spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ဖွဲ့စည်းကြောင်း တရားဝင်ကြေညာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ် )

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC ) ကို ဖွဲ့စည်းကြောင်းကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်းညွန်ချက်များအတိုင်း ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ အဖွဲ့ဝင် ခြောက်ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

“ကျနော်တို့ အမျိုးသား ကရင်နီလူငယ်တွေ အပါအဝင် နိုင်ငံတဝှမ်းက လူငယ်သားကောင်းရတနာလေးတွေဟာ ဒီစစ်အာဏာရှင် စနစ်ဆိုးကြီး ချုပ်ငြိမ်းရေးအတွက် ကြမ်းတမ်းတဲ့ တောတောင်လျှိုမြောင်တွေထဲမှာ ဒုက္ခဆင်းရဲခြင်းတွေကို အံကြိတ်ခံရင်း မိမိတို့အနာဂါတ်အတွက် ရဲရဲရင့်ရင့် တိုင်ပွဲဝင်နေကြတာကို အသိအမှတ်ပြု ဂုဏ်ယူရသလို၊ တစ်ဖက်မှာတော့ ဒီတော်လှန်ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်စွာ နစ်မျောပြီး မိမိတို့ ဘဝအိမ်မက် မျှော်လင့်ချက်ပန်းတိုင်များ ပျောက်ဆုံးသွားတာမျိုးကိုလုံး၀ မဖြစ်စေချင်ပါဘူး။ ဒီအချက်တွေကြောင့် စိန်ခေါ်မှုပေါင်းမျာစွာ ကြားကနေပဲ ဒီအုပ်ချုပ်ရေးကောင်စီကို အစပြုလိုက်ရတာလည်းဖြစ်ပါတယ်။” လို့ ဥက္ကဌ ဖြစ်သူ ခူဦးရယ်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ကို စုပေါင်းခေါင်းဆောင်မှုတွေနဲ့ ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းက အင်အားစုအသီးသီးနဲ့ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ်က ဥက္ကဌ နေရာအဖြစ် တာဝန်ယူထားပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ ဥက္ကဌ ခွန်းဘီထူးက ဒု – ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။ အထွေထွေ အတွင်းရေးမှူးအဖြစ် ခူပလုရယ်၊ အတွင်းရေးမှုး – ၁ အဖြစ် မဇူးပဒုမ္မာ ၊ အတွင်းရေးမှုး – ၂ အဖြစ် ဗညားခွန်အောင် ၊ ဘဏ္ဍာရေးမှုးအဖြစ် မော်ဖိုးမြာ က တာဝန်ယူဆောင်ရွက်ထားကြတာ ဖြစ်ပါတယ်။

“ကရင်နီပြည်မှာ အခုလို ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဆိုတာက တော်ရုံတန်ရုံနဲ့ ဖြစ်လာတာတော့ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ကရင်နီပြည်မှာ အသက် ၊ သွေး၊ ချွေး ပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးတော့မှ ဒီလိုအခြေအနေမျိုးရောက်ရှိလာတာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ သိရပါတယ်။ ဒါ့အတွက်ကြောင့် ကျနော့်အနေနဲ့ ဂုဏ်ယူဦးညွတ်ကြောင်း ပထမ ဦးဆုံး ပြောကြားလိုပါတယ်။ ကရင်နီပြည်နယ် သို့မဟုတ် ကရင်နီပြည် ပေါ့၊ နွေဦးတော်လှန်ရေးအတွင်းမှာ အထူးခြားဆုံးသော ဝိသေသနတွေနဲ့ ပြည့်စုံနေတဲ့ ပြည် သို့မဟုတ် ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ အခုလည်း ကရင်နီပြည်နယ်ရဲ့ ခုခံတော်လှန်ရေးစစ်ဟာ ပြည်နယ် ဧရိယာနဲ့ မမျှအောင် သာလွန်ကြီးမားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကရင်နီပြည်သူတွေနဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းနဲ့ ကရင်နီပြည်က အရေးတော်ပုံ တပ်သားတွေရဲ့ ရဲရင့်မှုဟာ အင်မတန်အံ့ဩစရာကောင်းလှပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

တရားဝင်ကြေညာခြင်း အခမ်းအနားမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ မှ တက်ရောက်အားပေး မိန့်ခွန်း ပြောကြားခဲ့ပြီး IEC ဥက္ကဌ မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ သဝဏ်လွှာများ မှတ်တမ်းတင်ခြင်း၊ IEC သမိုင်းကြောင်း ဖတ်ကြားခြင်း၊ ဒု – ဥက္ကဌ မှ ကျေးဇူးတင်စကားပြောကြားခြင်းများဖြင့် ပြုလုပ်ခဲ့ကြပါတယ်။

IEC အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်လက်စုစည်းပြီး လူထုကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်သလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်တဲ့ ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲပြီး ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂) ဌာနထားရှိသွားဖို့ ရည်မှန်းထားပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ချမှတ်ထားတဲ့ မူဝါဒ လမ်းညွန်ချက်တွေအတိုင်း ပြည်နယ်ရဲ့ အခွန်ဘဏ္ဍာငွေတွေကို စနစ်တကျ စီမံခန့်ခွဲပြီး ဝန်ထမ်းနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် IEC အတွင်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ တတ်သိပညာရှင်တွေ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဝိုင်းဝန်ပံ့ပိုးမှုနဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ကို အထူးဖိတ်ခေါ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြည်နယ်အတွင်းနဲ့ ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းနိုင်ဖို့ အင်အားစုတွေနဲ့ လက်တွဲသွားမှာဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာတဲ့ အချိန်ကာလမှာ IEC ကို သတ်မှတ်ပြဌာန်းထားတဲ့ ကာလသက်တမ်းနဲ့အညီ ရုတ်သိမ်းခြင်းများ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အင်အားစုတွေနဲ့ ပူးပေါင်းပြီး ယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေအဝဝကို အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာစေဖို့ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

spot_img
spot_img

Recent posts