ကိုဗစ်ကာလ ဖားဆောင်းမြို့ ဆိပ်ကမ်းရှိ စက်လှေသမားတွေ ကုန်တွေကို အကြိမ်ရေလျော့ချသယ်ဆောင်ရ

0
612

မီမြာ

ကယားပြည်နယ်၊ ဖားဆောင်းမြို့မှာရှိတဲ့ သံလွင်မြစ်က ဆိပ်ကမ်းတွေမှာဆိုရင် စက်လှေသမားတွေက ကုန်ပစ္စည်းကိုအကြိမ်ရေ လျော့ချပြီးပို့ဆောင်နေရတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမတိုင်ခင်မှာဆိုရင် တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် တစ်လမှာ လေးကြိမ် ကုန်တွေကို သယ်ယူပို့ဆောင်နေကြတာဖြစ်ပါတယ်။

အခုကိုဗစ်ကာလမှတော့ နှစ်ပတ်တစ်ကြိမ်နှုန်းနဲ့ တစ်လမှာ နှစ်ကြိမ်သာ ကုန်ပစ္စည်းတွေကိုပို့ဆောင်ကြရပါတ်။

စက်လှေတစ်စီးကို ကုန်ပစ္စည်းတန်ချိန် ငါးတန်လောက်တင်ကြပြီး အများစုက စားသုံးကုန်ပစ္စည်းတွေကို တင်ဆောင်ကြတာဖြစ်ပါတယ်။

ကိုယ်ပိုင်စက်လှေနဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်နေတဲ့ ဦးခင်မောင်ကတော့ အခုလိုပြောပါတယ်။

“တစ်ပတ်တခါလောက်သွားရတယ် အခုကျတော့ တစ်လကိုနှစ်ခါလောက်ပဲသွားရတယ်။
အခက်အခဲကတော့ရှိတာပေါ့ ဒီကိုရိုနာကြောင့် ပေါ့။ ပြီးတော့လှေကလည်း ကြီးတဲ့လှေပဲ သွားရတယ် ငယ်တဲ့လှေမသွားရဘူးပေါ့။”

အခုလို စက်လှေဆွဲတာ အကြိမ်ရေနည်းသွားတဲ့အတွက်လည်း ဆိပ်ကမ်းနားမှာ ဈေးဆိုင်ဖွင့်နေတဲ့ သူတွေလည်း အခက်အခဲတွေရှိနေကြပါတယ်။

“အဓိက တော့ ဒီအောက်ဖက်က လာတဲ့ကရင်တွေပေါ့ သူတို့လာမှပဲရောင်းကောင်းတယ် သူတို့ကတော့ တစ်လမှနှစ်ခါလောက်ပဲဖွင့်တယ်ဆိုတော့ သူတို့ လာတဲ့ရက်ပဲရောင်းရတယ်လေ သူတို့မလာရင် မရောင်းရဘူးတခါတလေဆို ငါးထောင် သုံးထောင် အဲ့လောက်ပဲရောင်းရတယ်။” ဆိပ်ကမ်းမှာ ဆိုင်ဖွင့်ထားတဲ့ ဒေါ်မလေး ကပြောပါတယ်။

ကုန်တွေကို အဓိက ဒီဆိပ်ကမ်းကနေ ကမ်းရဲ့ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ ယင်းတလဲလူမျိုးစုတွေအများဆုံးနေထိုင်တဲ့ ဝမ်အောင်းရွာနဲ့ အောက်ဘက် ကရင်ပြည်နယ်ထဲက ထီးထာရွာကို ကုန်တွေတင်ပို့ကြတာဖြစ်ပါတယ်။

ဖားဆောင်းဆိပ်ကမ်းကနေ ကရင်ပြည်နယ် ထီးထာရွာကိုရောက်ဖို့ဆိုရင် စက်လှေနဲ့ သုံးနာရီကြာတယ်လို့ သိရပါတယ်။

အဲ့ဒီထီးထာရွာကိုရောက်ဖို့ဆိုရင် ဂိတ်ခြောက်ဂိတ်ကို ဖြတ်ရပြီး တစ်ဂိတ်ကို အခွန်တစ်သောင်း ပေးရတယ်လို့လည်းသိရပါတယ်။

ဒီကုန်တွေကို ပို့ဆောင်ဖို့အတွက်က လမ်းတွေမရှိတဲ့အတွက် အခုလိုစက်လှေတွေနဲ့ ကုန်တွေကိုပို့ဆောင်ကြတာဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတဲ့ ဝမ်အောင်းရွာနဲ့ ထီးထာရွာဒေသခံတွေအတွက်ကတော့ အဓိက ရေလမ်းကြောင်းကို အသုံးပြုနေကြတာဖြစ်ပါတယ်။