spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ မိုဆိုဖြစ်စဉ်ဟာ အဆိုးဝါးဆုံးလူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အထဲ အဆိုးဝါးဆုံးကတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်မှာဖြစ်ခဲ့တဲ့ အရပ်သား ၄၀ကျော်လောက်ဖမ်းဆီးခံရပြီး မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ပဲလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ယမန်နေ့(ဒီဇင်ဘာလ ၁၀ရက်နေ့) က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

“ ကျနော့်အနေနဲ့ကတော့ မိုဆို ဖြစ်စဉ် ကိုတော့ ကျနော်တို့ မေ့လို့မရတဲ့ ကရင်နီသမိုင်းတစ်ခုပေါ့နော။ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံး သမိုင်းတစ်ခု ရဲ့ သမိုင်းကြောင်း ကျနော်တို့ သိဖို့လိုအပ်တယ်။ ဒီဟာက ကြည့်လိုက်မယ်ဆိုရင် သေဆုံးသူထဲမှာဆိုရင် ကလေးတွေပါတယ်။ သက်ကြီးရွယ်အိုတွေပါတယ်။ ပရဟိတ လုပ်နေတဲ့ humanitarian ပေါ့နော လုပ်နေတဲ့ သူတွေပါတယ်။ တကယ့်ကို ပုံမှန်စျေးရောင်း စျေးဝယ်နေတဲ့ အမျိုးသားတွေ အမျိုးသမီးတွေပါတယ်။ သူတို့ပုံစံကို ကျနော်တို့ ကြည့်တဲ့ချိန်မှာ ပုံစံအမျိုးမျိုး ပြန်စီစစ်တဲ့အချိန်မှာ ဘာတွေ့ရလဲဆိုတော့ သေချာတာတစ်ခုကတော့ သူတို့ ဖမ်းဆီးခြင်းအရင်ခံရတယ်။ ပြီးရင် နှိပ်စက်ခြင်းခံရတယ်။ “ လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် အနည်းဆုံး စစ်တမ်းအရ သေဆုံးသွားသူ ၂၆၀ဦးထဲ ၈၆ဦးနီးပါးက ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းကာလအတွင်း လူထုတွေအနေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရပါတယ်။ လူဦးရေ ၂သိန်းလောက်ကလည်း အာဏာသိမ်းပြီးတိုက်ပွဲစတင်ဖြစ်ပွားတဲ့ တစ်နှစ်ကျော်ကာလအထိ နေရပ်ပြန်လို့မရသေးပဲ စစ်ဘေးဒုက္ခသည် အဖြစ်နေထိုင်နေရပါတယ်။

ကရင်နီပြည်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဘယ်လောက်အထိရှိနေမှ နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကနေ ကျူးလွန်သူတွေကို အရေးယူပေးနိုင်မလဲလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက မေးခွန်းထုတ်လိုက်ပါတယ်။

“ ကျနော်တို့ ကရင်နီပြည်နယ်ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့တဓူဝ ကြုံတွေ့နေရတဲ့ဟာ က အားလုံးအတွက်ပေါ့နော။ နိုင်ငံတကာ UNဖြစ်စေ လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်စေ ကျနော်တို့ လူတွေသေတာ မလောက်သေးဘူးလား။ ကျနော်တို့ အိုးအိမ်မီးရှို့ခံရတာ နည်းသေးလားပေါ့။ကျနော်တို့ လူထုတွေ ထွက်ပြေးနေရတယ်။ တစ်ဝက်ကျော်ကျော်ထွက်ပြေးနေရတယ်။ အလုပ်လက်မဲ့ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ နေ့တဓူဝ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံနေရတယ်။ ကျနော်တို့ ဒီဟာက နိုင်ငံတကာကနေ ဖြစ်စေ ဒီချိုးဖောက်တဲ့သူတွေအပေါ်မှာ တရားဥပဒေကြောင်းအရဖြစ်စေပေါ့။တွန်းအားပေးတာဖြစ်နေ အရေးယူမှုဖြစ်စေ လုပ်နိုင်ဖို့အတွက်က မလုံလောက်သေးဘူးလားပေါ့။ ကျနော်တို့ ဘယ်လောက်အထိ ထပ်ပြီးတော့မှ သေပေးရဦးမှာလဲ။ ကျနော်တို့မျိုးဆက်တွေ ဘယ်လောက်ထိထပ်ပြီးတော့ ပျက်စီးပေးရဦးမှာလဲ ဆိုတဲ့ မေးခွန်းပဲ ကျနော်မေးချင်ပါတော့တယ်။ “ လို့ ဦးဗညား ဆိုပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၁၀ရက်နေ့ဟာ ၇၄ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး ကရင်နီပြည်တွင်းက နေရာတချို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတစ်နေရာမှာလည်း ယမန်နေ့က လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)နဲ့ ဒေသခံတွေ ပူးပေါင်း ကျင်းပခဲ့ပြီး အခမ်းအနားမှာ စစ်ရှောင်ကလေးတွေ အကနဲ့ ဖျော်ဖြေတင်ဆက်တာတွေ လည်း ဆောင်ရွက်ခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ အချက် ၃၀ ပါ လူ့အခွင့်အရေးကြေငြာစာတမ်းကို နိုင်ငံပေါင်း ၄၈ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts