spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ကလေးတို့၏ အမှောင်ထုခရီးဖြတ်သန်းခြင်း

ခရစ္စတင်း

ဖေဖေက ဒန်ဘာကားကို အိမ်ရှေ့တည့်တည့်…..ထိုးရပ်သည်။ မေမေက အိမ်အောက်မှာ အထုပ်အပိုးသယ်ရင်း၊ ပျဉ်ပြားနှင့် ဆန်အိတ်ကို ကားပေါ်သို့ ဦးဆုံးပစ်တင်လိုက်သည်။ ပြီးမှ သစ်သားဗီဒိုတင်သည်။ မှန်ဗီဒိုကတော့ သယ်လို့မဖြစ်။

အထုပ်အပိုးနဲ့ လူက နောက်မှာထိုင်ပြီးလိုက်လို့ရတယ်။ ဟိုဘက်က တူမတွေလည်း လိုက်မှာ မေမေက အထုပ်တွေကို ကားပေါ်တင်ရင်း ပြောသည်ကို သမီး(ဟေစီ) မှတ်မိသေးသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ရဲ့ အနောက်ဘက်က တောင်တန်းတွေဆီကို ဖေဖေ ဦးတည် မောင်းလာခဲ့သည်။ မိုးဦးကာလဆိုပေမယ့် ရှိရင်းစွဲထက်ပို၍ အုပ်မှိုင်းနေသော တောင်တန်းဆီကို တိုးဝင်လာသည့်အလျောက် ရင်ထဲအေးစက်လာသည်။

ဟေစီတို့ အဖွားရဲ့အိမ်ရှေ့မှာ ကားကိုထိုးရပ်လိုက်သည်နှင့်တပြိုင်နက်၊ အဖွားက ပြေးလာပြီး ရောက်လာကြပြီလား၊ လာပါလာပါ အမယ်လေး မအလကို ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ငါ့မြေးတွေကို မြင်ရမှာမဟုတ်ဘူး ဟုဆိုသည်။ မတူညီတဲ့ရာသီဥတုနှင့် ပတ်ဝန်းကျင်ကြားထဲက အဖွားတို့အိမ်မှာ တစ်နှစ်ကျော်နေရသည်။

အိမ်မှာနေတုန်းက လေယာဉ်သံကြားရင် သမီးတို့မောင်နှမ အိမ်ရှေ့ကိုပြေးထွက်ပြီး အော်ကြသည်။ ပျော်ကြသည်။ အဖွားတို့ရွာမှာတော့ လေယာဉ်က နှိမ့်နှိမ့်လေးပျံသည်။ ခနခနပျံသည်။ ဒါပေမဲ့ အဖွားတို့ အိမ်တွင် နေစဉ်မှာတော့ လေယာဉ်လာချိန်ဆိုမပျော်ရ။ လေယာဉ်သံကြားတဲ့ အချိန်တိုင်း ဖေဖေက သမီးတို့ကို ဆွဲခေါ်ပြီး မှောင်နေတဲ့တွင်းထဲကို ပြေးဝင်ကြရသည်။ လေယာဉ်တွေခနခန လာနေတဲ့ နောက်ပိုင်းမှာတော့ ဖေဖေတို့က “ဒီမှာဆက်နေလို့မဖြစ်ဘူးနဲ့တူတယ်” လို့ ခနခနပြောနေကြသည်။

အဲဒီနောက်ပိုင်း ဟေစီတို့မိသားစု အထုပ်အပိုးတွေထုပ်ပြီး နေရာထပ်ပြောင်းရွှေ့ကြရသည်။ ခုတခါ အရင်လို ဒန်ဘာ ကားကြီးကြီးတော့မဟုတ်။ အတော်မြင့်တဲ့ ကားသေးပေါ်မှာ ဖေဖေရယ်၊ မေမေရယ်၊ သမီးတို့မောင်နှမ သုံးယောက်ရယ်၊ ဦးဦးရယ် ကားပေါ်တက်ကြသည်။

မသွားခင် ဖွားဖွားက သွားလေရာဘေးကင်းစေကြောင်း မင်္ဂလာဆုတောင်းစကားဆိုသည်။ ဟေစီတို့ ကားငယ်လေးနှင့် ခရီးထွက်ကြရသည်။ ဘယ်ဆီ ဘယ်အရပ်ရယ်မသိ လမ်းမှာ မြစ်ကြီးဖြတ်ရသည်။ တောင်တက်ရသေးသည်။ နေပူထဲမှာ လမ်းလျှောက်ကြရသေးသည်။

ရောက်ပြီဟု ဖေဖေက ပြောသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သိသူမရှိ။ ဆွေမျိုးမရှိ သူစိမ်းမြေမှာ ဟေစီနှင့်ဖေဖေတို့ အခြေချသည်။ ဒီနေရာကို လူကြီးများတွေက ထိုင်းမြန်မာနယ်စပ် စစ်ရှောင်စခန်း တဲ့လေ။ ဒီမှာနေတဲ့ အတောအတွင်းမှာတော့ ဟေစီတို့ အရင်လို ကောင်းကင်ယံမှာ ပျံနေတဲ့ လေယာဉ်ပျံကို မတွေ့ရ။

ဟေစီတို့ မိသားစုက သူများတွေပိုင်တဲ့ တဲအိမ်တစ်ခုမှာ ငှါးနေရသည်။ ခုနေရတဲ့အိမ်က တဲအိမ်ဆိုတော့ သမီးတို့ရွာက တိုက်နှစ်ထပ်အိမ်ကို လွမ်းနေရတာအမော။ ခုတော့စစ်သားတွေ တပ်စွဲနေတယ်ဆိုလားဘဲ။

ဒီလိုနေလာရင်းနဲ့ တစ်နေ့ မနက်ခင်းလေးမှာ နိုးလာတော့ ဟေစီ့ရဲ့ ခေါင်းနှင့်ခန္ဓာကိုယ်မှာ နာနာကျင်ကျင်ခံစား နေရသည်။
ဟေစီ ခေါင်းအရမ်းကိုက်ပေမည့် မျက်စိကို ကြိုးစားဖွင့်သည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဟေစီတို့ အိမ်မဟုတ်။

ကုတင်တစ်ခုပေါ်မှာ ဟေစီလှဲနေရသည်။ ဆေးရုံတစ်ခုခုကို ရောက်နေမှန်းတော့ ပတ်ဝန်းကျင်က အပြင်အဆင်တွေအရ ဟေစီ သတိထားမိသည်။

ဟေစီ့ ဘေးမှာ အမျိုးသမီးတစ်ဦးရှိသည်။ မေမေတော့မဟုတ်။
မေမေရော လို့မေးတော့ “ရွာမှာ ဖုန်းလိုင်းမရဘူးတဲ့” လို့ပြန်ပြောသည်။

“သမီးဘယ်ရောက်နေလဲ” လို့ မေးတော့ သမီးက ခုဆေးရုံမှာ သမီးတို့အိမ်နောက်က သစ်ပင်ကျိုးကျတုန်းက သမီးကိုပိမိလို့ ဒဏ်ရာနည်းနည်းရသွားတာတဲ့။ မနေ့ညက မိုးကြီးကြီးရွာလို့ ဟေစီတို့ မိသားစု အိပ်ကောင်းကောင်းနဲ့ အိပ်ပျော်သွားခဲ့တာပါ။ မနက်နိုးလာတော့ ဒဏ်ရာရလို့ ဆေးရုံရောက်နေတာ။

ဆေးရုံမှာ အချိန်တစ်ခု ကြာနေရသည်။ ဟေစီ့ခေါင်းက ချုပ်ထားတာ အရှည်ကြီး။ ခြေနှစ်ဖက်လည်း ကျောက်ပတ်တီး အစအဆုံး။ သစ်ပင်ပိမိလို့ ထိခိုက်ဒဏ်ရာရတာ ဟေစီတစ်ယောက်ထဲမဟုတ် ဟေစီတို့ မောင်နှမ သုံးယောက်လုံးထိတာတဲ့။

နောက်မှပြန်သိရတာက ဟေစီတို့မောင်နှမ သုံးယောက်လုံးက သစ်ပင်ပိမိလို့ ခေါင်းလည်းကွဲ၊ ခြေလက်တွေ ကျိုးပဲ့ စုတ်ပြဲကုန်တယ်ဆိုပဲ။ ဆေးရုံမှာ အတန်ကြာ မေ့မျောနေကြတယ်ဆိုပဲ။

မေမေက ဘာဖြစ်သွားမှန်း သမီး မသိ၊ ဘာလို့ရွာကို အကြာကြီးပြန်သွားမှန်းလည်း မသိ။ ဖေဖေကတော့ မထိခိုက်ထားဘူးဆိုလို့ ဟေစီ စိတ်သက်သာသွားတယ်။
ဖေဖေက တခါခါ video call ခေါ်သည်။

ဖေဖေကိုမေးတော့လည်း မပြောပြ။ တခါခါလည်း မေမေများဆုံးသွားလို့ မပြောပြချင်တာလား လို့တွေးမိတယ်။

သမီးတို့မောင်နှမ သုံးယောက်က တစ်ယောက်ကိုဆေးရုံတစ်ခုစီ၊ မြို့တစ်မြို့စီ တင်ထားရသည်။ ထိခိုက်တဲ့ဒဏ်ရာ ပြင်းထန်တာမတူတော့ ဆေးရုံတွေခွဲပြီးပို့ထားရသည်တဲ့။

တစ်မိသားစုလုံး ဆေးရုံမှာဆိုတော့ ဖေဖေက စိတ်လည်းပူ၊ လူရောပန်းနေရရှာရော့မည်။

ခုတော့ ဟေစီနေပြန်ကောင်းပါပြီ။ ကျောင်းသွားနေပါပြီ။ ကျောင်းမှာ တို့တိုင်းပြည် အကြောင်းရေးတော့ ဟေစီက မရေးတတ်။
ဟေစီတို့က ဘယ်တိုင်းပြည်နှင့်ဆိုင်လဲ ဘယ်တိုင်းပြည်ကို ဆက်သွားရမလို့လဲ။ ရွာမပြန်ရတော့ဘူးလား။ အိမ်မပြန်ရတော့ဘူးလား။ အိမ်လွမ်းတယ်။ မေမေ့ကိုလည်းလွမ်းတယ်။ မေမေရောင်းတဲ့မုန့် ပြန် စားချင်ပြီ။

အိမ်မက်ထဲမှာ ရွာပြန်ပြီး မေမေ့ကို လိုက်ရှာရတဲ့ ညများအတွက် သမီးနိုးလာတိုင်း ရင်တုန်တယ်။ မေမေ့ကို မတွေ့ဘူးဘဲ။ လူကြီးတွေပြောမပြပေမဲ့ သမီးစိတ်ထဲမှာ ခံစားသိရှိနေတယ်လေး မေမေရယ်။ မေမေကောင်းကင်ရွှေပြည်တော်မှာ ငြိမ်းချမ်းစွာ ခိုနားပါတော့။ သမီးတို့ အမှောင်ထုကိုဖြတ်ကျော်ပြီး ရှင်သန်ရခြင်းရဲ့ မနက်ဖန် အရုဏ်ဦးဆိုတာကို တနေ့နေ့တော့ ရောက်ရမှာပါ။

မေမေချစ်တဲ့ သမီးကြီး
ဟေစီ

Note: စစ်ဘေးရှောင်ရင်း သစ်ပင်ပိမိလို့ ဆုံးသွားသည့်မိခင်အတွက် သမီးလေး၏ခံစားချက် ဖြစ်ရပ်မှန်ကို ပြန်လည်ရေးစပ်သည်။

spot_img
spot_img