spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း (၅၀)ခန့်ဖြစ်ပွား၊ စစ်ကောင်စီ (၁၁၀)ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲ့ နေရာအနှံအပြားမှာ ဩဂုတ်လတစ်လအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၅၀)ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က (၁၁၀)ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့ မြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှာ ဒု-ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၁၀၀ ကျော်သေဆုံးသလို ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကစပြီး ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီးမော့ဆိုမြို့နယ် နဲ့ ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စုလမ်းမကြီးဘေးက ကျေးရွာတွေဖြစ်တဲ့ ငွေတောင်ရွာသစ်၊ ကဒါးလား၊ ထီးသော်ကူး၊ ဒေါညေးခူ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အလားတူ ဖယ်ခုံမြို့နယ်ကနေ လွိုင်ကော်မြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အပြင် ဖယ်စဲ့မြို့နဲ့ ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာတာကြောင့် လေကြောင်းတိုက်ခိုက်မှု (၄၅)ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဖက်က သေဆုံးမှုများသလို KNDF တပ်ဖွဲ့ဝင် ၅ဦးလည်း ကျဆုံးခဲ့ရပြီး အမျိုးသား အာဇာနည်ရဲဘော်များအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုထားပါတယ်။

ဩဂုတ်လတိုက်ပွဲအတွင်း KNDF မှ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ငယ် (၁၅)လက်၊ လက်နက်ကြီး ၁ လက်အပါအဝင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDFက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့သလို နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ရပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts