spot_imgspot_imgspot_imgspot_img
Monday, January 13, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အတွင်း ယနေ့မနက်ပိုင်း တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဖက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းတစ်နေရာမှာ ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းကနေစပြီး ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဖက်မှ လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်တာကို ကြားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ မနက် ၇ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့စထုတယ် တဖြည်းဖြည်းနဲ့ အသံစုံလာတယ်။ ၈နာရီဝန်းကျင်မှာတော့ လေယာဉ်နဲ့ကြဲနေတာ ကြားနေရတယ်။ ဖြစ်တဲ့နေရာက ကျနော်တို့နဲ့ နည်းနည်းအလှမ်းဝေးတယ်။ လက်နက်ကြီးကတော့ ၅မိနစ် ၁၀မိနစ်ခြား လှမ်းပစ်နေတာတော့ရှိတယ်။ ရွာသားတွေကတော့ ကြောက်လန့်တော့ ကပြာကယာထွက်ပြေးတိမ်းရှောင်နေရတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။” လို့ တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ရှိ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

“ဟုတ်တယ် မနက်အစောကြီးကတည်းကလေ လက်နက်ကြီးတွေထုနေတာ လက်နက်ငယ်သံလည်း ကြားတယ်။ လက်နက်ကြီးက အဆက်မပြတ် ထုနေတာလေ ပြီးခါကျတော့ ခုထိ လေယာဉ်နဲ့ကြဲနေတုန်းပဲ။ အိမ်တွေ မီးလောင်သွားတယ်တဲ့။ တပ်ကြောင်းတွေထိုးပြီးတော့ အိမ်တွေလိုက်ပြီးတော့ ဖုန်းတွေဘာတွေစစ်တယ် အဲ့လိုမျိုးတော့ ပြောသံကြားတယ်။ အိမ်ပြင်လည်းမထွက်တော့လေ မသိဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကလည်း ကရင်နီပြည်နေရာ တိုက်ပွဲဖြစ်ပွားနေတာကို အတည်ပြုပြောဆိုထားပါတယ်။

“တိုက်ပွဲဖြစ်နေတယ် ဒါပေမယ့် လောလောဆယ် ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ပြောလို့မရသေးဘူးပေါ့နော”လို့ သူက ပြောပါတယ်။

ကရင်နီပြည်အတွင်းမှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် လူထုတွေအနေနဲ့ ခရီးသွားလာပါက အထူးဂရုစိုက်ဖို့၊ သတင်းစကားတွေ နားစွင့်ထားကြဖို့ကိုလည်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားပါတယ်။

spot_img
spot_img