spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ၁၅ရက်အတွင်း လက်နက်ကြီးကြောင့် နေအိမ် ၅၁လုံးထိခိုက်ပြီး အရပ်သား ၂၈ဦး ထိခိုက်၊ ၁ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအခြေစိုက်တပ်တွေကနေ လက်နက်ကြီး နေ့စဉ်နီးပါး ပစ်ခတ်မှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ တွေမှာ နိုဝင်ဘာလ ၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ နေအိမ် ၅၁လုံးထိခိုက်ပျက်စီးခဲ့သလို ကလေးငယ်အပါအဝင် ပြည်သူ ၂၈ဦးထိခိုက် ခဲ့ပြီး ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCCရဲ့ နိုဝင်ဘာလ ၁၈ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် အများဆုံးထိခိုက်ပျက်စီးသွားတာကတော့ လွိုင်ကော်မြို့ဖြစ်ပြီး နေအိမ်အဆောက်အအုံထိခိုက်မှု ၂၈လုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ဦး ရှိပါတယ်။ အဆောက်အအုံပျက်စီးမှုထဲ လွိုင်ကော်အရှေ့ဖက်ခြမ်း ကျေးရွာတစ်ခုမှာရှိတဲ့ စစ်ရှောင်ကလေးတွေ စာသင်နေတဲ့ ဘော်ဒါဆောင်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

“ ကလေးတွေ အဲ့မှာ စာသင်နေကြတယ်ပေါ့။ အဓိက ကလေးတွေကတော့ စစ်ရှောင်ပြီးတော့မှ စစ်ရှောင်နေရာမှာကျောင်းတွေ မဖွင့်နိုင်ဘူးပေါ့။ မဖွင့်နိုင်တော့ အဲ့နေရာမှာ လာပြီးတော့မှ ဘော်ဒါဆောင်မှာ သူတို့လာနေပြီးတော့မှ သူတို့စာတွေ သင်ကြတယ်ပေါ့။ လုံးဝပျက်စီးသွားတယ်လို့တော့ မဟုတ်ဘူးပေါ့။ မီးဖိုဆောင်တွေ ၊ ကလေးတွေ အိပ်တဲ့အခန်းတွေ ပြီးရင် သူ့ရဲ့ အစတွေ အကုန်လုံးစင်ထွက်သွားတယ်။ ပေါက်ထွက်သွားတယ်။ ဆိုတဲ့ ဟာမျိုးတွေပေါ့နော။ “ လို့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောပြပါတယ်။

လွိုင်ကော်အရှေ့ဖက်ခြမ်းမှာဆိုရင် နိုဝင်ဘာလ ၈ရက်နေ့ကနေ ၁၅ရက်နေ့အထိ ရက်တိုင်းလိုလို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး မည်သည့်အကြောင်းကြောင့် ပစ်ခတ်လာတယ်ဆိုတာကိုတော့ မသိရပါဘူး။

စစ်ကောင်စီတပ်ကတော့ တိုက်ပွဲဖြစ်ပွားတာတွေ မရှိပဲနဲ့ အထူးသဖြင့် ညနေပိုင်း အချိန် ၇နာရီ ၈နာရီ ၉နာရီခွဲ စတဲ့အချိန်တွေမှာ လက်နက်ကြီး ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ အစဆိုလို့ရှိရင် ၂လုံး ၃လုံးပစ်တယ်။ ပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ကြာလာတယ်။ ၂ရက် ၃ရက်ကြာလာပြီဆိုလို့ရှိရင်တော့ အနည်းဆုံး ၇လုံး ၈လုံး အဲ့လောက်ထိတောင်မှ ကျတယ်။ ဒါကတော့ တစ်နေရာတည်းကိုတော့ တစ်ခြား ဒီ အရှေ့ဖက်ခြမ်း တစ်ခြမ်းလုံးရှိတဲ့ ကျေးရွာတွေကလည်း ကျတာတွေလည်း ရှိသေးတယ်ပေါ့။ ခဏ ကပြောသလိုမျိုး တစ်ခါတစ်ခါကျလို့ရှိရင်တော့ ၁၀လုံး ၁၅လုံး ဝန်းကျင်ရှိတယ်ပေါ့။ “ လို့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလုထုတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ စစ်ကောင်စီအနေနဲ့ လူထုတွေကိုပစ်မှတ်ထား တိုက်ခိုက်လာတာက လူ့အခွင့်အရေးချိုးဖောက်တာထက် ကျော်လွန်နေပြီဖြစ်သလို လူထုတွေအနေနဲ့လည်း သတိထားသွားလာကြဖို့ KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက လက်နက်ကိုင်အချင်းချင်းပေါ့နော သူတို့ မတိုက်ပဲနဲ့ဘာမှ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ဒီ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာ တွေဖက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတာမျိုးတွေ တောက်လျောက်လုပ်လာတယ်ပေါ့နော။ တကယ့် ပြည်သူလူထုတွေက သူတို့ရွာတွေမှာ သူတို့ စစ်ရှောင်တဲ့လူလည်းရှိတယ်။ နောက်ပြီးတော့ သူတို့ရွာမှာ သူတို့ ဆက်ပြီး နေထိုင်နေတဲ့ သူတွေရှိတယ်။ ဆိုတော့ ဒီရွာတွေထဲမှာက ကျနော်တို့ KNDFအနေနဲ့ဆိုလို့ရှိရင် တပ်ဖွဲ့ဝင်တွေက ရွာထဲမှာ နေတာမျိုးလည်း မရှိဘူး။ ကျနော်တို့ လည်း မနေထိုင်ကြဘူး။ ဒါက လူထုတွေပဲ နေတဲ့နေရာပေါ့နော။ လူထုတွေပဲရှိတဲ့နေရာကို သူတို့က သတ္တိကြောင်တာလည်းပါတယ် နောက်တစ်ခုက လူထုတွေကို တကယ့် ပစ်မှတ်ထားပြီးတော့မှ တစ်ဖက်သတ်ပစ်တ်နေတာမျိုးတွေ တောက်လျောက်လုပ်လာတယ်။ “ လို့ KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို လူသားချင်းစာနာမှုဖြင့် ထိရောက်တဲ့ အရေးယူမှုတွေ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လုပ်ဆောင်ဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCCက ဒီကနေ့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားပြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့နေအိမ်အဆောက်အအုံ ၁၂၄၇ လုံးရှိပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က နိုဝင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts