spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ်တွေကို ဦးဆောင်မယ့် ကရင်နီပြည်လူငယ်ရေးရာကော်မတီကို ဖွဲ့စည်း

ကန္တာရဝတီတိုင်း(မ်)

လူငယ်တွေကိုဦးဆောင်မယ့် ကရင်နီပြည် လူငယ်ရေးရာကော်မတီတစ်ရပ်ကို ပထမအကြိမ် ကရင်နီပြည်လူငယ်ညီလာခံမှာ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကရင်နီပြည်လူငယ်ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ညီလာခံကနေ ကရင်နီပြည်လူငယ်ရေးရာ ကော်မတီကို လူငယ် ၆ ဦး နဲ့ ရွေးချယ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

“ခုလတ်တလောမှာက လူငယ်လို့ ပြောလိုက်လို့ရှိရင် ကျမတို့ လူငယ်ကို ဦးဆောင်ပေးမဲ့သူကမရှိဘူး အဲ့လိုဖြစ်နေတဲ့ အတွက်ကြောင့်မို့ ဒီကော်မတီက နောက်ပိုင်းကျလို့ရှိရင် ကျမတို့ ဒီတစ်ပြည်နယ်လုံးမှာရှိတဲ့ လူငယ်ကို ဦးဆောင်ပေးမဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကော်မတီဖြစ်မယ် အဲ့ကော်မတီ ကနေတစ်ဆင့် ကျမတို့သွားချင်တဲ့ လမ်းကြောင်း ဖက်ဒရယ် ပြည်ထောင်စုအရေး ဒီပြည်နယ်ရဲ့ အရေးကို ကျမတို့ ဒီကော်မတီကနေပြီးမှ မားမားမတ်မတ် လူငယ်တွေရပ်တည်ပြီး ဆက်သွားနိုင်အောင် ရည်ရွယ်ပြီး ကျမတို့က ရည်ရွယ်ထားတယ်။” လို့ ကရင်နီပြည်လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ နဲ့ ၂၂ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ကရင်နီပြည်လူငယ် ညီလာခံမှာ ကရင်နီပြည်တွင်းကလူမျိုးစုလူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ၊ နိုင်ငံရေးပါတီက လူငယ်တွေအပါအဝင် စုစုပေါင်း ၆၈ ဦး တက်ရောက်ခဲ့ကြပါတယ်။

ကရင်နီပြည်လူငယ်ရေးရာမူဝါဒကိုလည်း ရေးဆွဲခဲ့ပြီး လူငယ်အစုအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အဆိုပါမူဝါဒနဲ့ ကိုက်ညီအောင် လူငယ်ရေးရာကော်မတီကနေ ထိန်းကျောင်းသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ဒီကရင်နီ လူငယ်ရေးရာမူဝါဒထဲမှာကတော့ ဒီကရင်နီလူငယ်တွေကို အခန်းကဏ္ဍ အသီးသီးမှာ ဒီထက်ပိုပြီး ပါဝင်ဦးဆောင်နိုင်မဲ့ အပြင် ကျမတို့ လူငယ်တွေကို ထိရောက်တဲ့ ကာကွယ်မှု ဒါမှမဟုတ်လို့ရှိရင်လည်း ကျမတို့ကို တစ်စိတ်တစ်ပိုင်းကနေပြီး လူငယ်တွေအတွက် အခွင့်အလမ်းပေးမဲ့ အရာ ကို ဖြည့်နိုင်ဖို့အတွက် ဒီမူဝါဒထဲမှာ ထည့်ရေးထားတယ်ပေ့ါနော်” လို့ အဆိုပါ ကော်မတီဝင် တစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ ကရင်နီပြည်က လူငယ်တွေဟာ စစ်ရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍ အသီးသီးမှာ ကိုယ်စီတာဝန်ယူနေကြတာကြောင့် လက်ရှိ ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည် လူငယ်ရေးရာ ကော်မတီ တစ်ရပ်အနေနဲ့လည်း ဖက်ဒရယ်ပြည်ထောင်စုအဆင့်ထိ ဖော်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ကရင်နီပြည် လူငယ်ညီလာခံဖြစ်မြောက်ဖို့ ၂၀၂၃ ခုနှစ် နှစ်စပိုင်းကတည်းက ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ လမ်းညွန်မှုနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img