spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ်၆ဦးကို  ြပစ်ဒါဏ်ချမှတ်သည့်အပေါ် ပြည်နယ်အစိုးရမှ ပြင်ဆင်ချက် ထပ်တက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ကရင်နီလူငယ် ၆ ဦးနဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့က ကျေနပ်မှုမရှိ၍ ပြင်ဆင်ချက် ထပ်တက်ထားတယ်လို့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြီးခဲ့တဲ့ ၂၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ ခူးကြူးဖဲကေး(ခ) ဂူးဂူးက ပြောပါတယ်။

“ လွိုင်ကော်မြို့ နယ်တရားရုံးက ကျတော်တို့ကို ထောင်ဒဏ် ၆ လချတယ် ဆိုတော့ ဒီအပေါ်မှာ သူက( ပြည်နယ်ဝန်ကြီးချုပ်) ကျေနပ်မှု မရှိဘူး။ ကျေနပ်မှု မရှိတဲ့အတွက် ကျတော်တို့ကို နောက်ထပ် ထောင်ဒဏ် တစ်နှစ် ထပ်ချပေးဖို့အတွက် ဒီ လွိုင်ကော်ခရိုင်တရားရုံးမှာ သူက ပြင်ဆင်ချက် ထပ်တက်တယ်” လို့ ခူးကြူးဖဲကေး(ခ) ဂူဂူးက ပြောပါတယ်။

ပြည်နယ် အစိုးရမှ နိုင်လွတ်လုံ ပုဒ်မ (၁၀) ဖြင့် တရားစွဲဆိုခဲ့တဲ့ လူငယ် ၆ ဦးကို လွိုင်ကော်မြို့ နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၆ လ နိုဝင်ဘာလ ၇ ရက်နေ့က ချမှတ်လိုက်ပြီးဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကနေ မကျေနပ်လို့ ထောင်ဒဏ် တစ်နှစ် ထပ်မံ ချပေးဖို့အတွက် ပြင်ဆင်ချက် ထပ်တက်ထားတာလို့သိရပါတယ်။

လွိုင်ကော်ခရိုင် တရားရုံးကနေ ဒီဇင်ဘာလ ၆ ရက်နေ့ကျရင် တရားရုံးမှာ လာကြားနာဖို့ ရှိတယ်လို့ဆိုပါတယ်။ ထောင်ထဲတွင်ကျန်ရှိနေသေးသည့် ကရင်နီလူငယ် ၅ ဦးကိုလည်း အခုလို ပြင်ဆင်ချက်ထပ်တက်လာတဲ့အပေါ် သိရှိကြောင်း ထောင်ပိုင်ရုံးခန်းထဲမှာခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်လို့သိရပါတယ်။

“ထောင်ထဲကနေ ထွက်လာတာ ၂ ရက်ပဲ ရှိသေးတယ်။ ပြင်ဆင်ချက် ထပ်တက်တယ်။ ဒီပြင်ဆင်ချက်တက်တာကို ရှုံ့ ချပါတယ်။ မတရားဘူးလို့လည်း မြင်ပါတယ်။”လို့ ခူးကြူးဖဲကေး(ခ) ဂူးဂူးက ဆက်ပြောပါတယ်။

ပြင်ဆင်ချက် စာထဲတွင် ပြင်ဆင်ချက်လျောက်ထားသူမှာ နိုင်ငံတော်နှင့် ဦးသက်နှောင်လို့ ရေးထားတဲ့အတွက် နိုင်ငံတော်က မည်သူမည်ဝါဖြစ်ကြောင်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ နည်းပညာအထောက်အကူပြု ကွန်ယက်မှ သုတေသီ နော်ဖောဝါးက ပြောပါတယ်။

“အရင်တုန်းက ဒီ ၆ လနဲ့ တရားလိုနဲ့ နိုင်လွတ်လုံနဲ့ တရားရုံးမှာ လာရင်ဆိုင်တာသည် ဦးသက်နှောင်ဖြစ်တယ်။ ဒါပေမဲ့ ၆ လကျတာ မကျေနပ်လို့ ပြင်ဆင်မှု တက်တယ်ဆိုတဲ့ နေရာမှာ ၁ က နိုင်ငံတော် ၂ က ဦးသက်နှောင်ဆိုတော့ နိုင်ငံတော်က ဘယ်သူ့ကို ပြောချင်တာလဲ။ ပြည်ထောင်စုက လာပြီးတော့ ဒီပြင်ဆင်မှုကို လျှောက်လာတာလား နိုင်ငံတော်ဆိုလို့ ဘယ်ပုဂ္ဂိုလ်က လာလျှောက်သလဲ သိချင်ပါတယ်ပေါ့ ” လို့ နော်ဖောဝါးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး ဦးမော်မော်တို့ကို ကရင်နီအမျိုးသား သစ္စာဖောက်များ၊ သွေးစည်းချစ်ကြည်ရေး၏ ရန်သူများအဖြစ် ထုတ်ပြန်ကြေညာ ထုတ်ပြန်ခဲ့တာကြောင့် ပြည်နယ်အစိုးရကိုယ်စား ကယားပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နှောင်က တရားလို ပြုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ပြင်ဆင်ချက် ထပ်တက်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး ဦးမော်မော်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ “ကျတော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတီဝင်တွေကို ပြောပါဗျာ။ သူတို့ ပြောတာလည်း ကျတော်ပြောတာနဲ့ တူတူပါပဲနော။”လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြန်ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ကြားနာနိုင်ရန်အတွက် ဒီဇင်ဘာလ ၆ရက်နေ့တွင် လွိုင်ကော်ခရိုင် တရားရုံးကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts