spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုယ်လွတ်ရုန်းထွက်ပြေးလာရတဲ့ စစ်ရှောင်အတွက် စားနပ်ရိက္ခာအခက်အခဲရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ နဲ့ နယ်မြေနီးစပ်တဲ့ ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းနဲ့ နန်းမယ်ခုံမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကိုယ်လွတ်ရုန်းထွက်ပြေးရတဲ့ စစ်ရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအခက်အခဲရှိနိုင်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) Humanitarian Focal Person ဦးဗညားက ပြောပါတယ်။

“အခုနောက်ပိုင်း ထပ်ပြေးတဲ့တချို့စစ်ရှောင်တွေဆိုရင် ထပ်ရောက်လာတာရှိတယ်။ အဲ့ဒီမှာစားနပ်ရိက္ခာမရှိဘူး။ အဝတ်အစားတွေပါမလာဘူး။ စောင်တွေပါမလာဘူး။ မိုးကာတွေပါမလာတဲ့အတွက်ကြောင့်မလို့ အခု စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံရတယ်။ ရှိနေပြီးသားသူတွေအတွက် ဒီလကုန်အထိတော့ တောင့်ခံနိုင်တယ်။ နောက်ပြီးတော့မှ နောက်ထပ်အသစ်လာတဲ့သူတွေ တော်တော်များများမှာလည်း အဲ့ဒီစားနပ်ရိက္ခာပါမလာတဲ့အတွက်ကြောင့်မလို့ ကျနော်တို့အဲ့တစ်ခု တော်တော်စိုးရိမ်တယ်။ စားနပ်ရိက္ခာကတော့ အန္တာရာယ်ရှိနိုင်တယ်လို့ မှတ်ချက်ပြုထားကြတယ်ပေါ့နော။” လို့ ဦးဗညားက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစ မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နီးစပ်တဲ့ နန်းမယ်ခုံမြို့ကို ဖေဖော်ဝါရီ၂၃ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

နန်းမယ်ခုံမြို့နဲ့ အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့သလို ၅လုံးခန့်က ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီနေရာဟာ စစ်ရှောင်အများစုလာရောက်ခိုလှုံတဲ့နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထပ်ဆင့်စစ်ရှောင်သူနဲ့ စစ်ရှောင်အသစ် ဦးရေ တစ်သောင်းနီးပါး ထပ်တိုးလာတယ်လို့ ခန့်မှန်းထားကြပါတယ်။

“၁၆ရက်နေ့မတိုင်မီကနေ အဲ့ဒီဒေသကိုရောက်ရှိနေတဲ့ စစ်ရှောင်တွေ အများကြီးရှိတယ်။ အဲ့ဒီစစ်ဘေးရှောင်လည်း ထပ်ရှောင်ရတယ်ပေ့ါနော။ ဒီတကြောမှာနေထိုင်တဲ့လူထုတွေပေါ့၊ စစ်ရှောင်ရတယ်။ နောက်တစ်စုကတော့ အခုနောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်တဲ့အတွက်ကြောင့်မလို့ ထပ်ရှောင်ရတဲ့ရွာခံတွေရှိတယ်ပေါ့။ အဲ့တော့ IDP အနေနဲ့ စစ်ရှောင်ရတဲ့သူတွေထပ်ရှောင်ရတယ်။ နောက် ရွာခံတွေထပ်ရှောင်တယ်၊ ဆိုတဲ့ပုံစံနှစ်ခုကိုတွေ့ရတယ်။ လောလောဆယ် ကျနော်တို့ခန့်မှန်းခြေက တစ်သောင်းနီးပါး ထပ်ပြီးတော့ စစ်ဘေးရှောင်ရတယ်လို့တော့ အကြမ်းဖျင်းတော့ ခန့်မှန်းထားပါတယ်။”လို့ ဦးဗညားကဆက်ပြောပါတယ်။

“ပြည်သူလူထုတွေကို မေတ္တာရပ်ခံချင်တယ်ပေါ့နော။ ဖြစ်နိုင်ရင်တော့ အလုံခြုံဆုံးနေရာနေလိုက်တော့။ ဒီစစ်မြေပြင်နဲ့ဝေးနိုင်တဲ့နေရာ အဝေးဆုံးပေါ့နော။ ရှောင်ပြေးနိုင်ရင် ပိုကောင်းမယ်လို့ ကျနော်တော့ ပြည်သူကို တိုက်တွန်းချင်တယ်ပေါ့နော။” လို့ တိုက်တွန်းထားပါတယ်။

ရှိနေပြီးသား စစ်ရှောင်စခန်းတွေမှာလည်း လတ်တလောကာလအတွက်သာ စားနပ်ရိက္ခာကျန်ရှိပြီး နောက်လတွေမှာ စားဖို့သောက်ဖို့မရှိတော့ဘူးလို့ ဆိုပါတယ်။ မိုးဗြဲဖက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေလည်း ရုတ်တရက် ထပြေးရတဲ့ အခြေအနေမှာရှိတဲ့အတွက် အဝတ်အစား၊ စောင်၊ မိုးကာ၊ အခင်း၊ စားနပ်ရိက္ခာ မပါလာတဲ့သူက အများစုဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူများ။

စစ်ရှောင်စခန်းတော်တော်များများမှာ အမိုးအကာ၊ ဆေးဝါး မလုံလောက်မှုပြဿနာက ရှိနေဆဲဖြစ်ပြီး နွေရာသီကူးပြောင်းလာပြီဖြစ်တဲ့အတွက် ရေမရှိတာတွေကြုံတွေ့နေရပါပြီ။ အဓိကသောက်သုံးရေရရှိဖို့အတွက် ရေရှိတဲ့နေရာတွေမှာ မော်တော်ယာဉ်နဲ့ တင်ဆောင်နိုင်ပေမယ့်လည်း ဓါတ်ဆီ၊ ဒီဇယ် အခက်အခဲလည်းကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ဘေးရှောင်ဦးရေ တစ်သိန်း၈သောင်းကျော်ရှိနေပါပြီ။ ဒေသတွင်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts