ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့ နယ် ၊မော်ချီးဒေသမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြှင့်တက်နေပေမဲ့ ဒေသရဲ့ အဓိကဝင်ငွေရလုပ်ငန်းဖြစ်တဲ့ ခဲဈေးကွက်မှာ စျေးကပုံမှန်အတိုင်း ဈေးနှုန်းမြှင့်တက်ခြင်းမရှိတာကြောင့် မော်ချီးဒေသခံတွေ အခက်တွေ့နေရပါတယ်။
” မော်ချီးမှာ ကုန်ဈေးနှုန်းတွေက မြန်မာနိုင်ငံမှာ ဘယ်နေရာမှာမှ မရှိနိုင်တဲ့ဈေးနှုန်းမျိုးတွေဖြစ်နေတယ်။ ဥပမာ လက်တွေ့ပြောရရင် အာလူး(၁)ပိဿာ ကို နှစ်သောင်း နှစ်သောင်းခွဲ၊ ခရမ်းချဉ်သီး (၁)ပိဿာကို နှစ်သောင်း အဲလိုဖြစ်နေတယ်။ ဒီမှာ ပုံမှန်ရိုးရိုး နေ့စားခသမားတယောက်အနေနဲ့ ကျင်းဆင်းနေတဲ့လူတယောက် အသက်စွန့်ပြီး ကျင်းဆင်းနေတဲ့လူတယောက်တောင်မှ တရက်မှ နေစားခက တသောင်း တသောင်းခွဲ အဲ့ဝန်းကျင်လောက်ရတာပေါ့။ ပြောမယ်ဆိုတော့အများကြီးပဲဗျာ” လို့ မော်ချီးဒေသခံတဦးဖြစ်သူ ကိုစိုးရယ် ကပြောပါတယ်။
မော်ချီးမှာရှိတဲ့ခဲဈေးတွေဟာ ခဲအရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားတာတွေရှိပေမဲ့ အမြင့်ဆုံးဈေးကတော့ တပိဿာကို ငါးသောင်းဝန်းကျင်နဲ့၊ အရည်အသွေးညံ့တဲ့ခဲတွေကတော့ တပိဿာကို သုံးသောင်းကနေ လေးသောင်း ဝန်းကျင်အထိရှိနေတယ်လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားနေတာကြောင့် သာမန် နေ့စားခဲလုပ်သား တယောက်အတွက် အလုပ်ကနေရတဲ့ ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေးအတွက် အသုံးပြုရတဲ့ ထွက်ငွေက မမျှဘူးလို့ ကိုစိုးရယ်က ဆက်ပြောပါတယ်။
” ကျင်းအလုပ်ရှင်အတွက်လည်း အဆင်မပြေဘူး။ ဘာကြောင့်လဲဆို ကုန်ဈေးနှုန်းတွေက အဆမတန်တက်နေတဲ့အခါကျတော့၊ ပြီးတော့ အလုပ်သမားခကိုထပ်တိုးပေးမယ်ဆိုတော့လည်း ယခုကုန်ဈေးနှုန်းနဲ့ သူကုန်ကျစရိတ်ကို ပြန်ကာမိဖို့ဆိုတာမလွယ်သလောက်ဖြစ်တယ်။ မကာမိနိုင်လောက်အောင်ပဲဖြစ်တယ်ပေါ့။ ရှင်းရှင်းပြောရင်တော့ အခုက အလုပ်ရှင်လည်းအဆင်မပြေသလို လုပ်သားတွေလည်း မနည်းရုန်းကန်နေရတယ်လို့ပဲပြောချင်ပါတယ်” လို့ဆိုပါတယ်။
ယခုလိုကုန်ဈေးနှုန်းတွေသာတက်နေပြီး ခဲဈေးတွေမတက်တာဟာ ရေရှည်မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် အဆင်မပြေနိုင်သလို လက်ရှိ အတိုင်းသာဆက်သွားနေမယ်ဆိုရင် ပြည်သူတွေအနေနဲ့ကြာကြာ တောင့်ခံရပ်တည်နိုင်ဖို့ ခက်ခဲသွားမယ်လို့လည်း သူကဆိုပါတယ်။
ခဲသတ္တုတွင်းတွေကိုသာ အဓိကမှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ မော်ချီးဒေသဟာ လမ်းပန်းဆက်သွယ်ရေးကောင်းခဲ့စဉ်က ကုန်ဈေးနှုန်းတွေပုံမှန်ရှိခဲ့ပေမဲ့ အာဏာသိမ်းကာလက စပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလာတဲ့ နောက်ပိုင်းမှာတော့ ကုန်ဈေးနှုန်းတွေ အဆမတန် မြှင့်တက်လာတာဖြစ်ပါတယ်။