spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီပြည်မှာ လွတ်လပ်နေတဲ့ သစ်ရွက်ကလေး”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“အရာအားလုံးဟာ တိတ်ဆိတ်နေတယ်၊ ငြိမ်းချမ်းနေတယ်၊ ဒါကြောင့် ငြိမ်းချမ်းချင်ရင် ဝိ သောက်ပါ ဝိ သောက်ပြီးရင် အရာအားလုံးဟာ slow motion (အနှေးပြကွက်)တွေဖြစ်သွားတာပါဘဲ”
ဒီစကားကတော့ ဝိ လို့ ခေါ်ကြတဲ့ ဆေးခြောက်ကို အမြဲပုံမှန်သောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောနေကြစကားလေးပါ။

Marijunna ခေါ် Weed (သို့) ဆေးခြောက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက အာရှဒေသမှာ တည်ရှိခဲ့တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ နိုင်ငံအသီးသီးရဲ့ မတူညီသော ယဉ်ကျေးမှုတွေကြားမှာ တချို့ကတော့ ဝိ (ခေါ်) ဆေးခြောက်ကို ဆေးဖက်ဝင်မှုနဲ့ အပန်းဖြေမှုအတွက် အသုံးပြုကြတာရှိပါတယ်။

တစ်ချို့က ဆေးဖက်ဝင်တဲ့အပင် အပြင်၊ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးခြောက်လို့ သတ်မှတ်ထားကြပေမဲ့ တစ်ချို့က မူးယစ်ဆေးဝါး တစ်မျိုးလို့ပဲ သတ်မှတ်ထားကြတာပါ။

လက်ရှိကရင်နီပြည်နယ်မှာဆိုရင်လဲ Weed (ဝိ) ခေါ် ဆေးခြောက်ကို အများအပြားသုံးစွဲလာကြပါတယ်။ ဒီးမော့ဆိုမြို့ နယ် အနောက်ဘက်ခြမ်း မှာတော့ အိမ်နေရင်း သုံးသလို အပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့ စားသောက်တဲ့ အခါမှာလည်း အသုံးပြုနေကြတာကို နေရာတော်တော်များများမှာ တွေ့မြင်ရပါတယ်။

အထူးသဖြင့် လူငယ်များ ရဲဘော်တွေသာမက စစ်ရှောင်တွေလဲ ပါဝင်ကြပါတယ်။။

ဆေးခြောက်ကို နိုင်ငံအချို့မှာတရားဝင်အသုံးပြုခွင့်ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ပိတ်ပင်ထားပါတယ်။ ၂၀၁၉ ခုနှစ်တွင် ဆေးခြောက်တရားဝင် အသုံးပြုနိုင်ဖို့အတွက် လူငယ်တစ်စုဟာ ဆန္ဒပြခဲ့ကြပေမဲ့ အဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးကာလတွေမှာတော့ တိုက်ပွဲတွေပြင်းထန်ပြီး အုပ်ချုပ်ရေးစနစ်တွေ အသက်မဝင်တော့တဲ့ ကရင်နီပြည်နယ်က တချို့သောနေရာတွေမှာ ထိန်းချုပ်သူမရှိပဲ ဆေးခြောက် ကိုလွတ်လပ်စွာ အသုံးပြုလာကြတာပါ။

ဆေးခြောက်အသုံးပြုခြင်းကို ထောက်ခံအားပေး သူတွေရှိသလို သဘောမကျသူတွေလဲ ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာဆိုရင် ဆေးခြောက်ပင်တွေကို မိမိခြံထဲမှာ စိုက်ပျိုးထားသူတွေအများကြီးရှိပါတယ်။ ခေတ်ကောင်းချိန်မှာ စိုက်ပျိုးတာ၊ အသုံးပြုတာတွေရှိခဲ့ရင် အဖမ်းခံရနိုင်ပေမဲ့ အခုကာလမှာတော့ လွတ်လပ်စွာစိုက်ပျိုးလာအသုံးပြုလာနေကြပါတယ်။

“သောက်လိုက်ရင် သူက ဦးနှောက်အတွေးအခေါ်မြင့်စေတယ်။ နောက်ပြီးရန်လိုစိတ်တွေမရှိတော့ဘူး။ လူမှုဆက်ဆံရေးကောင်းစေတယ်။ အိပ်လို့ကောင်းတယ်။ စားလို့ကောင်းတယ်။ အလုပ်လုပ်လို့ကောင်းတဲ့ အမျိုးအစားရှိတယ်။ အလုပ်လုပ်လို့မကောင်းတဲ့အရာတွေရှိတယ်။ အမျိုးအစားအပေါ်မူတည်ပြီးတော့ပေါ့။ ဆေးခြောက်သောက်လို့စိတ်မကြွလာဘူး။ သွေးအေးပြီး အေးအေးဆေးဆေးပဲနေချင်တဲ့မျိုး မသောက်ရလဲကိစ္စမရှိဘူး” လို့ ဆေးခြောက်သုံးစွဲသူ တယောက်ဖြစ်တဲ့ ငထက်(အမည်လွဲ) ကပြောပါတယ်။

ဆေးခြောက်ကို သုံးစွဲခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို တခဏတာ ဖြေလျော့ မှုတွေဖြစ်စေဖို့ အတွက် သုံးစွဲကြသူတွေများပါတယ်။ ဒါပေမဲ့လည်း တဖက်မှာလည်း ဆေးဘက်ဆိုင်ရာ အရကြည့်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေရှိနေတယ်လို့ hello sayawon (ဟလိုဆရာဝန်) ရဲ့ ဆေးဘက်ဆိုင်ရာ အသိပညာပေး ဆောင်းပါးမှာဖော်ပြထားပါတယ်။ ဖြစ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေကတော့
ကုန်ဆုံးသွားတဲ့ အချိန်ကာလကို မမှန်းဆနိုင်ခြင်း၊ တွေးချင်ရာ လျှောက်တွေးနေတတ်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း ၊ လတ်တလောကိစ္စတွေကို မေ့လွယ်ခြင်းစ တဲ့ လက္ခဏာတွေကို ဖြစ်စေတတ်ပြီး ဆေးခြောက်သုံးစွဲအပြီး နာရီပိုင်းအတွင်းမှာ ပျက်ပျယ်သွားလေ့ရှိတယ်လို့ အဆိုပါ ဆောင်းပါးမှာဖော်ပြထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ မှာ ဆိုးရွားတဲ့ ရလဒ်တခုအနေနဲ့ စိတ်ကျရောဂါတွေဆီကို ဦးတည် သွားတာကြောင့် မလိုလားအပ်တဲ့ မိမိကိုယ်ကို အဆုံးစီရင်ချင်စိတ်တွေကို နိုးဆွပေးစေတယ်လို့ လည်း ဖော်ပြထားပါတယ်။

တစ်ချို့ဒေသခံတွေဟာလည်း ဆေးခြောက်ဟာ လူတွေကို ဆိုးကျိုးဖြစ်စေနိုင်တယ်ဟုဆိုကြပြန်ပါတယ်။

“သူကဆေးလိပ်လိုဘဲလေ ဘယ်လောက်ဘဲကောင်းတယ်ပြောပြော အငွေ့ထွက်ရင် အဆုတ်ကို ထိခိုက်စေတာဘဲလေ စျေးကလဲကြီးသေးတယ် မသောက်သင့်ပါဘူး ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

Hello sayawon ရဲ့ ဆောင်းပါးမှာ ဖော်ပြထားချက်အရတော့ ဆေးခြောက်သုံးခြင်းဟာ တခြားသောမူးယစ်ဆေးတွေနည်းတူ စွဲတတ်ပြီး၊ သုံးစွဲသူမှာ နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ သွေးပေါင်ကျတတ်တဲ့ ရောဂါ ရှိနေရင် အန္တရယ်ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင်အမျိုးသားတွေမှာ ကျားဟော်မုန်း ပမာဏကိုလျော့ကျစေတဲ့ အတွက် လိင်စိတ်လျော့နည်းတာတွေ၊ မျိုးမအောင်တာတွေဖြစ်စေနိုင်တယ်လို့ ဆိုထားပါသေးတယ်။

အာဏာမသိမ်းခင်ကာလမှာဆိုရင် ကရင်နီပြည်နယ်မှာ ဆေးခြောက်ဟာ သာမန်သူတွေအဖို့ ကြားဖူးရုံသာဖြစ်တဲ့အပြင် အသုံးပြုသူလည်း နည်းပါးသေးတယ်။ အခုကာလမှာတော့ ဆေးခြောက်ကို ပေါ်ပေါ်ထင်ထင်အသုံးပြုကြတဲ့အပြင် အချို့သောစျေးဆိုင်တွေမှာတောင် ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပါတယ်။

Weed (ဝိ) မှာလည်းအမျိုးအစား၊အမျိုးအမည်ပေါင်း မြောက်များစွာရှိပါတယ်။ ကရင်နီပြည်မှာတော့ Jade, Mango, Purple, Orange, Memory Cave, AK 47 စတဲ့ အခေါ်အဝေါ်တွေနဲ့ Weed ဆေးခြောက် အမျိုုးအစားတွေက သုံးစွဲသူများပါတယ်။

ဆေးခြောက်ပင်တွေကို ကိုယ်တိုင်မျိုးပွားမယ်ဆိုရင်လည်း မျိုးစေ့တစ်စေ့ကို ကျပ် (၄) သောင်း ကစလို့ (၁)သိန်းကျော်အထိ စျေးအမျိုးမျိုးရှိတယ်လို့ ကရင်နီ တစ်နေရာက Weed စိုက်ပျိုးနေသူ ခွန်ဆာ( အမည်လွဲ)က အခုလိုပြောပါတယ်။

“မျိုးစေ့က အမျိုးအစားပေါ်မူတည်ပြီး တစ်စေ့ကို ၄သောင်းကနေသိန်းကျော်တန်တွေအထိရှိတယ်။ စိုက်ရင် တစ်ချို့ဆို ၃လလောက်ဆိုရပြီ တစ်ချို့က ၆ လထိစောင့်ရတယ်။ ပြီးတော့ သူက ရိုးရိုးမြေနဲ့မစိုက်ဘဲ အရိုးဆွေးတွေ အုံးခွန်တွေ အမှုန့်ကြိတ်ပြီးစိုက်ရင် ပိုကောင်းတယ်” လို့ ခွန်ဆာ(အမည်လွဲ) ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၂ ကစပြီးဆေးခြောက်ကို တရားဝင်အသုံးပြုနေကြပါတယ်။ ထိုင်းနိုင်ငံနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကရင်နီပြည်မှာဆိုရင်လဲ ဆေးခြောက်တွေပြန့်နှံ့လာရခြင်းကလဲ ထူးဆန်းတဲ့အရာ တစ်ခုမဟုတ်တော့ပါဘူး။ သို့သော် တရားဝင်အသုံးပြုခွင့် ရှိလား၊မရှိလားအပေါ် မေးခွန်းထုတ်စရာတစ်ခုဖြစ်နေပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၊ တနည်းအားဖြင့် ကရင်နီပြည်အစိုးရ ကတော့ ဝိ (Weed) သုံးစွဲမှု၊ စိုက်ပျိုးမှု၊ ရောင်းချမှုတွေနဲ့ ပါတ်သက်ပြီး တစ်စုံတစ်ရာ သဘောထားထုတ်ပြန်ချက်တွေမရှိသေးပါဘူး။

ပြစ်မှုဆိုင်ရာ တရားသူကြီး ဖြစ်တဲ့ စောဒေးလိုက “KSCC ဒါမှမဟုတ် ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီက အမိန့်ညွန်ကြားစာနဲ့ ထုတ်ပေးရင် ဆေးခြောက်သုံးတဲ့သူတွေကို ဖမ်းလို့ရတယ်” လို့ ပြောပါတယ်။

လက်ရှိကရင်နီပြည်ရဲ့ နိုင်ငံရေး အခြေအနေ၊ စစ်ရေး အနေအထားတွေအရ ကရင်နီပြည်ရဲ့ တာဝန်ရှိသူ၊ အစိုးရများဟာ ထို Weed ကို တရားဝင်အသုံးပြုခွင့်ပြုနေတာလား ဒါမှမဟုတ် Weed ကို နေရာအနှံ့အသုံးပြုနေတာကို မသိသေးတာလား သတိမထားမိသေးတာလားဆိုတဲ့ မေးခွန်း မေးစရာမျိုးရှိနေပါတယ်။

လက်ရှိမှာကရင်နီပြည်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့အဖွဲ့အစည်းမရှိသလို ပိတ်ပင်ထားတဲ့အဖွဲ့လဲ မရှိပါဘူး။

ဒီဆောင်းပါးဟာ Weed ရဲ့ကောင်းကျိုးကို ဆိုလိုတာမဟုတ်သလို Weed ရဲ့ ဆိုးကျိုးကို ထောက်ပြနေခြင်းလည်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း မကြာသေးမီက တရားဝင်ကြေညာလိုက်တဲ့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ တာဝန်ရှိသူတွေဟာ ကရင်နီပြည်မှာ လွတ်လပ်နေတဲ့ သစ်ရွက်ကလေးအတွက် အစီအစဥ်တစ်ခုရှိနေလိမ့် မယ်လို့ ထင်မြင်မိပါတယ်။

spot_img
spot_img

Recent posts