spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်းယူမှုတွေကို အရေးယူမှာဖြစ်ကြောင်း IECနဲ့ တပ်ပေါင်းစုတို့ ဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်း မှာ ပြည်သူပိုင် အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီး၊ ဖေါက်ထွင်း ခိုးယူ ရောင်းချတာတွေ နဲ့ ဝယ်ယူတာ စတဲ့ ဖြစ်စဉ်တွေ ရှိနေပြီး အခုလို ဖြစ်စဉ်တွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ တပ်ပေါင်းစုတို့က မေလ (၁၀)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့မှာဆိုရင် “အရေးပေါ် လွိုင်ကော်မြို့ စီမံထိန်းသိမ်းရေးကော်မတီ” ဆိုပြီး လူထုနဲ့ တပ်ပေါင်းစုတို့ စုပေါင်း ဖွဲ့စည်းထားတာရှိသလို ကရင်နီပြည် ဘယ်နေရာမဆို ပြည်သူပိုင် ပစ္စည်း ဖောက်ထွင်းခိုးယူမှုတွေ နဲ့ ပတ်သက်ပြီး အရေးယူနိုင်ဖို့ အခုလို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“ ပြည်သူလူထုပစ္စည်းတွေ ၊ အများပိုင် ပြည်သူပစ္စည်းတွေလည်း တော်တော်လေး ပျောက်ရှ ပျက်စီးတာတွေလည်း နေ့တဓူဝ ကြားနေရတယ်။ တချို့လည်း လက်တွေ့မြင်ရတယ် ၊ တချို့လည်း ဖမ်းဆီးအရေးယူတာလုပ်တယ်။ သို့သော်လည်း အခြေအနေတွေက နည်းနည်းပိုဆိုးတဲ့ အနေအထားမျိုး ဒါကြောင့် မလို့ ERO တွေ ၊ နောက် တပ်ပေါင်းစု တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဒီဟာကို ထိထိရောက်ရောက် အရေးယူဖို့ဆိုတဲ့ အစည်းဝေးညှိနှိုင်းဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်ရခြင်းဖြစ်တယ်။ ” လို့ သူက ပြောပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) စတဲ့ တပ်ပေါင်းစုတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်း ခိုးယူမှုနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

“ အရေးပေါ် လွိုင်ကော်မြို့ စီမံထိန်းသိမ်းရေးကော်မတီ လူထုနဲ့ တပ်ပေါင်းစု ဆိုတာရှိတယ်။ ဒီကို အကျိုးကြောင်းတွေ ပြောလို့ရတယ် ။ IECရဲ့ Facebook messengerကနေ တစ်ဆင့် ၊ စင်ကနယ် ကနေ တစ်ဆင့်လည်း တိုင်ကြားလို့ရတယ်။ တပ်ပေါင်းစု တစ်ဖွဲ့ချင်းစီသော်လည်းကောင်း ၊ တပ်ပေါင်းစု အစုအဖွဲ့လိုက်ကိုသော်လည်းကောင်း တွေ့ရှိချက်တွေကို တိုင်ကြားပြောပြလို့ရတယ်။ အချက်အလက် တိကျ မည်သူမည်ဝါ ၊ ဘယ်နေ့ ဘယ်ရက်၊ ဘယ်လိုပုံစံမျိုးနဲ့ ဆိုတဲ့ဟာမျိုး ပေးပို့နိုင်ရင်တော့ ဒါ ပိုပြီးတော့ အထောက်အကူဖြစ်ပါတယ်။ ” လို့ ခူပလုရယ်က ဆက်ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာဆိုရင်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရမှု အများအပြားရှိနေတာဖြစ်ပါတယ်။

“အိမ်အများစုကတော့ ခိုးခံရတာ များလွန်းလို့ ကုန်နေပြီ။ တချို့ဆို အိမ်အလွတ်ပဲကျန်တော့တယ် အိမ်တွင်းပရိဘောဂပစ္စည်းတွေ အကုန်ယူသွားကြတာ။ အဲ့လိုခိုးယူတဲ့သူတွေကို အပြစ်ပေးအရေးယူစေချင်တယ်။ အခုမှ ထုတ်ပြန်တယ်ဆိုပေမဲ့လည်း နောက်ထပ်ခိုးယူမှုတွေကိုတော့ တားဆီးနိုင်မယ်လို့ထင်တာပဲ။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို အားလုံးအတူတကွ ကာကွယ်ပေးနိုင်ဖို့က အရင်ကတည်းက မျှော်လင့်ထားခဲ့တာပါပဲ။”လို့ လွိုင်ကော်‌ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းကာလ လက်ရှိအချိန်ထိ တိုက်ပွဲ မဖြစ်ပွားတဲ့မြို့ မရှိတော့သလို ပြည်သူလူထုအများစုဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတာဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေဆိုရင် မသမာသူတွေရဲ့ ဖျက်ဆီးခိုးယူမှုတွေ ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img