပြင် လေကြောင်းစစ်ဆင်ရေးပါ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ မြို့နယ်လေးခုကို ဖေဖော်ဝါရီ ၂ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ KNDFသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ စစ်ကောင်စီကတော့ သူတို့ရဲ့ အကြမ်းဖက် နယ်မြေရှင်းလင်းရေးကို သူတို့ဆက်လုပ်မယ့် ပုံစံမျိုးရှိတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ သူတို့ စစ်ကြောင်းအလုံးအရင်းနဲ့ ထိုးမယ့် ပုံစံမျိုးလို့ ကျနော်တို့ ယူဆရတယ်ပေါ့နော။ အဲ့ကြောင့်မလို့ ထိတွေ့တိုက်ပွဲတွေပေါ့နော ရင်ဆိုင်တိုက်ပွဲတွေကတော့ ဖြစ်လာနိုင်ချေပိုများတဲ့ အနေအထားဖြစ်ပါတယ်။ “ လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ ကင်းပုန်းစခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ ၊ ရှေ့တန်းစခန်း တွေ၊ စစ်ကြောင်းတွေကိုလည်း ရှောင်တခင်တိုက်ခိုက်တာ၊ ပျောက်ကြားတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မြို့နယ်လေးခုက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ် (၅) လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်း ၊ စေတီတစ်ဆူ တို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁)ဦး လက်နက်ကြီး ကြောင့် သေဆုံးခဲ့ရသလို (၅) ဦးဒဏ်ရာရခဲ့တယ်လို့ KNDFထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts