spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ( KSCC ) ဖွဲ့စည်းပြီး နှစ်နှစ်ပြည့်တဲ့အချိန်အထိ ကရင်နီပြည်က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ပြီလို့ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ဧပြီလ ( ၉ )ရက်နေ့မှာ စစ်အာဏာရှင်ကို တော်လှန်တဲ့ အစုအဖွဲ့တွေ စုပေါင်းပြီး ကရင်နီပြည်က ကြားကာလအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို သက်ဆိုင်ရာအလိုက် ဆောင်ရွက်နိုင်ဖို့ လမ်းညွှန်ရန် KSCC ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေမှု အခြေအနေတွေကို ကန္တာရဝတီတိုင်း( မ် ) ကနေ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ( KSCC ) ကနေ ညီလာခံတစ်ခုကို ပြုလုပ်ခဲ့တယ် အဲဒီညီလာခံနောက်ပိုင်းမှာ ဘာတွေ ဆက်လက်ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ ကျနော်တို့ဒီ ဇန်နဝါရီလ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ( ၁၇ ) ကနေ၊ ( ၂၀ )အထိ ပထမဦးဆုံး ညီလာခံကို ကျနော်တို့ ကျင်းပပြုလုပ်ခဲ့တယ်။ ညီလာခံ ပြီးတဲ့နောက်မှာ ကျနော်တို့ ကြားကာလ အစီအမံရဲ့ လုပ်ပိုင်ခွင့်အရပေါ့။ ကျ‌နော်တို့ ဒီကောင်စီဝင်တွေကနေမှ ဒီ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌပေ့ါ။ ဥက္ကဌ နှစ်ဦးကို ကျတော်တို့ ရွေးချယ်ပေးခဲ့တယ်။ နောက်ပြီးတော့မှ ကျတော်တို့ ဒီ ကရင်နီပြည်နယ် အတိုင်ပင်ခံရဲ့ နှစ် နှစ်တာအတွင်းပေါ့နော၊ လုပ်ခဲ့တဲ့ လုပ်ငန်းစဥ်တွေ ပြန်သုံးသပ်တာတွေ နောက်ပြီးမှ အားနည်းချက် အားသာချက်တွေကို ကျတော်တို့ ပြန်လည်ဖော်ထုတ်တာတွေ လုပ်တယ်။ နောက်ပြီးမှ ကျနော်တို့ဒီ မဟာဗျူဟာ ရေးဆွဲရေးအတွက် ပေါ့နော။ ကြိုတင်ပြင်ဆင်မှု ဒီ အလုပ်ရုံ‌ဆွေးနွေးပွဲပေါ့နော အဲဒီဟာကိုကျနော်တို့ ၅ရက်တာ ပေါ့နော။ ကျနော်တို့ ကျင်းပပြုလုပ်ခဲ့တယ်။ ဆိုတော့ ပြုလုပ်ခဲ့ပြီးတော့မှ အခုကြတော့ ကျတော်တို့ ဒီ အုပ်ချုပ်ရေးကောင်စီမှာတော့ ကျနော်တို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အဆင့်ပေါ့နော ကျနော်တို့ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ၊ နောက်ပြီးတော့မှ ဘဏ္ဍာရေးမှူးတွေကို ကျနော်တို့ ခန့်အပ်ထားပြီဖြစ်ပါတယ်။ ဆိုတော့ ဒီလုပ်ငန်းတွေကိုကျနော်တို့ ကြားကာလ အစီအမံထဲမှာပါတဲ့ အရ ကျနော်တို့ KSCC ရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေ မဟာဗျူဟာတွေကို အကောင်ထည်ဖော်ဖို့အတွက် အုပ်ချုပ်ရေးကောင်စီကနေမှ ကော်မတီတွေပေါ့နော၊ ကျနော်တို့ ဆက်လက်ဖွဲ့စည်းပြီးမှ ကျနော်တို့လုပ်ဆောင်သွားမှာဖြစ်တယ်။ အဲဒီ အတွက်လည်း ယခင်က ရှိပြီးသား ကော်မတီတွေနဲ့ ကျတော်တို့ လိုက်နာတာတွေ၊ ဆွေးနွေးတာတွေ ပေါ့နော။ ကျနော်တို့ နားထောင်တာတွေ ကျနော်တို့ လုပ်ခဲ့ရကြပါတယ်။ ဆိုတော့ ‌နောက်ပိုင်းမှာတော့ ကျနော်တို့ လက်ရှိပေါ့နော၊ တခြားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ချိတ်ဆက် ဆောင်ရွက်တာတွေ နောက်ပြီးမှ ယခင်က လုပ်မြဲရှိတဲ့ဟာတွေ လုပ်တဲ့ဟာတွေကို ကျနော်တို့ ဆက်ပြီး‌မှ လုပ်တာရှိပါတယ်။ နောက်ပြီးမှ ကျနော်တို့ ကျန်းမာရေး ကော်မတီအတွက်လည်း ကျနော်တို့ ဒီ ကျန်းမာ‌ရေး မူဝါဒတွေပေါ့နော၊ မူဝါဒတွေနဲ့ လုပ်ငန်းအကောင်ထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဥ်တွေ ချမှတ်နိုင်အောင်ဆိုပြီးမှ၊ ဒါကိုလည်း ကျနော်တို့ ( ၅ )ရက်လောက်ပေါ့နော ကျနော်တို့ ဒီအလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ပြီးပြီ ။ ဆိုတော့ ဒီ ( ၁ )လ၊ ( ၂ )လ အတွင်းမှာတော့ ကျနော်တို့ ဒီ KSCC ရဲ့လုပ်ငန်းတွေကို ပြန်လည်သုံးသပ်တာတွေ၊ နောက်ပြီး‌တော့မှ ဗျူဟာရေးဆွဲရေးအတွက် ကျနော်တို့ ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တာတွေ၊ နောက်ပြီးမှ ဒီ‌ ရှိပြီးသား ကော်မတီတွေနဲ့ လိုက်လံတွေ့ဆုံတာတွေ၊ ဆွေးနွေးတာတွေ၊ နောက်ပြီးတော့မှ အုပ်ချုပ်ရေးကောင်စီကို ကျနော်တို့ ဒီအမှုဆောင်အဖွဲ့လောက် အထိပေါ့နော၊ ကျနော်တို့ ဖွဲ့စည်းနိုင်ခဲ့တာရှိပါပြီ။ လောလောဆယ်ပေါ့။

မေး။ ။ ဖွဲ့စည်းတဲ့ နှစ်နှစ်အတောအတွင်းမှာ တခြားအဖွဲ့အစည်းတွေနဲ့ ဘယ်လို ချိတ်ဆက် ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ မြေပြင်မှာရှိတဲ့အဖွဲ့စည်းတွေကတော့ ကျနော်တို့ နကိုယ်ပုံမှန်အတိုင်း‌ပေါ့နော ကျနော်တို့ ဒီ လူသားချင်းစာနာ ထောက်ထား တဲ့ အကူအညီတွေ ရရှိရေးအတွက် သော်လည်းကောင်း၊ နောက် ကျနော်တို့ ပညာရေး၊ ကျန်းမာရေးပေါ့နော၊ လုံခြုံရေးအတွက် အစရှိတဲ့ လုပ်ငန်းအသီးသီးမှာ ကျနော်တို့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်တာတွေကတော့ ရှိမြဲရှိနေတိုင်းပါပဲ။ နကိုယ်အတိုင်းပဲပေါ့နော ။ဆို‌တော့ ကျနော်ပြောဖူးပါတယ်။ ကျနော်တို့ ဒီနေ့ KSCC မှာ အသစ်ပြန်လည်ဖွဲ့စည်းတယ်၊ ဒါပေမယ့် အဖွဲ့အစည်းပေါ့နော အင်အားစု တချို့မပါနိုင်ဘူး။ မပါနိုင်ဘူးဆိုတာက ကျနော်တို့ အမည်နာမ ထုတ်ဖော်ပြီးမှ မပါနိုင်တာပဲရှိတယ် ။ဒါမဲ့ တကယ့်တကယ် လုပ်ငန်းအကောင်အထည် ဖော်တဲ့အခါမှာတော့ ကျနော်တို့က ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတာမျိုးတွေရှိတယ်ပေါ့နော။ ကျနော်တို့ KSCC ဆိုတာကတော့ မူဝါဒရေးဆွဲတာနဲ့ ကျနော်တို့ မဟာဗျူဟာ ရေးဆွဲတဲ့ အဖွဲ့ပဲလေးနော။ နောက်ဒီ ရေးဆွဲတဲ့ ဟာတွေကို ကျနော်တို့က လမ်းညွှန် ထိန်းကျောင်းပေးတဲ့ အဖွဲ့ပဲပေါ့နော ။ဒီအဖွဲ့ထဲမှာ မပါပေမယ့်လည်း အောင်ခြေက လက်တွေ့ကျကျ အကောင်ထည်ဖော်ပြီးတဲ့ လုပ်ငန်းတွေမှာတော့ ကျနော်တို့ အင်အားစုတွေ အားလုံးပါဝင်ပြီးသားပဲပေါ့နော ရှိလည်းရှိမှာပေါ့နော။

မေး။ ။ လက်ရှိမှာ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့လိုက်ပြီဆိုတော့ ဘယ်လို ဆောင်ရွက်နေတာရှိပြီလဲ။

ဖြေ။ ။ ကျနော်တို့က အခုက ပြည်နယ်ထဲမှာက ကျနော်တို့ ဒီ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေး၊ ဥပ‌ဒေပြုရေး၊ တရားစီရင်ရေးလုပ်ငန်းတွေက ဘာမှ မရှိတော့ဘူးလေးနော။ သူတို့က တပ်စခန်းတွေနားမှာဘဲနေပြီးတော့မှ လှုပ်ရှားနေတာတွေရှိတယ်ပေါ့နော။ ဆိုတော့ ကျနော်တို့က ပြည်နယ်ထဲမှာရှိတဲ့ ပြည်သူ့လုံခြုံရေးလုပ်ငန်းတွေ၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ နောက်တခြား ပညာရေး၊ ကျန်းမာရေး လူသားချင်းစာနာထောက်ထားတာတွေ၊ နောက် ဥပဒေစိုးမိုးရေး လုပ်တာတွေ အကုန်လုံးကို ကျတော်တို့က လုပ်နေရတာရှိတယ်လေးနော။ အဲ့ဒီအတွက်ကြောင့် ကျတော်တို့ ခုနပြောသလို အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ရုံတင်မကဘူး၊ အခု တရားစီရင်ရေးလုပ်ငန်းတွေ ကိုပါကျတော်တို့ စလုပ်‌နေပြီပေါ့နော။ ဆိုတော့ ဒီ ဥပဒေပြုရေးလုပ်ငန်း အနေနဲ့ကတော့ ကျတော်တို့ လိုအပ်တဲ့ ဥပ‌ဒေရှိရင်တော့ကျ‌နော်တို့ ရေးဆွဲမယ်၊ ပြဌာန်းမယ် လောလောဆယ်ကတော့ ကျတော်တို့ မူဝါဒ အဆင့်လောက်နဲ့ပဲပေ့ါ ကျတော်တို့ သွားမယ် KSCCကနေပေါ့နော။ အဲလိုမျိုးတော့ ရည်မှန်းထားတာပေါ့ ။

မေး။ ။ တရားစီရင်ရေးလုပ်ငန်းက ဘယ်လိုတွေ စလုပ်နေပြီလဲ။

ဖြေ။ ။ ကျနော်တို့ အခု KSCC ပေါ့။ KSCC လက်အောက်မှာရှိတဲ့ ကြားကာလ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီအောက်မှာ တရားရေးဌာနဆိုတာတဲ့ဟာ ကျနော်တို့ ရှိမယ်။ ဒီ တရားရေးဌာနက တရားစီရင်ရေးလုပ်ငန်းကို ကူညီထောက်ပံ့ပေးဖို့ဖြစ်တယ်။ တရားစီရင်ဖို့မဟုတ်ဘူး။ ဆိုလိုတာကတော့ တရားရုံးအတွက် လုပ်ထုံးလုပ်နည်းတွေ ပေးမယ်။ အမှုအခင်းတွေကို လိုက်နာဖို့ထုတ်တဲ့ရဲတွေပေါ့ ၊ ပြည်သူ့ရဲတွေပေါ့။ ရဲတွေကို အင်အားဖြည့်ဖို့အတွက်ကို၊ ဒါအတွက်ကို တရားရေးဌာနကို လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ တရားစီရင်ရေးအတွက်ကျတော့ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ဖြစ်ရမယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ ကတော့ ဗဟိုအဆင့်တရားရုံးတွေရှိမယ်။ နောက်ပြီးတော့မှ ပြည်နယ်အဆင့်တရားရုံးတွေရှိမယ်။ နောက် ခရိုင်အဆင့် တရားရုံး၊ မြို့နယ်အဆင့်တရားရုံး ဆိုပြီးတော့မှ ကျနော်တို့ တရားရုံးအဆင့် ( ၃ )ခုလောက်ထားပြီးတော့မှ သူတို့ တရားရုံးများရဲ့ တရားစီရင်ပိုင်ခွင့် အာဏာတွေကို မူကြမ်းသတ်မှတ်ထားပြီးဖြစ်တယ်။ ဆိုတော့ ဒီအတိုင်းဘဲ ကျနော်တို့ ဆက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်ဖြစ်တယ်။ ကျနော်တို့ထဲမှာ ရှင်းရှင်းပြောရရင် Penal Code(ရာဇသတ်ကြီး) တို့ နောက်ပြီးတော့မှ Criminal law (ပြစ်မှုဆိုင်ရာဥပဒေ)တို့ နောက်ပြီးတော့မှ Customary law(ဓလေ့ထုံးတမ်းဥပဒေ) တို့ ဆိုတာ ကျနော်တို့ ရေးဆွဲထားပြီးသားဖြစ်တယ်။ ဒါ့အပြင်ကို Statute Law(နည်းဥပဒေ) ဆိုတဲ့ ပြဋ္ဌာန်းမှုတွေပေါ့။ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ သစ်တောထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေး၊ သုံးစွဲမှုနဲ့ ဆိုင်တဲ့ ဥပဒေတွေ အစရှိတဲ့ statute law(နည်းဥပဒေ) တွေကို ရေးဆွဲထားပြီးဖြစ်တယ်။ ဆိုတော့ ကျနော်တို့ဆီမှာ ဥပဒေတွေကတော့ ရှိပြီပေါ့နော။ ရှိတဲ့အတွက် ကျနော်တို့ တရားရုံးတွေကို စတင်ပြီးတော့မှ ဖွဲ့စည်းနေပြီပေါ့နော။ ဆိုတော့ တရားသူကြီးတွေ ကျနော်တို့ တရားဝန် အမြန်ဆုံးခန့်အပ်ပြီးတော့မှ တချို့ကိုတော့ လည်းခန့်အပ်ပြီးပြီ။ ခန့်အပ်ပြီးတော့ တရားဥပ‌ဒေ စိုးမိုးရေးလုပ်ငန်း လုပ်မှာဖြစ်တယ်။ ဆိုတော့ တရားဥပဒေစိုးမိုးရေးလုပ်ငန်း အတွက်လည်း ကျနော်တို့ သင်တန်းတွေကို တချို့ ပေးပြီးပြီဖြစ်တယ်။ ဆိုလိုတာကတော့ Public Act Administration (ပြည်သူ့အုပ်ချုပ်ရေးဥပဒေ) နဲ့ Rule of Law Function (တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်) ဆိုတဲ့ Training တွေ ကျနော်တို့ ပေးထားပြီးပြီးပေါ့။ ဒါလည်း စလှုပ်ရှားနေပြီးပေါ့ တပူးတတွဲ။

မေး။ ။ လက်ရှိ စစ်ရှောင်စခန်းတချို့တွေမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရိုးရာဓလေ့တွေအရ ကိုင်တွယ်ဖြေရှင်းနေကြတာရှိတယ်။ အဲဒီလိုတွေကော ဆရာတို့အနေနဲ့ ဘယ်လို ဆက်လုပ်သွားဖို့ ရှိမလဲ။

ဖြေ။ ။ ကျနော်တို့က တရားရုံး Level ပေါ့ ( ၃ )ခု လောက်ထားမှာ။ မြို့နယ် နဲ့ ကျေးရွာအဆင့်မှာကတော့ ကျနော်တို့ ကျင့်သုံးမယ့် တရားဥပဒေတွေက ကျနော်တို့ Customary law ပေါ့။ ရိုးရာ ဓလေ့ထုံးတမ်းနဲ့ ဖြေရှင်းတဲ့ ဥပဒေဖြစ်လိမ့်မယ်။ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီမှာကတော့ ပါဝင်တဲ့ အစုအဖွဲ့ ကျနော်တို့ အုပ်ချုပ်ရေးဖွဲ့သလို ဖွဲ့ထားတာကလည်း ကျနော်တို့ ရှင်းပါတယ်။ မြို့နယ်အဆင့်မှာကတော့ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေပါမယ်။ နောက်ပြီးတော့မှ ကျနော်တို့ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိတဲ့လူထုတွေပါမ‌ယ်။ နောက် ကျေးရွာခံ ဒေသခံတွေပါမယ်။ အားလုံးနဲ့တူတူ ပေါင်းစည်းထားတဲ့ အုပ်ချုပ်ရေးတွေ ကျနော်တို့ ဖွဲ့စည်းသွားမှာ ဖြစ်တယ်။ ဒီလိုဘဲ တရားစီရင်ရေးမှာလည်း ကျနော်တို့ Customary Law ကို မြို့နယ်ကျေးရွာ အဆင့်မှာ သုံးမယ်ဆိုလို့ရှိရင် ကျနော်တို့ တရားဥပဒေအရ စီရင်မယ့် တရားသူကြီးတွေရှိမှာဖြစ်သလို၊ ကျနော်တို့ ရိုးရာဓလေ့ကို ကျွမ်းကျင်တဲ့ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ တရားစီရင်ရေးဥပဒေနဲ့ ကျနော်တို့ အကောင်အထည်ဖော်သွားမှာဖြစ်တယ်။ ဆိုတော့ ဒါကတော့ ပူးပေါင်းပြီးတော့မှ ပြန်လုပ်တယ်ပေါ့ အတူတူဘဲပေါ့။ ပြောင်းသွားတာမျိုး၊ ဖယ်ပစ်လိုက်တာမျိုး မရှိဘူး။

မေး။ ။ ဆရာအနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ထပ်ဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ။ ။ ကျနော်တို့ကတော့ ဒီနေ့ အားလုံးပေါ့နော တိုင်းရင်းသားတွေအားလုံး၊ နိုင်ငံရေးပါတီတွေအားလုံး လိုလားနေကြတာကတော့ ကျနော်တို့ မြန်မာပြည်ကြီးမှာ တရားမျှတရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပဲဖြစ်တယ်။ အဲ့သလို ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် အဓိကကတော့ ကျနော်တို့က အမြစ်ဖြတ်ပစ်ရမှာပေါ့နော။ စစ်အာဏာရှင်ရှိသလို ကျနော်တို့စစ်အာဏာရှင်ကို သက်ဆိုး ရှည်စေနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်တယ်ပေါ့နော၊ ဒါတွေကို ကျနော်တို့ အမြစ်ဖြတ်ပစ်ရမယ်။ အဲ့ဒီလို လုပ်ငန်းစဉ်တွေကို ချမှတ်တဲ့အခါမှာ ကျနော်တို့က နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေးအရပေါ့နော အမျိုးပေါင်းစုံ ကျနော်တို့ ပူပေါင်းဆောင်ရွက်ရလိမ့်မယ်။ လုပ်တဲ့အခါမှာလည်း ကျနော်တို့ ဒီနေ့ ဒီချိန်မှာ တစ်နိုင်ငံလုံးအတွက်ပေါ့နော ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာတော့ အားလုံး ပါဝင်ဖို့လိုတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ State တို့ ဘာတို့ပေါ့နော အဖွဲ့အစည်းအာလုံး ပါဝင်ဖို့လိုတယ်။ ဒီနေ့ကတော့ ပါဝင်မှု အားနည်းနေတယ်လို့ဆိုပေမဲ့လည်း ကျနော်တို့ ဒီနေ့ တော်လှန်ရေးကို တက်ညီလက်ညီနဲ့ တကယ်တမ်းသာ လုပ်မယ်ဆိုရင်တော့ ကျနော်တို့အမြန်ဆုံး ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်တယ်လို့ ကျနော်တို့ အဲ့လို နားလည်တယ်။ ထူးခြားတာက ကျနော်တို့ ကရင်နီပြည်ရဲ့ သမိုင်းကြောင်းပေါ့။ ကရင်နီ သမိုင်းကြောင်းအရ ကျနော်တို့က နှစ်ပေါင်း ၇၅ နှစ်ကျော်ကျော်ပေါ့၊ ကျနော်တို့က ဒီအာဏာရှင်ဆက်ဆက်ရဲ့ ဖိနှိပ်မှုအောက်မှာကျနော်တို့က ဖြတ်ကျော်လာခဲ့ရတာဖြစ်တယ်။ ဆိုတော့ ဒီနေ့ ဒီချိန်မှာမှ ကျနော်တို့ရဲ့ တန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ကျနော်တို့ အကောင်အထည်ဖော် ကျင့်သုံးနိုင်ပြီဆို၊ ကျနော်တို့ နောက်မျိုးဆက်တွေကလည်း ကျနော်တို့လိုဘဲ တွေ့ကြုံရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ တော်လှန်ရေးကတော့ ကျနော်တို့ နောက်ဆုံးထားပြီးတော့မှ ကျနော်တို့ ခုနကကြားထဲမှာ အဖုအထစ် ဖြစ်နေတဲ့၂၀၀၈ ဖွဲ့စည်းပုံတို့၊ စစ်အာဏာရှင်တို့ကို အမြစ်ဖြတ်တိုက်ပွဲဝင်ကြဖို့ ကျနော်ကတော့ အားလုံးကို တိုက်တွန်းချင်တယ်။ ဒီလိုလုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် ကျနော်တို့က အခက်အခဲဒုက္ခကတော့ ကျနော်တို့ရောက်နိုင်တယ်။ ဒါကလည်း ကျနော်တို့ ကရင်နီပြည်တစ်ခုထဲ မဟုတ်ဘူးဆိုတာကို မိဘပြည်သူတွေကို အားပေးချင်တယ်။ ဆိုတော့ မြန်မာပြည်မမှာလည်း ပခုက္ကူ၊ စစ်ကိုင်း ကျန်တဲ့ဒေသတွေမှာလည်း ရှိပါတယ်။ အဲ့ဒီ ဒေသမှာလည်း သူတို့ လူထုတွေလည်း ကျနော်တို့ပြည်နယ်လိုဘဲ ကျေးရွာတွေ ပျက်စီးခဲ့တာတွေ သတ်တာ ဖြတ်ခံတာတွေ ခံစားနေရပြီပေါ့နော။ စစ်အာဏာရှင်ကတော့ အစွမ်းကုန်ကျနော်တို့ချေမှုန်းနေတယ်။ ကျနော်တို့ကလည်း အစွမ်းကုန် တိုက်ပွဲပြန်ဝင်ကြဖို့ လိုအပ်ပါတယ်လို့ကျနော်ကတော့ အဲ့လိုဘဲ တိုက်တွန်းချင်ပါတယ်။

spot_img
spot_img