spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကုန်စည်စီးဆင်းမှု ကန့်သတ်ခံနေရတာကြောင့် ကရင်နီမှာ စားနပ်ရိက္ခာပြတ်တောက်မှာကို စိုးရိမ်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကို ဝင်ရောက်လာမယ့် ကုန်စည်တွေနဲ့ စစ်ဘေးရှောင်လူထုတွေအတွက် စားနပ်ရိက္ခာတွေကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားတာကြောင့် ကရင်နီပြည်သူတွေ စားနပ်ရိက္ခာပြတ်တောက်သွားမှာကို စိုးရိမ်နေရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ဝင် ဦးဗညားက ပြောပါတယ်။

ဒါ့အပြင် နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေပိတ်ပြီး စစ်ရှောင်တွေဆီကို ကုန်ပစ္စည်းတွေလည်း မရောက်ရှိနိုင်တော့ဘူးလို့သိရပါတယ်။

“တဖြေးဖြေးပိုပြီးကြပ်တည်းလာလိမ့်မယ် စားနပ်ရိက္ခာလမ်းကြောင်းလည်း ပိတ်ဆို့ခြင်းခံရတယ် လက်ကျန်တွေလည်းကုန်သွားပြီ။ နိုင်ငံတကာအကူအညီလည်း ထင်သလောက်မဝင်လာဘူး။ UN Agency တွေကလည်း လုံးဝကိုမကယ်နိုင်ဘူး မပံ့ပိုးနိုင်ဘူး။အဲ့ဒီအတွက်ကြောင့်မလို့ ပိုပြီးတော့မှ ခက်ခဲတဲ့အခြေအနေကို ဒီလ ပိုင်းဆိုရင် တွေ့ရလိမ့်မယ်လို့ ကြိုပြောရဲပါတယ်။” လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီး (IEC) အဖွဲ့ဝင် ဦးဗညားက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ အဓိက အစားအစာဖြစ်တဲ့ ဆန်၊စပါးစိုက်ပျိုးမှုတွေ တဖြေးဖြေးလျော့ကျလာပြီး စုဆောင်းထားတဲ့ လက်ကျန် ဆန်စပါးတွေလည်း ကုန်လုနီးပါးဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီထိန်းချုပ်တဲ့ လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ဟာ သောင်းဂဏန်းရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာပေးဝေမှုကို UN Agency က ထောက်ပံ့ပေးနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီ ထိန်းချုပ်ရာနေရာတွေမှာပဲ စားနပ်ရိက္ခာကို ပေး‌ဝေနိုင်တာကြောင့် ကရင်နီပြည်တွင်းက ကျေးရွာနဲ့ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင်ဦးရေ ၂သိန်းကျော်ကိုတော့ UN Agency တွေက စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်မှုမရှိသေးဘူးလို့ ဦးဗညားက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည်စီးဆင်းမှုကလည်း ကန့်သတ်ခံရတဲ့နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းမြင့်မားလာတဲ့အတွက် လူထုတွေဟာ အခြေခံစားသောက်ကုန် ဝယ်ယူနိုင်ဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တစ်အိတ်ကို ငွေကျပ် အနည်းဆုံး ၈သောင်း ကနေ တစ်သိန်းကျော်အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတွက် ကုန်သွယ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့မှာ လက်ရှိ စစ်ကောင်စီက ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို နေရာယူ တပ်စွဲထားတဲ့အပြင် ကုန်သွယ်ရေးစီးဆင်းမှုကိုလည်း ကန့်သတ်ထားတယ်လို့ မိုးဗြဲဒေသခံတွေဆီကနေ သိရှိရပါတယ်။

အလားတူ တောင်ငူ-လိပ်သို- ယာဒို ဖက်ကနေ ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာလည်း လတ်တလောမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်လူထုအတွက် စားနပ်ရိက္ခာရရှိဖို့ ပိုမိုကြပ်တည်းနေတယ်လို့ စစ်ရှောင်ကူညီပေးသူ ဦးဖိုးဇော်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ဒီလမ်းကြောင်းကို ပိတ်ထားတယ်။ စားနပ်ရိက္ခာတင်တာတောင်မှ အကန့်အသတ်လေးနဲ့ တင်ခွင့်ပေးတယ်ဆိုတော့ အခုလိုမျိုး တိုက်ပွဲတွေဖြစ်လာတယ်။ စစ်ကြောင်းတွေ ထပ်ပြီးတော့ အင်အားတွေထပ် ချဲ့တယ်ဆိုတော့ လမ်းကြောင်းက ပိတ်သထက်ပိတ်သွားပြီပေါ့နော။ ပိုပိုပြီးတော့ ဆိုးလာမယ့်အနေအထားရှိတယ် ဆန်ရိက္ခာလမ်းကြောင်းပိတ်ပြီ။ ဒေသခံတွေပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထားတဲ့ တချို့ စပါးတွေကလည်း ရေရှည်ကျရင် ကုန်မှာပဲလေ။ အခုတောင် တောင်ငူကနေမှာစားရတဲ့ အနေအထားပေါ့။ အခုဆိုရင် ဒီတိုက်ပွဲကြောင့် ပိုကြပ်လာမယ့် အနေအထားတွေ‌ဖြစ်နိုင်တယ်။ စစ်ရှောင်တွေ ပိုပြီးခက်ခဲလာနိုင်မယ့် အနေအထားရှိပါတယ်။” လို့ ဦးဖိုးဇော်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံလူထု ၂သိန်းကျော်ဟာ မိမိနေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts