spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအတွက် နယ်စပ်ဖြတ်ကျော်ကူညီမှု အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးတဲ့နောက် ရှိရင်းစွဲ စစ်ဘေးတိမ်းရှောင်သူတွေ အပါအဝင် ထပ်မံတိမ်းရှောင်ရသူအရေအတွက်ဟာ သုံးသိန်းနဲ့အထက် ရှိလာတယ်လို့ IEC က ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်က ရှမ်းပြည်နယ်ထဲက မိုးဗြဲနဲ့ ဖယ်ခုံ ဒေသက စစ်ရှောင်တွေစာရင်းကိုပါထည့်သွင်း တွက်ချက်ထားတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ကစပြီး တပြည်နယ်လုံးအတိုင်းအတာအထိ စစ်ဘေးတိမ်းရှောင်ကြရတာဖြစ်ပါတယ်။

လူဦးရေ သုံးသိန်းနဲ့အထက် တိမ်းရှောင်နေရတဲ့ ကရင်နီပြည်တွင်းနဲ့ နယ်စပ်ဒေသက စစ်ဘေးရှောင်လူထုတွေဆီကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးဆောင်နိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ကူညီမှုတွေကို အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“တချို့စစ်ဘေးရှောင်တွေကတော့ ပြည်တွင်းထဲမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ကူညီပံ့ပိုးမှုတွေလုပ်ဖို့ လိုအပ်သလို တချို့က ကျနော်တို့ပြည်နယ်ရဲ့ ပြည်ပကို ရောက်သွားတဲ့ သူတချို့လည်း ရှိတာပေါ့နော။ ဥပမာအားဖြင့် ရှမ်းပြည်နယ်ဖက်ကိုရောက်တဲ့ အဖွဲ့အစည်းတွေကိုလည်း အတတ်နိုင်ဆုံး ဒီ INGO တွေ UN Agency တွေရဲ့ ပံ့ပိုးမှုတွေ လိုအပ်တာပေါ့နော။ အဲ့ဒီမှာရှိနေတဲ့ နယ်ခံလူထုတွေရဲ့ ကူညီမှုနဲ့ သွားရင်တော့ အဆင်ပြေနိုင်မယ်ဆိုတာ ကျနော်တို့သိထားတယ်။ အခြားတဖက်မှာ နယ်စပ်တလျှောက်နဲ့ ဒီဖက်ထိုင်းနိုင်ငံအထိ ရောက်သွားတဲ့ လူထုတွေကတော့ ထိုင်းနိုင်ငံအစိုးရကနေတဆင့် ပြင်ဆင်ပြီး နယ်စပ်ကိုဖြတ်ကျော်ပြီးတော့ ပံ့ပိုးတာ မဟုတ်ရင်လည်း နယ်စပ်ဖြတ်ကျော်ပြီးတော့မှ Humanitarian assistance က အရမ်းကို အရေးကြီးတယ်ပေါ့နော။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးတိမ်းရှောင်ရတဲ့ လူထုတွေဟာ ထိုင်းနိုင်ငံနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်တွင်းက ကျေးလက်တောတောင်တွေမှာ တိမ်းရှောင်ခိုလှုံနေကြပါတယ်။

ကရင်နီက ဒေသခံလူထုတွေဟာ နေရာပြန့်ကြဲပြီး တိမ်းရှောင်ခိုလှုံကာ စစ်ဘေးရှောင်နေကြရတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုတွေ အထူးလိုအပ်နေတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ကူညီမှုကို အမြန်ဆုံးအကောင်အထည်ဖို့ လိုအပ်သလို နယ်ခံအသင်းအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မှသာ လတ်တလောလိုအပ်ချက်တွေကို အမြန်ဆုံးနဲ့ ထိရောက်စွာကူညီဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ရှမ်းပြည်တောင်ပိုင်းက ကရင်နီစစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ လုပ်သားတဦးက သုံးသပ်ပြောဆိုထားပါတယ်။

“ဖြစ်နိုင်ရင်တော့ နယ်စပ်ဖြတ်ကျော်ရေးတွေဆိုရင် ကျနော်တို့နဲ့ တိုက်ရိုက်ချိတ်ပါ။ မြေပြင်မှာ တကယ်လုပ်နေတဲ့လူတွေကို တိုက်ရိုက်ပေးပါ။ NGO INGO တွေကို တဆင့်ခံမနေပါနဲ့။ ဒါတွေ ကျနော်တို့ လုပ်ပေးနိုင်တာ အကုန်လုံး လုပ်ပေးလို့ရတယ်။ ကူညီပေးလို့ရတယ်။ အဲ့လိုဖြစ်စေချင်တယ်။ အဲ့ဒီဟာတွေ မလုပ်ပေးနေသရွေ့တော့ Process(လုပ်ငန်းစဉ်) တွေ Procedure (လုပ်ထုံးလုပ်နည်း) တွေနဲ့ သွားရင်တော့ ပြီးမှာ မဟုတ်ဘူး သိလား။ မြန်မြန်လေး ရတဲ့ဟာပေါ့။ လုပ်ထုံးလုပ်နည်းတွေ အများကြီး ရှိပါတယ်။ အဲ့လို လုပ်ပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။” လို့ အဆိုပါ ပရဟိတ လုပ်သား တဦးကပြောပါတယ်။

တိမ်းရှောင်သူတွေ များပြားလာတာနဲ့အမျှ ကူညီပံ့ပိုးမှုမှာ ပိုမိုခက်ခဲလာတယ်လို့ စစ်ဘေးရှောင်သူများကို ကူညီဆောင်ရွက်ပေးနေတဲ့ အသင်းအဖွဲ့တွေကလည်း ပြောပါတယ်။ ယခင်ကတည်းက ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး မြို့ပြစစ်ဆင်ရေး စတင်လာပြီးတဲ့နောက်ပိုင်းမှာတော့ လမ်းကြောင်းပိတ်ဆို့မှုတွေအပြင် ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

“အဓိက ကတော့ ကုန်သွယ်စီးဆင်းမှုလမ်းကြောင်းပေါ့နော။ စကစ က ပိတ်ထားတယ်။ ပိတ်ထားတဲ့ခါကျတော့ ဘာဖြစ်လဲဆိုတော့ ကုန်စျေးနှုန်းတွေ တက်လာတယ်။ ပြီးတော့ ရိက္ခာတွေ ပြတ်လပ်သွားတယ်ပေါ့နော။ အဓိကကတော့ ကုန်မရှိတဲ့အခါမှာ ကျနော်တို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်တဲ့အခါမှာ အခက်အခဲတော့ ရှိသွားတာပေါ့။” လို့ ကရင်နီပြည်တွင်းက စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အသင်းအဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရပ်ဖက်အဖွဲ့တွေအနေနဲ့လည်း နယ်စပ်ဖြတ်ကျော်ကူညီမှုကို နယ်မြေခံအသင်းအဖွဲ့တွေဆီကို တိုက်ရိုက်ချိတ်ဆက်ပြီး ကူညီတဲ့အစီအစဉ်ကသာ လိုအပ်မှုရှိနေတဲ့ စစ်ဘေးရှောင်လူထုတွေဆီကို ထိရောက်စွာရောက်ရှိသွားမှာဖြစ်တယ်လို့ အရပ်ဖက်အသင်းအဖွဲ့တခုဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ အတွင်းရေးမှူး -၂ မော်ဖရေမြာ က ပြောပါတယ်။

“ကျမတို့ ကရင်နီအနေအထားနဲ့က လိုပြီလားဆိုတော့ အဲ့ဒါက အရမ်းကို အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ကရင်နီအနေအထားနဲ့ဆို ဝင်ဖို့ လိုနေပြီပေါ့နော၊ ဘာလို့လဲဆိုလို့ရှိရင် တော်တော်များများ Humanitarian အကူအညီက ကျမတို့ ဒီ NGO တွေဆီကနေတဆင့် နည်းနည်းရတဲ့ဟာမျိုးတွေဘဲဖြစ်တော့ NGO ကနေ အများကြီး ယူပြီးတော့မှ ကျမတို့ လက်ထဲရောက်တဲ့အချိန်ဆိုရင် နည်းနည်းဘဲ၊ ပြီးရင် လူထုဆီရောက်ရင် ပိုတောင်နည်းသွားတယ်။ ဘာလို့လဲဆိုလို့ရှိရင် ဝယ်ခြမ်းရတဲ့ ခရီးစရိတ်တို့ ဘာတို့ အဲ့လို ပုံစံမျိုးတွေနဲ့ တအားကုန်ကျတယ်ပေါ့နော။” လို့ မော်ဖရေမြာက ပြောဆိုထားပါတယ်။

၁ လေးလုံးစစ်ဆင်ရေး မစတင်ခင်ကတည်းက ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ဆန်၊ ရိက္ခာခြောက်တွေ ဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ငွေရှိရင်တောင် ဝယ်ယူစရာ ရိက္ခာတွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ပိုက်ဆံလည်း မရှိပါဘူး။ ရှိရင်လည်း ဝယ်စရာမရှိဘူး။ အရင်က ဒီမှာမရောက်ခင်တုန်းကဆိုရင် ပိုဆိုးတာပေါ့။ စစ်ရှောင်တာ ဆယ်နေရာမကတော့ဘူး။ အဆင်နည်းနည်းပြေမယ်ထင်တဲ့ အခုနေရာတောင်မှ မပြေဘူးလေနော။ ရိက္ခာလည်း မနည်းချွေတာရတယ်။ ကုန်သွားရင် ဘာစားမလဲ။ ကျမတို့ကို ကူညီနေတဲ့လူတွေ ဝယ်စရာမရတော့ရင် ဘယ်လိုလုပ်မလဲ။ ဟိုး..အပြင်က နိုင်ငံတကာဆိုလား အဲ့ဒီကလူတွေ ကျမတို့ကို ကူညီပေးပါ။ တောင်းဆိုပါတယ်။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ စစ်ရေးအခြေအနေတွေကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ အကုန်ပိတ်ဆို့သွားနိုင်တာကြောင့် ထိုင်းနိုင်ငံကနေတဆင့် နယ်စပ်ဖြတ်ကျော်ကူညီမှုကို အကောင်အထည်နိုင်ဖို့က မဖြစ်မနေ လိုအပ်လာမှာဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ “ UN နှင့် INGO ဝန်ထမ်းများ မိသားစုဝင်များအား ဘေးကင်းစွာ ရွေ့ပြောင်းပေးခဲ့ခြင်းနှင့်ပတ်သက်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်” ဆိုတဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO တွေအနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို လိုအပ်တယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။

၁ လေးလုံး မြို့ပြစစ်ဆင်ရေးရဲ့ တိုက်ပွဲကြားကနေ လွိုင်ကော်မြို့မှာရှိတဲ့ UN နဲ့ INGOs ဝန်ထမ်းများ ၊ မိသားစုဝင်များ စုစုပေါင်း ၂၂၈ ဦးဟာ IEC ရဲ့အကူအညီနဲ့ ဘေးကင်းရာကို ရွေ့ပြောင်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts