spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ ပြုလုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ ဆန့်ကျင်သွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြုလုပ်ခွင့်ပေးမှာမဟုတ်ပဲ ဆန့်ကျင်သွားမယ်လို့ တော်လှန်ရေးအင်အားစုကနေ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF) ကနေ လူထုဆန္ဒမပါဝင်တဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ပြည်နယ်တွင်း ပြုလုပ်ခွင့်ပေးမှာမဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်မှန်သမျှကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “လုပ်ခဲ့ပြီးသွားတဲ့ ရွေးကောက်ပွဲကို ရလဒ်တွေလက်မခံပဲနဲ့ သူတို့အာဏာသိမ်းတာ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ သူတို့ ပြန်ကြိုးစားတာပေါ့နော။ ကြိုးစားတဲ့အခါမှာလည်း ပွင့်လင်းဆုံးပြောရရင် တကယ်စစ်မှန်တဲ့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေ တကယ့်ပြည်သူလူထုကို အစေခံမယ့် ပါတီတွေက ဒီရွေးကောက်ပွဲမှာ ပါလာမှာ မဟုတ်တာတော့ သေချာတယ်။ အဲဒီလိုမျိုးပေါ့နော။ ဆိုတော့ အဲဒီလိုအခြေအနေတစ်ခုမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဘယ်နေရာမှာမဆိုပေါ့နော။ ကျနော်တို့ ကရင်နီပြည်တွင်းက နေရာတိုင်းပေါ့ဗျာ။ နေရာတိုင်းမှာရှိတဲ့ လူထုတွေအနေနဲ့ ဒီရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းဆောင်တာတွေကိုပဲဖြစ်ဖြစ် တစ်စုံတစ်ခုပဲဖြစ်ဖြစ် ဘယ်အရာကိုမှ ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြဖို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်က နေရာတချို့တွေမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကနေ လူဦးရေစာရင်းကောက်ခံနေတာကို ဇန်နဝါရီလအတွင်းမှာ ဆောင်ရွက်နေကြပါတယ်။

အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ ပြည်သူလူထုတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းချက်လေးချက်ကို ထည့်သွင်းထားပြီး ထုတ်ပြန်ချက် အချက်အလက်တွေကို လိုက်နာပေးကြဖို့ ၎င်းက ဆက်လက်တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေမှု ကြိုးပမ်းတဲ့ လှုပ်ဆောင်ချက်မှန်သမျှကို ပါဝင်ပူးပေါင်းခြင်းမပြုလုပ်ကြပါနဲ့ပေါ့နော။ လုပ်ခဲ့ရင်တော့ ခုဏကပြောတဲ့ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေက သူတို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက သူတို့ရဲ့ နည်းနာတွေနဲ့အညီ အရေးယူဆောင်ရွက်ခြင်းပြုလုပ်ပါလိမ့်မယ်။ အဓိကကတော့ဗျာ။ ခုဏကပြောတဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေကို လိုက်နာပေးကြပါပေါ့။” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက အခုလိုပြောပါတယ်။

စစ်ကောင်စီမှ ရွေးကောက်ပွဲပြင်ဆင်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း လူဦးရေစာရင်းများ ကောက်ခံခြင်း၊ ကြိုတင်မဲများကောက်ယူခြင်း၊ စည်းရုံးဟောပြောခြင်း၊ တာဝန်ပေးအပ်ခြင်းစတဲ့ လုပ်ဆောင်မှုတွေကို ငြင်းဆန်ပြီး မပူးပေါင်းကြရန်၊ တစ်သီးပုဂ္ဂလသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း နိုင်ငံရေးပါတီဖွဲ့စည်း၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း လုံးဝ( လုံးဝ ) မပြုလုပ်ကြရန်၊ ကရင်နီတစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်မှန်သမျှကို ပိတ်ပင်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရ၊ ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆောင်ရွက်မှုတွေကို တွေ့ရှိပါက မိမိတို့ တော်လှန်ရေးအင်အားစုကနေ ကျင့်ဝတ်နည်းနာတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီကနေ ရွေးကောက်ပွဲမဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပြီး ၎င်းတို့ရဲ့အာဏာဆက်လက်တည်မြဲရေးအတွက် ရွေးကောက်ပွဲလမ်းစဉ်အပါအဝင် နည်းလမ်းပေါင်းစုံ နဲ့ ကြိုးစားအားထုတ်လျက်ရှိနေပါတယ်။

၂၀၂၃ခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်သက်ဆိုးရှည်စေရန် ကြိုးပမ်းနေတဲ့ အတုအယောင်ဆောင်ရွက်မှုတစ်ခုသာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts