spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ်ထက် စစ်ဘေးဒဏ်ကြောက်နေရတဲ့ တိုင်းရင်းသားတွေရဲ့ဘဝ

Author

Date

Category

စိုးထိုက်အောင်

ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့အချိန်မှာ ပြည်သူတွေ ရောဂါကူးစက်မခံရလေအောင် ဂရုတစိုက်နဲ့ အိမ်မှာနေနေကြရတဲ့အချိန်မှာ လက်ရှိမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေဘက်မှာကတော့ စစ်ဘေးတွေနဲ့ ကြုံနေရလို့ ဒီရောဂါကူးစက်မှု ထိန်းချုပ်ဖို့ထက် စစ်ဘေးဒဏ်ကနေ မနည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ အေအေ အကြား ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူ (၁၅၀၀၀၀)လောက်အထိ ရှိနေပြီဖြစ်ပါတယ်။ ယနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး လွန်ခဲ့တဲ့ ရက် ၃၀အတွင်း ချင်းပြည်နယ်မှ စစ်ပွဲတွေကြောင့် ကလေးငယ်များအပါအဝင်သေဆုံးသူ စုစုပေါင်း (၂၈) ဦးအထိရှိနေပြီဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Lian က “ဒီတိုက်ပွဲကြောင့်ပြည်သူတွေမနစ်နာဖို့၊ တိုက်ပွဲကြောင့်ပြည်သူတွေ မသေဖို့၊ တိုက်ပွဲကြောင့်ပြည်သူတွေ ဒဏ်ရာမရဖို့ဘဲပေါ့ ကျတော်တို့အော်ပေးတာဖြစ်တယ် ပြည်သူတွေဘက်ရပ်တည်ပြီးတော့ ပြည်သူတွေရဲ့လိုအင်ဆန္ဒကို အတတ်နိုင်ဆုံးဖော်ပြဖို့ဘဲဖြစ်တယ်။” ပြောပါတယ်။

ချင်းပြည်နယ်အတွင်း တွေ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်ပါတယ်။ (ဓါတ်ပုံ – Nang Wai Facebook)

ယခင်အစိုးရလက်ထပ်မှာ စစ်ပွဲတွေ မရှိသလောက်နည်းပေမဲ့ အရပ်သားအစိုးရလက်ထက်မှာ မှ အခုလိုစစ်ပွဲတွေအဖြစ်များလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Lian ကဆက်ပြောပါတယ်။

အစိုးရစစ်တပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်နယ်တပ်မတော်နဲ့လည်း မတ်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ် အရှေ့တောင်ဘက်မှာရှိ ၎င်းတပ်ဖွဲရှိတဲ့ ကောင်းဟိုနမ့် တပ်စခန်းကိုတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရစစ်တပ်ကနေပြီး ဒေသခံတွေကို ရှမ်းစစ်တပ်များအကြောင်းမေးမြန်းပြီး စားနှပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲကြတာတွေ၊ ဒေသခံရွာသားအား တိုက်ပွဲဖြစ်ပွားတဲ့ဘက်ကို လမ်းပြအဖြစ်ခေါ်သွားခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့် ဧပြီလ ၁၃ ရက်နေ့က ရှမ်းလူ့အခွင့်အရေးချိုးဖောက်မှုမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းထုတ်ပြန်ချက်မှာဆိုရင် အစိုးရစစ်တပ်က ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

သတင်းထုတ်ပြန်ချက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်က “ ကမ္ဘာ့ကပ်နဲ့ဆိုရင် မြန်မာအစိုးရစစ်တပ်က ကာကွယ်ပေးရမယ့်အခြေအနေလည်းဖြစ်သလို နိုင်ငံအသီးသီးမှာလည်းဒီဟာကိုအင်တိုက်အားတိုက်နဲ့ ရုန်းကန်နေတဲ့အချိန်မှာ မြန်မာအစိုးရစစ်တပ်ကဆန့်ကျင်တယ်ပေါ့အဲ့ဒါကြောင့်ထုတ်ပြန်ရတာပါ။ အပြစ်မဲ့တဲ့ရွာသားတွေကို ခြိမ်းခြောက်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာတို့ကို ရပ်တန့်စေချင်တာပေါ့နော့။” လို့ ပြောပါတယ်။

အခုလို တိုင်းရင်းသားဒေသတွေဘက်မှာ စစ်ဘေးဒဏ်တွေကြုံတွေ့ ရချိန်မှာ COVID-19 ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ND- Burma အဖွဲ့ဝင် အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင် ကပြောပါတယ်။

“ဒီနေ့ဒီအချိန်ပေါ့နော် ဒီ COVID-19 ကမ္ဘာကပ်ရောဂါနဲ့ကြုံတွေ့နေရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက အခုလက်ရှိမှာ ဆိုလို့ရှိရင် ရခိုင်ဘက် ကော၊ ဒီရှမ်းပြည်မြောက်ပိုင်းဘက်မှာကော မငြိမ်းချမ်းဘူးပေါ့နော် ဒီရက်ပိုင်းတွေဆိုတောင် ပိုတောင်ဆိုးနေသေးတယ် အခုလက်နက်ကြီးကျလို့ရခိုင်ဘက်မှာဆို ရင်အခြေအနေတော်တော်ဆိုးနေတယ်။” လို့ ဒေါ်သက်သက်အောင် ကပြောပါတယ်။

အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်မှသာမြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) မှယုံကြည်ပါတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

လူ့အခွင့်အရေးကွန်ရက်(မြန်မာနိုင်ငံ) အဖွဲ့ဝင် တအောင်းအမျိုးသမီးအဖွဲ့(TWO)၊ တအောင်း ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (TSYU)နှင့် တအောင်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအရ ၂၀၂၀ မတ်လ တလတည်းအတွင်းမှာ မတရားဖမ်းဆီးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ အတင်းအဓမ္မ စေခိုင်းမှု ပေါင်း ၁၈ မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် အစိုးရက အင်တာနက်ပိတ်ဆို့မှုကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ထိခိုက်နေကြရပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုအကြားမှာ အရပ်သားတွေကြိုတင်ကာကွယ်ရေးအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေရဖို့ ပိုမိုအန္တရာယ်ကြီးမားစေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာဆိုလျှင် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာပြုကျင့်မှု၊ ပျောက်ဆုံးမှု၊အတင်းအကြပ်ဖမ်းဆီးခံရမှုနှင့် သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှု ၅၁ ခုရှိခဲ့ပါတယ်။

“ Covid ရောဂါကြောင့် သေဆုံးတဲ့ဦးရေနှုန်းထက် အခုပြည်တွင်းမှာဖြစ်နေတဲ့စစ်ဘေးကြောင့်သေဆုံးတဲ့ဦးရေနှုန်းထားက ပိုပြီးမြင့်တက်နေတာကိုလဲ အမတို တွေ့ရတယ်ပေါ့နော် ဒါဟာအင်မတန်မှ စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်”လို့ ဒေါ်သက်သက်အောင်ကဆက်ပြောပါတယ်။

အစိုးရစစ်တပ်အနေနဲ့ကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံတကာက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးအခြေခံစည်းမျဉ်းစည်းကမ်းတွေကို လေစားလိုက်နာဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။

အရပ်သားပြည်သူများအား ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအားလုံး ချက်ချင်း အဆုံးသတ်သတ်ဖို့နှင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ကို ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းစုစုပေါင်း ၁၃၉ဖွဲ့နှင့်် တစ်သီးပုဂ္ဂလ တစ်ဦးတို့က ဧပြီလ ၁၅ ရက်နေ့က ပါဝင်လက်မှတ်ရေးထိုင်းတောင်းဆိုထားကြပါတယ်။

spot_img
spot_img

Recent posts