spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုမှု ပိုများလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁ လေးလုံးစစ်ဆင်ရေး စတင်ပြီးတဲ့နောက်ပိုင်းမှာ အထိနာလာတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင် စစ်ကြောင်းတွေကို အသုံးမပြုနိုင်တော့တာကြောင့် ဒရုန်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာကို ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်မှာ သွားလာလှုပ်ရှားလို့မရတော့တာကြောင့် ဒရုန်းအသုံးပြုမှု ပိုများလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စစ်ကောင်စီဖက် က ဘာလို့ ဒရုန်းအသုံးပြုလာလဲဆိုတော့ သူတို့ဖက်က မြေပြင်မှာ အားနည်းလာပြီပေါ့နော်။ သူတို့မြေပြင် တပ်တွေက ထိခိုက်ကျဆုံးမှုများတဲ့အတွက် ဒရုန်းတွေ သုံးလာတယ်လို့ပဲ ပြောချင်တယ်” လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးကတည်းက စစ်ကောင်စီက လေယာဥ်၊ လက်နက်ကြီးတွေကို ပုံမှန်အတိုင်း အသုံးပြုလေ့ရှိပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ ဒရုန်းတွေနဲ့ ပစ်ခတ်မှုကို ပိုမိုအသုံးများတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေ့တွေမှာလည်း စစ်ကောင်စီရဲ့ တစ်ဖက်သတ် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲမှုတွေကြောင့် လွိုင်ကော်မြို့တွင်းမှာ နေအိမ်၊ အဆောက်အဦးပျက်စီးမှု များနေတယ်လို့ သိရပါတယ်။

“ဒရုန်းတွေကတော့ ဒီနောက်ပိုင်းမှာ ပိုသုံးတယ်ပေါ့နော်။ လက်နက်ကြီးတွေလည်း သုံးပါတယ်။ တိုက်ပွဲတွေ ပြင်းထန်ရင်တော့ လက်နက်ကြီးတွေ လေယာဥ်တွေကတော့ ဒါသုံးတယ်ပေ့ါနော်။ ပုံမှန်သုံးတဲ့ဟာပဲပေါ့နော်။ ဒရုန်းကြတော့ ဒီတိုက်ပွဲတွေ ဘာတွေမဖြစ်လည်း သုံးတယ်။ ဒရုန်းနဲ့ချတဲ့ဟာမျိုးဖြစ်တယ်။ ဒရုန်းကို ပိုသုံးလာတယ်လို့ ပြောလို့ရတယ်။” လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ နှစ်ဖက်ထိတွေ့မှုအပြင် စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးအသုံးပြုနေတာကြောင့် နေရပ်မပြန်ကြသေးဖို့ နဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်လည်း ရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

“လွိုင်ကော်အခြေအနေကတော့ အထိအခိုက်၊ အပျက်အစီးတွေကလည်း နေ့စဉ်ကြားနေရတယ်။ မြို့တွင်းလည်း တော်တော်များများပျက်စီးသွားပြီလို့ သိရပါတယ်။ မြို့တွင်းနဲ့ နီးတဲ့ ၅၄ တပ်ဖက်ရှိတဲ့ ကြည်သာယာတို့ နမ့်ဘော်ဝမ်ရပ်ကွက်ဖက်မှာတော့ လွိုင်ကော်ဒေသခံတွေ အသွားအလာရှိတယ်။ ဈေးတန်းတွေရောင်းတာလည်းရှိတယ်။ ဒါပေမဲ့ လုံခြုံရေးအရကတော့ ဘယ်နေရာမှာမှ စိတ်မချရလို့ ပြန်နေလို့မရသေးပါဘူး။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာတော့ စစ်ကောင်စီတပ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော် ဒကစ)၊ ဌာနဆိုင်ရာရုံး၊ တန်းမြင့်အဆောက်အဦး၊ စာသင်ကျောင်း၊ ဘာသာရေးကျောင်းတွေမှာ တပ်စွဲနေရာယူထားပြီး မြေပြင်မှာ စစ်ကြောင်းမထိုးနိုင်တော့တဲ့အတွက် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မီးလောင်ဗုံးကို အဓိကထားပြီး အသုံးပြုနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယပတ်အတွင်း လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း စစ်ကောင်စီကနေ ဒရုန်း ၊မီးလောင်ဗုံးတွေနဲ့ ကြဲချမီးရှို့ခဲ့တာကြောင့် အဆောက်အဦး အများအပြား မီးလောင်ကျွမ်းခဲ့ရတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့မှာ ဆင်နွဲနေတဲ့ ၁ လေးလုံး စစ်ဆင်ရေးအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းနဲ့ မီးလောင်ဗုံးအသုံးပြုမှုကြောင့် ပျက်စီးခဲ့ရတဲ့ အဆောက်အဦးစာရင်းဟာ ခန့်မှန်းခြေ ၃၀၀ ဝန်းကျင်ရှိပြီး ၁၀၀ ဝန်းကျင်မှာ မီးလောင်ပြာကျသွားတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts