spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီ စစ်မီးပဋိပက္ခတွေကြား ပျောက်ကွယ်လုဆဲဆဲ လူမျိုးစု (သို့မဟုတ်) ယင်းတလဲ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ပြန်တလိုင်” လို့ ခေါ်ဆိုကြတဲ့ လူသိနည်းလှတဲ့ ယင်းတလဲလူမျိုးစုတွေဟာ ကရင်နီပြည် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ အများစုနေထိုင်ကြပြီး၊ အာဏာသိမ်းပြီး နောက်ဆက်တွဲ တိုက်ပွဲတွေကြောင့် တခြားသော ကရင်နီတိုင်းရင်းသားတွေနည်းတူ စစ်ရှောင်ဘဝ အဖြစ် ရောက်ခဲ့ကြရပါတယ်။

ကရင်နီလူမျိုးစု ကိုးစုထဲက တစုအပါအဝင်ဖြစ်ပြီး၊ ၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်နီပြည်နယ် လူဦးရေ သုံးသိန်းနီးပါးထဲကမှ တထောင့်ကိုးရာဝန်းကျင်သာကျန်ရှိတော့တဲ့ ဒီလူမျိုးစုဟာ လက်ရှိအချိန်မှာ တကွဲတပြားနဲ့ စစ်ရှောင်နေကြရတာပါ။

ယင်းတလဲလူမျိုးစုတွေ နေထိုင်တဲ့ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ထဲက ကျေးရွာအနီးအနားတွေမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ သူတို့တွေဟာ လွိုင်ကော်၊ ပြည်တွင်းစစ်ရှောင်စခန်းတချို့နဲ့ ထိုင်းနယ်စပ် အပါအဝင် မြန်မာပြည်မအထိ နေရာပြန့်ကျဲ စစ်ရှောင်ခဲ့ကြရတယ်လို့ ယင်းတလဲအရေး လှုပ်ရှားသူဆီကနေ သိရပါတယ်။

“ခံစားရတယ်။ လူကအနည်းစုဆိုတော့ ပျောက်မှာကြောက်လို့။“ လို့ တကွဲတပြား စစ်ရှောင်နေရကြတဲ့ သူတို့လူမျိုးတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်တကြီးနဲ့ တိုင်းရင်းသား အသံဝဲဝဲလေးနဲ့ ပြောပြလာသူ ကတော့ အသက် ၆၀ အရွယ် ယင်းတလဲအမျိုးသား ဦးဗန့် (အမည်လွှဲ) ပါ။

ဦးဗန့် (အမည်လွှဲ) ဟာ အတန်းပညာတွေ မသင်ကြားခဲ့ဖူးတဲ့အပြင် အသက် (၃၀) ဝန်းကျင်ရောက်မှသာ ဗမာစကားကို စတင်ပြောဆိုနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိသူဟာ ထိုင်းနယ်စပ် တနေရာမှာ မိသားစုနဲ့ အတူ စစ်ရှောင်နေရတာပါ။

လူနည်းစုသာ ကျန်ခဲ့တဲ့ ဒီလူမျိုးစုဟာ ပညာရေးမှာပါ နှိမ့်ပါးခဲ့ရပြီး ရိုးရာယဉ်ကျေးမှုတွေကို စာပေနဲ့ မမှတ်သားနိုင်ခဲ့တာကြောင့် တချို့သော ရိုးရာယဉ်ကျေးမှုဓလေ့တွေဟာ ပျောက်ကွယ်သွားတယ်လို့ ဦးဗန့် (အမည်လွှဲ) က ဆက်ပြောပြပါတယ်။

ယင်းတလဲလူမျိုးစုတွေဟာ ပထမ ကမ္ဘာစစ်အတွင်း ခံစားခဲ့ရတဲ့ ပလိပ်ရောဂါကြောင့် လူဦးရေ ထက်ဝက်ကျော် အသက်ဆုံးရှုံးသွားခဲ့ရဖူးတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် (၆၀) ဦးနေဝင်း လက်ထက်မှာလည်း နောက်ထပ် ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် စစ်အစိုးရရဲ့ ဖြတ်လေးဖြတ်စနစ်တွေနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရာကနေ ဒီကနေ့အထိ လူဦးရေနည်းပါးနေရခြင်း ဖြစ်တယ်လို့ ဦးဗန့် (အမည်လွဲ) ကပြန်ပြောင်းပြောပြပါတယ်။
လက်ရှိ ကရင်နီပြည်မှာ စစ်ကောင်စီကနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်း တွေမှာ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာ၊ နေအိမ်မီးရှို့တာတွေ ပြုလုပ်လေ့ ရှိပါတယ်။
အဲဒီထဲမှာ လူနည်းစုဖြစ်တဲ့ ယင်းတလဲလူမျိုးတွေလည်း တခြားတိုင်းရင်းသားမျိုးနွယ်စုလိုပဲ ဒီဒုက္ခတွေကို ကြုံတွေ့ကြရတာပါ။

စစ်တပ်အာဏာမသိမ်းခင် ရိုးရာတောလိုက်ပွဲတော် မကျင်းပမှီ စုဝေးနေကြတဲ့ ယင်းတလဲ အမျိုးသားများ

ဒါတွေဟာ လူနည်းစုဖြစ်တဲ့ လူမျိုးစုအတွက် စုစည်းနေထိုင်ဖို့ ပိုမိုခက်ခဲစေပြီး လူမျိုးစုတစု ပျောက်ကွယ်စေနိုင်တဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတခုဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“အခုက အရမ်းကိုပြန့်ကျဲသွားတဲ့အတွက် တစုတဝေးမရှိခြင်းဟာ ပိုပြီးတော့မှ ဒီလူမျိုးစု ပျောက်သွားနိုင်တဲ့ အခြေနေကို ကျနော်တို့ ရောက်ရှိသွားနိုင်တာပေါ့နော်” လို့ သူက ပြောပါတယ်။

အာဏာမသိမ်းခင်အထိ ယင်းတလဲလူမျိုးတွေဟာ မျိုးချစ်စိတ်အပြည့်နဲ့ အားလပ်ချိန်တွေမှာ အချင်းချင်းစုစည်းပြီး အားကစားပြိုင်ပွဲတွေ၊ တရွာနဲ့တရွာဖိတ်ခေါ်ပြီး တွေ့ဆုံပွဲတွေ လုပ်ဆောင်ခဲ့ကြသလို လူမျိုးစုသမိုင်းတွေကို မှတ်သားထားနိုင်ဖို့ ကိုယ်ပိုင်စာပေ တွေကို တီထွင်ရေးသားလာသလို ကျောင်းသင်ခန်းစာတွေမှာပါ သင်ကြားနိုင်တဲ့အထိ တိုးတက်မှုတွေရှိခဲ့ပါတယ်။

သို့ပေမယ့် ဒါတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း တကွဲတပြားစစ်ရှောင်ခဲ့ရပြန်တာကြောင့် နဲ့ အချင်းချင်းဆက်သွယ်ဖို့ နဲ့ ပြည်လည် စုစည်းနေထိုင်ကြဖို့က ခက်ခဲနေတာပါ။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစနစ်ကနေ အရပ်သားအစိုးရအဖြစ်ပြောင်းလဲအုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် (NLD) အုပ်ချုပ်ခဲ့တဲ့ “မစို့မပို့” ဒီမိုကရေစီကာလတွေမှာ ယင်းတလဲလူမျိုးတွေ နေထိုင်ရာဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကျန်းမာရေးနဲ့ ပညာရေးအပိုင်းတွေမှာ တိုးတက်ပြောင်းလဲမှု အထိုက်အလျောက်ရှိခဲ့ပြီး ကိုယ်ပိုင်စာပေကို သတ်မှတ်သင်ကြားလာနိုင်ခဲ့ပါတယ်။

ယင်းတလဲလူမျိုးတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား နဲ့ရိုးရာဓလေ့တွေ ရှိပေမဲ့ စာပေကိုတော့ ကယားစာပေ(ကြယ်ဖိုးကြီး) အက္ခရာကိုအခြေခံပြီး ယင်းတလဲဘာသာစကား (အသံထွက်)နဲ့ ပြန်လည်ရေးသားကာ ယင်းတလဲစာပေအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ယင်းတလဲလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ တံခွန်တိုင်ပွဲတော် ၊ ဒီးကူပွဲတော်နဲ့ တခြားသော ရိုးရာပွဲတော်တွေကို အာဏာမသိမ်းခင်အထိ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သလို ကိုယ်ပိုင်ယဉ်ကျေးမှု နဲ့ ရိုးရာဓလေ့တွေကိုလည်း အချိန်ကာလနဲ့အညီ ကျင်းပနိုင်ခဲ့ကြပါတယ်။

သို့ပေမယ့် အာဏာသိမ်းနောက်ဆက်တွဲ ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် စစ်ရှောင်ဘဝနဲ့ ဒီလူမျိုးစုဟာ တကွဲတပြား ဖြစ်နေရုံသာမက ရိုးရာပွဲတော်တွေကို အကျဉ်းချုံးသာ ကျင်းပနိုင်တော့တယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လူမျိုးစုတစုလုံး ပျောက်ကွယ်သွားမှာကို အထူးစိုးရိမ်နေကြတာပါ။

“စာပေယဉ်ကျေးမှု၊ ကိုယ့်ရိုးရာဘာသာစကားကိုတော့ ထိန်းသိမ်းရမှာက ကျနော်တို့မှာ တာဝန်ရှိ တယ်လေ။ ဒါပေမဲ့ အဲလိုမျိုးက လွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိခဲ့ရင် ရိုးရာယဉ်ကျေးမှု ပျောက်သွားရင်လည်း လူမျိုးလည်း ပျောက်သွားမှာပေါ့။ လူမျိုးပျောက်ရင်လည်း စာပေလည်း ထပ်ပျောက်မှာပေါ့။ အခု ကျနော်တို့ လူမျိုးနည်းတဲ့အတွက် စာပေနဲ့ထိန်းသိမ်းတယ် ဆိုတဲ့အခါကျမှ လုပ်ခါစပဲရှိသေးတယ်။ အဲလို မျိုးထပ်ဖြစ်တော့ ဝမ်းနည်းတယ်ပေါ့ဗျ….” လို့ လူလတ်ပိုင်းအရွယ် ယင်းတလဲ အမျိုးသားတဦးက ပြောင်းလဲလာတဲ့ကာလအတွင်း လူမျိုးစုတစု ပြန်လည်အဓွန့်ရှည်ဖို့ ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားရတဲ့အကြောင်း ဝမ်းနည်းစွာ ပြောပြလာပါတယ်။

ဝမ်အောင်း (ယင်းတလဲ) ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့စဉ် ပျက်စီးသွားတဲ့နေအိမ်

လက်ရှိမှာ နေရာပြန့်ကျဲစစ်ရှောင်နေကြရတဲ့ ဒီလူမျိုးစုဟာ မြို့ပေါ်မှာရောက်ရှိတဲ့သူတွေ လောက်သာ အချင်းချင်းပြန်လည်ဆက်သွယ်နိုင်ကြတာပါ။ ထိုင်း- ကရင်နီနယ်စပ်နဲ့ ပြန်တွင်းစစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေကြတဲ့သူတွေအဖို့ အချင်းချင်းဆက်သွယ်ဖို့ဆိုတာ မလွယ်ကူပါဘူး။

“မိသားစုဝင်တွေက ပြည်တွင်းစစ်ရှောင်တနေရာမှာ၊ အင်တာနက်လိုင်းနဲ့ သူ့တိုကို ဆက်သွယ်ရတာပေါ့။ ဒါပေမယ့်လည်း အင်တာနက်လိုင်းလည်း တအားကို ခက်ခဲတာပေါ့။ သူတို့ဖက်က နိုင်ငံရေးဒီလိုဖြစ်တော့ အင်တာနက်လိုင်းတွေ ပြတ်တောက်တယ်။ ခက်ခက်ခဲခဲနဲ့ ဆက်သွယ်ရတာပေါ့ အင်တာနက်ကနေ တဆင့်” လို့ ထိုင်းနိုင်ငံကို ရောက်ရှိသွားတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် “ဖမုန်း” က ပြည်တွင်းစစ် ရှောင်စခန်း တနေရာမှာကျန်ခဲ့တဲ့ သူမမိသားစုနဲ့ ဆက်သွယ်ဖို့ ခက်ခဲတဲ့အကြောင်းကို ပြောပြပါတယ်။

သူမကတော့ ပညာဆက်လက်သင်ယူလိုချင်စိတ်တခုတည်းနဲ့ ထိုင်းနိုင်ငံကို မိသားစုဝင်မပါဘဲ တိုက်ပွဲတွေ ကြားက စွန့်စားပြီး ထွက်လာခဲ့သူပါ။

တခြားတိုင်းတပါးမှာ ရောက်နေတဲ့ သူမအဖို့ “လုံခြုံတယ်” ဆိုပေမဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် တရက်မှ စိတ်မအေးရဘူးလို့ “ဖမုန်း ကပြောပါတယ်။

“ဖမုန်း” ဟာ နိုင်ငံတကာအဆင့်ပညာရေးတွေကို ဆက်လက်သင်ယူဖို့ ကြိုးစားနေပြီး၊ ပညာတတ်ဖြစ်တဲ့ အချိန် သူမရဲ့ လူမျိုးတွေအတွက် တတ်နိုင်သလောက် ပြန်အကျိုးပြုမယ်လို့ ဆိုပါတယ်။ လက်ရှိ သူမဟာ အင်တာနက်လိုင်းရတဲ့ ယင်းတလဲလူငယ်တွေနဲ့ လိုင်းပေါ်မှာ တွေ့ဆုံပြီး တတ်သိတဲ့ပညာတွေကို မျှဝေနေကြပါတယ်။

“ဖမုန်း” လိုပဲ လူငယ်တွေကို တတ်သိတဲ့ပညာတွေနဲ့ စိတ်ဓာတ်ခွန်အားအပြင် စစ်ရှောင်တွေအရေး တတ်နိုင်တဲ့ဖက်မှ ကူညီသူကတော့ အသက် ၂၇ နှစ်အရွယ် ယင်းတလဲလူငယ် အမျိုးသမီးလေး “ရှိယော်” ပါ။

“ရှိယော်” ကတော့ လူမျိုးတမျိုးရဲ့ ရိုးရာယဉ်ကျေးမှုဟာ သူတို့ရဲ့ အသက်သွေးကြောဖြစ်တယ်လို့ တင်စားထားပြီး ယင်းတလဲလူငယ်တွေအနေနဲ့လည်း စာပေယဉ်ကျေးမှုတွေကို ဦးစားပေးလေ့လာသင် ယူစေချင်တယ်လို့ ဆိုလာပါတယ်။

“အကယ်၍ နောက်ဆုံးပျောက်ကွယ်သွားသည့် တိုင်အောင် ကျမတို့က ဒါကို ထားခဲ့လို့ရတယ်ပေါ့နော။ သမိုင်းအနေနဲ့ဖြစ်ဖြစ် တခုခုပေါ့နော အမှတ်တရအနေနဲ့ဖြစ်ဖြစ် ဒီကမ္ဘာကြီးမှာပေါ့နော ဒီအခုခေတ် ကာလဆိုရင် အရမ်းတိုးတက်လာပြီဖြစ်တဲ့အတွက် အင်တာနက်တွေမှာပဲ ကိုယ်သိမ်းထားလို့ ရတယ်ပေါ့နော်” လို့ သူမက ပြောပါတယ်။

ယင်းတလဲလူမျိုးတွေရဲ့ စစ်ရှောင်ကာလ တနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူမှာ လက်ရှိအချိန်ထိ ကောက်ယူနိုင်တဲ့စာရင်းအရ အယောက် နှစ်ဆယ်ဝန်းကျင်ရှိနေပါတယ်။ ဒါဟာ လူဦးရေ တထောင့်ကိုးရာဝန်းကျန်သာရှိတဲ့ ယင်းတလဲ လူမျိုးစုအတွက် တစ် ရာခိုင်နှုန်းကျော် သေဆုံးသွားတာဖြစ်တယ်လို့ ယင်းတလဲအရေးလှုပ်ရှားသူ အမျိုးသားလူငယ်တဦးက ပြောပါတယ်။

“တိုက်ပွဲတွေကြားမှာ လက်နက်ကြီးထိမှန်လို့ သေဆုံးရတာကတမျိုး၊ စစ်ရှောင်ရင်းနဲ့ နာမကျန်းဖြစ်လို့ သေဆုံးရတက တမျိုး၊ စစ်ရှောင်ရင်းနဲ့ စိတ်ဒုက္ခ စိတ်သောကတွေရောက်ပြီး သေဆုံးရတာကတမျိုး ဆိုတော့ ကျနော်တို့ စိုးရိမ်ရတဲ့ အထဲမှာ ဒီဟာလေးလည်းပါတယ်” လို့သူကပြောပါတယ်။

ဒါတွေအပြင် စစ်ရေးပဋိပက္ခ ဒီထက်ရှည်ကြာလာခဲ့ရင် ယင်းတလဲလူမျိုးတွေအနေနဲ့ စစ်ရှောင်ရင်း စားနပ်ရိက္ခာပိုင်းမှာ အငတ်ဘေးကြုံနိုင်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေကို မထိန်းသိမ်းနိုင်တော့ဘဲ လူမျိုးဟာလည်း ပျောက်ကွယ်သွားနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

တောတွင်းတနေရာမှာ စစ်ရှောင်ကြတဲ့ ယင်းတလဲလူမျိုးများ

“လူနည်းစု ဆိုတဲ့စကားကို ကျနော်တို့ မကြားချင်လောက်အောင်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ လူနည်းစုဆိုတာ “တချိန်မှာ ပျောက်ကွယ်သွားနိုင်တဲ့လူ” လို့ သတ်မှတ်ထားတယ်ပေါ့လေနော်။ အဲကြောင့် လူနည်းစု လို့ခေါ်လိုက်ရင် ပျောက်ကွယ်လုဆဲဆဲဖြစ်တဲ့ ပုံစံမျိုးကိုတော့ သွားတယ်ပေါ့လေ။ ဒီလိုမျိုးခေါ်လိုက်တယ်ဆိုတာက အဲခါကျတော့ ကျနော်တို့ လူဦးရေကို လူဦးရေတိုးနိုင်အောင် ပွဲလမ်းသဘင်တွေပြန်လုပ်နိုင်အောင် ဆိုပြီးတော့ စိတ်ကူးစိတ်သန်း စီစဉ်ဆောင်ရွက်ချက်လေးတွေကို ကျနော်တို့ ဒီကာလမှာ ကျနော်တို့ ဘာမှ အကောင်အထည်မဖော်နိုင်သေးခါကျတော့ အနာဂတ်အတွက် ကျနော်တို့ ရင်လေးမိတယ်ပေါ့” လို့ ယင်းတလဲအရေးလှုပ်ရှားသူ အမျိုးသားလူငယ်တဦးက ပြောပါတယ်။

လူမျိုးစုတစု မပျောက်ကွယ်ဖို့၊ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို လိုက်လံထိန်းသိမ်းပေးဖို့ လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“အတတ်နိုင်ဆုံးပေါ့နော သူတို့ရောက်ရှိတဲ့ အရပ်ကို ကျနော်တို့က စာရင်းတွေပြုစုပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ဓလေ့ရိုးရာထိန်းသိမ်းအစဉ်လာတွေကို ဆက်လက်ပြီးမှ ထိန်းသိမ်းနိုင်အောင် သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်း အစီမံတွေကို ကျနော်တို့က အားပေးအားမြောက်ပြုဖို့ လိုအပ်ပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိ ယင်းတလဲလူငယ်နဲ့ ကျောင်းနေအရွယ်ကလေး ၉၈ ရာခိုင်နှုန်းလောက်ဟာ ပြည်တွင်း စစ်ရှောင်စခန်းတွေမှာ နေထိုင်ခဲ့ကြပြီး၊ မဆိုစလောက်အနည်းစုသာ မြို့ပေါ်မှာ ပညာသင်ယူခွင့် ရရှိကြတာဖြစ်ပါတယ်။

ဒါကြောင့် ကျန်ရှိနေတဲ့ လူငယ်တွေ ပညာဆက်လက်သင်ယူနိုင်ဖို့နဲ့ ဒီလူမျိုးစု ဘေးကင်းစွာ ရှင်သန်နိုင်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို ယင်းတလဲလူထုတွေကိုယ်စား “ရှိယော်” က အခုလိုတောင်းဆိုလိုက်ပါတယ်။

“နယ်စပ်တလျှောက်မှာ ပညာသင်ကြားခွင့်ရအောင်၊ နားခိုခွင့်ရအောင် Safe house(လုံခြုံတဲ့နေရာ) တွေ ဖန်တီးပေးဖို့တွေ၊ ပညာရေးလမ်းကြောင်းတွေ Scholarship (ပညာသင်ဆု) ပေါ့နော် တတ်နိုင်တဲ့ ဖက်ကနေ အနည်းနဲ့အများ ပေးဖို့တွေ၊ ခွဲပေးဖို့တွေ၊ သင်ကြားပေးဖို့တွေ ကျမတို့က တောင်းဆိုချင်တယ်ပေါ့”

spot_img
spot_img

Recent posts