spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကိုယ့်သာသနာ၊ ကိုယ့်ကျေးရွာ၊ ကိုယ့်နယ်မြေကို ပုံစံမျိုးစုံနဲ့  စွန့်လွှတ်နေရတယ်”

ကန္တာရဝတီတိုင်း(မ်)

လာမည့် မတ်လနဲ့ဧပြီလတွေမှာ  ကရင်နီလူမျိုးစုတွေရဲ့ အထင်ကရရိုးရာပွဲတော်တခုဖြစ်တဲ့ “တံခွန်တိုင်” ပွဲတော်ကျင်းပမဲ့ ရာသီ ရောက်လာတော့မှာ ဖြစ်ပါတယ်။

ရိုးရာတံခွန်တိုင်ပွဲတော်ကိုတော့ ကယန်း၊ ကယား၊ ကယော၊ ယင်းတလဲ စတဲ့ လူမျိုးစုတွေက လုပ်ဆောင်ကြပြီး၊ ကယားလူမျိုးတွေကတော့ တံခွန်တိုင်ပွဲတော်ကို သျားအီးလှူး (ကေထျိုးဘိုး) လို့ ခေါ်ဆိုကြပါတယ်။

တံခွန်တိုင်ပွဲတော်ပြုလုပ်ရတာကတော့ မိုးလေဝသမှန်ကန်ပြီး ကောက်ပဲသီးနှံဖြစ်ထွန်းဖို့၊ တိုင်းပြည်အေးချမ်းသာယာဖို့၊ စားဝတ်နေရေး၊ စီးပွားရေးနဲ့  ကျန်းမာရေး အဆင်ပြေဖို့ ရည်ရွယ်ပြီး ကျင်းပကြတာဖြစ်တယ်။

ပွဲတော်ကျင်းပတဲ့အချိန်တွေမှာဆိုရင် မိမိတို့ရဲ့ ရိုးရာအကတွေနဲ့ ကခုန်ကြသလို၊ ရပ်နီးရပ်ဝေးမိတ်ဆွေတွေ လာရောက်ပါဝင်ဆင်နွှဲကြပြီး ခမ်းခမ်းနားနား ကျင်းပကြတာဖြစ်ပါတယ်။

ဧပြီနဲ့မေလတွေမှာ ကျင်းပလေ့ရှိတဲ့ ကရင်နီပြည်က တံခွန်တိုင်ပွဲ။

ဒါပေမဲ့ ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ် တွေကြား စစ်ပွဲတွေရဲ့ အကျိုးဆက်ကြောင့် အေးချမ်းသာယာမှုမရသေးတဲ့ ကရင်နီပြည်မှာ တံခွန်တိုင်ပွဲတော်ကို ခမ်းခမ်းနားနားမကျင်းပနိုင်တာ လေးနှစ်၀န်းကျင် ရှိပါပြီ။

“ဒီရိုးရာပွဲနဲ့ ပတ်သက်ရင် အခုတောင်မှ မငြိမ်းမချမ်းဖြစ်နေတော့ အပြစ်ရှိတဲ့လူလည်း (ဥပမာ-သမီးရည်းစားချင်း ပြစ်မှားမိတဲ့သူ) ကိုယ့်ရွာကို ပြန်ပူဇော်ရမှာလည်း အဆင်မပြေ ၊ ကျနော်တို့ ရိုးရာ တံခွန်တိုင်ပွဲလုပ်ရမှာလည်း အသွားလမ်း၊ အပြန်လမ်းလည်း အန္တရာယ်ရှိတယ် အဲ့လိုမျိုးပေါ့။ ရိုးရာပွဲလုပ်ရင် အကျဉ်းချုံးသဘောမျိုးပဲ ကျနော်တို့ လုပ်သွားရတာပေါ့။ စိတ်အများကြီးမကောင်းဘူး။” လို့ ကယန်းလူမျိုး ဦးသန်းစူက ပြောပါတယ်။

ကယန်းလူမျိုးစုတွေရဲ့ တံခွန်တိုင်ပွဲတော်။

ဦးသန်းစူဟာ တံခွန်တိုင်ပွဲတော်ကို စဉ်လာမပြတ် လုပ်ဆောင်လျှက်ရှိတဲ့ ကျေးရွာတွေထဲက တခုဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုင်းလင်ကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။ လက်ရှိမှာလည်း သူက ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်း စစ်ရှောင်တနေရာမှာ စစ်ရှောင်နေရတဲ့သူတဦး ဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် ကျေးရွာအများစုဟာ စစ်ရှောင်နေရတဲ့အတွက် မိမိစစ်ရှောင်ရာဒေသမှာ ရိုးရာပွဲတော်တွေကို အကျဉ်းချုံးလုပ်ဆောင်ကြတာရှိသလို၊ တခြားသောကျေးရွာတွေရဲ့  ရိုးရာပွဲတွေမှာ ပါဝင်ကြတာလည်းရှိပါတယ်။

ရိုးရာပွဲတွေကို တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ကြပေမဲ့လည်း စစ်ကြောင့် ပြည့်ပြည့်စုံစုံ ခမ်းခမ်းနားနားမကျင်းပနိုင်တဲ့ အခြေနေဖြစ်တယ်လို့ ဦးသန်းစူက ပြောပါတယ်။

ရိုးရာပွဲကို ကိုယ့်နေရပ်မှာ မကျင်းပနိုင်တော့တဲ့အတွက် အချင်းချင်းရင်းနှီးမှုတွေမရှိတော့တာ၊ စားဝတ်နေရေးအဆင်မပြေတော့တာတွေ ကြုံနေရတယ်လို့ ပြောပြလာသူကတော့ ကယန်းလူမျိုးတဦးဖြစ်တဲ့ မူနန်းမိုပဲ ဖြစ်ပါတယ်။

“ လူငယ်တွေနဲ့ ရင်းနှီးမှုလည်း မရှိတော့ဘူး။ ပြီးတော့ ရိုးရာပွဲတွေ လုပ်ခြင်းအားဖြင့် ဆန်၊ ရေ၊ စပါးတွေ ပေါများစေတယ် ။အဲ့လိုယုံကြည်တယ်ပေါ့။ အခုက မလုပ်ရတဲ့အတွက် စိတ်မကောင်းဘူးပေါ့နော်။ အခုက မလုပ်ရတဲ့အတွက်ကြောင့်မို့လို့ ထမင်းငတ်တယ်ပြောရမလား၊ အဆင်မပြေတော့ဘူး။ ဘာပဲ လုပ်လုပ် အဆင်မပြေတော့ဘူး အဲ့လိုပေါ့နော။ အဲ့ဒါ ယုံကြည်တယ်။”

ကရင်နီလူမျိုးစုတွေအတွက် အထင်ကရပွဲတော် နောက်တခုကတော့ ရိုးရာဒီးကူပွဲ ပဲဖြစ်ပါတယ်။ ဒီးကူပွဲကိုတော့ ယင်းတလဲ၊ ကယား၊ ကော်ယော် (မနုမနော) လူမျိုးစုတွေက နှစ်စဉ်နှစ်တိုင်း ကျင်းပကြပါတယ်။

 ဒီးကူပွဲကိုတော့ ဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ စတဲ့လတွေမှာ ကျင်းပကြပါတယ်။

အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲမှာ မြင်တွေ့ရတဲ့ ကယားရိုးရာအက။

ရှေးကရင်နီလူမျိုးတွေဟာ နယ်မြေကျူးကျော်စိုးမိုးလာတဲ့ ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အထိမ်းအမှတ် “ကျွန်ဘဝကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်” အနေနဲ့ ဒီးကူပွဲ ကို နှစ်စဉ်နှစ်တိုင်း ကျေးရွာတိုင်းလိုလိုက သူ့ရွာနဲ့သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ရက်တွေ သတ်မှတ်ကာ  ကျင်းပလာခဲ့ကြတာပါ။

ဒီးကူပွဲတော်ဟာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ပေါင်းစပ်ထားတဲ့ ရိုးရာပွဲတော်အသွင်ဆောင်ပေမဲ့လို့ အမှန်တော့   “ကရင်နီအမျိုးသားတရပ်လုံးရဲ့ အောင်ပွဲအထိမ်းအမှတ်ပွဲတော်” တခုပဲ ဖြစ်ပါတယ်။

အာဏာသိမ်းကာလမတိုင်ခင်မှာလည်း ဒီးကူပွဲတော်ကို ရိုးရာပွဲလုပ်ဆောင်တဲ့ ကျေးရွာတွေစုပေါင်းပြီး ပွဲကြီး ကျင်းပကြပါတယ်။ လက်ရှိကာလအတွင်းတွေမှာတော့ ခမ်းခမ်းနားနား ပြန်လည်မကျင်းပနိုင်ကြသေးပါဘူး။

အခုလို ရိုးရာပွဲတွေကို အကျဉ်းချုံးသာကျင်းပရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ မနုမနောလူငယ်တဦးဖြစ်တဲ့ အန်ထောနီက ပြောပါတယ်။

“ ကျနော့်အနေနဲ့ကတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ့်ရိုးရာပွဲတွေကို တခမ်းတနားနဲ့ မကျင်းပနိုင်တော့တဲ့အတွက်ကြောင့်မလို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမျိုးတမျိုးအတွက် ရိုးရာက အရေးကြီးဆုံးပဲလေနော။ ဒါကြောင့် တခမ်းတနားကျင်းပချင်တာပေါ့။ အခုက မကျင်းပရဘူးဆိုတော့ စိတ်မကောင်းဘူး။ “

ကရင်နီလူမျိုးစု (၉)မျိုးရှိတဲ့အထဲ မိမိလူမျိုးစုရဲ့ ရိုးရာဓလေ့တွေကို မပပျောက်အောင် အသီးသီး ထိန်းသိမ်း လုပ်ဆောင်နေကြတာရှိပါတယ်။

ကန္တာရ၀တီတိုင်း(မ်) ရဲ့ စုံစမ်းမေးမြန်းချက်အရ တချို့သော လူမျိုးစုတွေရဲ့ ရိုးရာကတော့ အထင်ကရရိုးရာပွဲ မဟုတ်ပေမဲ့ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်ကြတာတွေလည်း ရှိနေပါတယ်။

ကယန်းလူမျိုးတဦးဖြစ်တဲ့ ဦးသန်းစူရဲ့ ပြောပြချက်အရ ကယန်းလူမျိုးတွေမှာကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့ပွဲတော်တွေကတော့ တံခွန်တိုင်၊ ကောက်သစ်စားပွဲ၊ တောလိုက်ပွဲ၊ အိမ်သစ်တက်ပွဲ နဲ့ တခြားသော ရိုးရာဓလေ့တွေလည်းရှိတယ်လို့ ဆိုပါတယ်။

ကယားလူမျိုးတွေမှာဆိုရင် တံခွန်တိုင် (ခေါ် ) သျှားအီလူး(ကေ့ထျိုးဘိုး)၊ အဲ့ဒိုပေါ်မီ (ခေါ် ) ဒီးကူပွဲ၊ လိပ်ပြာခေါ်ပွဲ ၊ ငှက်လိုက်ပွဲ စတာတွေကျင်းပကြပါတယ်။

ကရင်နီလူမျိုးစုတချို့မှာ ပြုလုပ်ကြတဲ့ ငှက်လိုက်ပွဲပုံရိပ်။

ဒါ့အပြင် ကျေးရွာတချို့တွေမှာ တွေ့ရတဲ့ ရိုးရာဓလေ့တွေကတော့ ကျေးရွာရဲ့ မိုးခေါ်ပွဲ သို့မဟုတ် ဆုံဆွဲပွဲ၊ လာတုံခူ (ခေါ် ) ရိုးရာကြက်ရိုးထိုး ပူဇော်ပွဲ၊ ရိုးရာ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ)၊ “လာလီခူ” ကယားရိုးရာ ဆုတောင်းပူဇော်ပွဲ၊ မကောင်းဆိုးဝါးကိုနှင်ထုတ်တဲ့ ကယားရိုးရာ စစ်ခူ(စပ်ခူ) စတာတွေကို ပြုလုပ်ကြတာရှိပြီး တခြားရိုးရာဓလေ့တွေလည်း ရှိနိုင်ပါသေးတယ်။

ကော်ယော် (မနုမနော) လူမျိုးတွေကတော့ ဗေ့လာဂါဖို (ခေါ် ) ဒီးကူပွဲ၊ လယ်ကာပွဲ၊ အမဲလိုက်ပွဲ၊ အိမ်သစ်မင်္ဂလာတက်ပွဲ နဲ့ ကောက်သစ်စားပွဲ စတာတွေရှိပါတယ်။

တခြားကျန်တဲ့ လူမျိုးစုတွေမှာဆိုရင်လည်း အထင်ကရ မဟုတ်တဲ့ သက်ဆိုင်ရာရိုးရာပွဲတွေ ကိုယ်စီရှိကြပါတယ်။

ရိုးရာဓလေ့ တခုစီတိုင်းမှာ ပြုလုပ်ကြတဲ့ ကာလတွေက မတူညီကြပါဘူး။ ဥပမာအနေနဲ့ မိုးခေါ်ပွဲနဲ့ ပတ်သက်တဲ့ ရိုးရာတွေဟာ မိုးရာသီမတိုင်ခင်ကာလမှာ ပြုလုပ်ကြတာ၊ ကောက်သစ်စားပွဲတွေကို စပါးရိတ်သိမ်းပြီးကာလတွေမှာ ပြုလုပ်ကြတာ စသဖြင့် ကွဲပြားကြပါတယ်။

ဒီးမော့ဆို မြို့နယ်ကျေးရွာ တစ်ရွာမှာ ပြုလုပ်တဲ့ ရိုးရာ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ)။

စစ်ပွဲကာလမှာ ကရင်နီလူမျိုးစုတွေက ရိုးရာပွဲတော်တွေကို ခမ်းခမ်းနားနား မကျင်းပနိုင်ကြသေးပေမဲ့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်ကိုတော့ မကွယ်ပျောက်အောင် ထိန်းသိမ်းနေကြဆဲဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း ကျေးရွာမှာနေထိုင်တဲ့ ဦးတီရယ်ကဆိုပါတယ်။ ဦးတီရယ်ဆိုရင်လည်း ကယားရိုးရာနဲ့ပတ်သက်ပြီး လုပ်ဆောင်သူတဦးလည်းဖြစ်သလို ရိုးရာအကြောင်းရင်းနှီးကျွမ်းဝင်သူတဦး ဖြစ်ပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီတပ်နဲ့ နီးတဲ့ကျေးရွာတွေ၊ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဒေသတွေမှာ ရိုးရာပွဲကို ပြန်လည်မလုပ်ဆောင်နိုင်တာရှိပေမဲ့၊ ရောက်တဲ့ဒေသမှာ ရိုးရာကို အကျဉ်းချုံးလုပ်ဆောင်တာ၊ လူဦးရေအနည်းငယ်နဲ့သာ လုပ်ဆောင်ကြတာတွေရှိပါတယ်။ ဧည့်သည်တွေကို မဖိတ်ကြားနိုင်တာ ၊ ခမ်းနားစွာမလုပ်နိုင်တာပဲ ကွာခြားသွားတာဖြစ်တဲ့အတွက်  ကရင်နီလူမျိုးစုတွေမှာ ရိုးရာဓလေ့တွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

“ ကျနော်တို့ရဲ့ အိုးအိမ်မှာ၊ ကျေးရွာမှာ ပြန်လုပ်ဆောင်ချင်ပေမဲ့ မလုပ်နိုင်သေးတာတခုပဲ။ ရိုးရာဓလေ့နဲ့ နေထိုင်တဲ့ ကျနော်တို့အဖို့ကတော့ ဘယ်ရွာပဲရောက်ရောက် ရိုးရာဓလေ့တူရင်တော့ လုပ်ဆောင်ပြီးသားပဲပေါ့။ ဘိုးဘွားလက်ဆင့်ကမ်းလာတဲ့ ဓလေ့ကို လုပ်ဆောင်ပြီးသားပဲ။ မေ့တာမျိုးရှိမှာ မဟုတ်ဘူး။ ကျနော်တို့သာ  မေ့သွားမယ်ဆိုရင် ကျနော်တို့ လူမျိုးတွေ ပျောက်သွားနိုင်တယ်။ လူမျိုးပျောက်ရင် တိုင်းပြည်လည်း ပျောက်သွားနိုင်တယ်။ အဲ့ကြောင့် ကျနော်တို့ ကရင်နီလူမျိုးတွေမှာ ရိုးရာဓလေ့တွေကို မပစ်ဘူး၊ မမေ့ပျောက်ဘူး။ အဲ့ဒီလို ခံယူထားတယ်။ ဒါပေမယ့် အခုကာလမှာ လုပ်ဆောင်တာက အကြီးအကျယ် မလုပ်နိုင်တာ တခုပဲ။ “

ကရင်နီလူမျိုးစုတွေမှာရှိတဲ့ ကိုယ်စီ ရိုးရာဓလေ့တွေကို စနစ်တကျ လုပ်ဆောင်ဖို့လိုအပ်ပြီး မူရင်းတန်ဖိုးတွေမပျောက်ပျက်အောင် အခက်အခဲတွေကြားက တတ်နိုင်သလောက်ပြည့်ပြည့်စုံစုံ လုပ်ဖို့ ကြိုးစားကြရမယ်လို့ ကော်ယော် (မနူမနော) အမျိုးသားလူငယ် ခွံမာတီးယာ ကလည်း ပြောဆိုပါတယ်။

“ ရိုးရာယဉ်ကျေးမှုတွေ၊ ပွဲတွေ၊ ဓလေ့တွေက သူ့လုပ်ရမဲ့အရာတွေရှိတယ်။ သူရှောင်ရမဲ့အရာတွေရှိတယ်။ ပွဲတော်တွေမှာ အသုံးပြုရမဲ့တူရိယာတွေရှိမယ်။ လိုက်နာရမဲ့အရာတွေရှိတယ်။ အခြေနေက မကောင်းလို့ ဖြစ်သလို ကျင်းပတယ်။ ပွဲသေးသေးပဲ ကျင်းပလိုက်ရတယ်ဆိုတဲ့ဟာ ပြောတာမျိုး မှတ်ယူတာမျိုး မဖြစ်သင့်ဘူးလေနော။ နဂိုရှိရင်း ကျင်းပရမဲ့ လုပ်ရိုးလုပ်စဉ်တွေ ၊ ထိန်းသိမ်းရမဲ့ဟာတွေကို ကျနော်တို့ ရှိတဲ့အရာတွေကနေ ကိုယ်လုပ်လို့ရတဲ့ အရာတွေ မှန်သမျှ တတ်နိုင်သမျှ လုပ်ဆောင်ဖို့ ဖြစ်တာပေါ့။ “

ကရင်နီလူမျိုးစုတွေရဲ့ ရိုးရာတချို့ဟာ ပျောက်ဆုံးလုနီးပါးတွေရှိပြီး ကိုယ့်ရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ ဖျောက်ဖျက်ခံရတာတွေမရှိအောင် ရိုးရာဓလေ့တွေကို တတ်နိုင်တဲ့ဖက်က လုပ်ဆောင်ခြင်းအားဖြင့် ကရင်နီလူမျိုးရဲ့ အမှတ်သင်္ကေတ အဖြစ်ကျန်ရှိမှာဖြစ်တယ်လို့ သူကဆက်လက်ပြီး မှတ်ချက်ပြုပါတယ်။

ရိုးရာပွဲ ကျင်းပမှုတွေမှာ တွေ့ရလေ့ရှိတဲ့ ကရင်နီလူမျိုးစုတွေရဲ့ ကြက်ရိုးထိုးဓလေ့။

ဒါပေမဲ့ လက်ရှိ မငြိမ်းချမ်းသေးတဲ့ အခြေအနေမှာတော့ ရိုးရာပွဲတော်တွေကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကတော့ အခက်အခဲကြားမှာ ရှင်သန်နေကြရတဲ့ ကရင်နီပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့ စိန်ခေါ်မှုပါ။

“ဘယ်လိုပြောရမလဲ။ ကိုယ့်သာသနာ၊ ကိုယ့်ရဲ့ကျေးရွာ၊ ကိုယ့်ရဲ့နယ်မြေဆိုတဲ့ပုံစံမျိုးကို စွန့်လွှတ်ရသလိုမျိုး ခံစားရတယ်ပေါ့။ မငြိမ်းမချမ်းဖြစ်နေရတယ်ပေါ့။ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရိုးရာနဲ့ နီးနီးကပ်ကပ် မနေရသလိုမျိုးပဲ ဖြစ်နေရတာပေါ့”  လို့ ဦးသန်းစူ ကပြောပါတယ်။

ဒါပေမဲ့ ရိုးရာဓလေ့ ဆိုတာက လူမျိုးတမျိုးဖြစ်တည်မှုကြောင့် တည်ရှိလာတာဖြစ်သလို ရိုးရာမရှိရင် လူမျိုးပျောက်နိုင်တဲ့အတွက် တတ်နိုင်သလောက် မပျက်မကွက် ဆက်လက်ထိန်းသိမ်းရမယ်လို့ ဦးသန်းစူက ပြောပါတယ်။

“ ရိုးရာမရှိရင် လူမျိုးပျောက်ပြီဆိုတဲ့ ပုံစံမျိုးရောက်နိုင်တယ်”

စစ်ပွဲတွေကြောင့် တကွဲတပြားဖြစ်သွားကြတဲ့ မိဘဆွေမျိုးတွေ စုံစုံလင်လင် ပြန်လည်တွေ့ဆုံနိုင်ဖို့၊ အချင်းချင်းရင်းနှီးမှုရဖို့၊ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုပြန်ရရှိဖို့အတွက် ပြည့်ပြည့်စုံစုံ၊ ခမ်းခမ်းနားနား ပွဲတော်ပြန်ကျင်းပနိုင်မဲ့အချိန်ကို ကရင်နီလူထုတွေက မျှော်လင့်နေကြပါတယ်…….။

spot_img
spot_img