spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကုန်မဝင်တော့တဲ့ မော်ချီးဒေသမှာ ဆန်တစ်အိတ်ကို ၂သိန်းဝန်းကျင်အထိပေးဝယ်နေရ၊ အခြေခံစားသောက်ကုန် စျေးနှုန်း ပိုမိုမြင့်တက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကုန်ဈေးနှုန်းပိုမို မြင့်တက်နေပြီး ဆန်တစ်အိတ်ကို နှစ်သိန်းဝန်းကျင် အထိ ပေးဝယ်ရတယ်လို့ မော်ချီး ဒေသခံတွေဆီကနေ သိရပါတယ်။

“အခု ဆန်ဈေးတွေက ရိုးရိုးဆိုရင် တစ်သိန်းလေးသောင်း ဝန်းကျင်ပေါ့နော်။ ပေါ်ဆန်းမွှေးတို့ဆိုရင် တစ်သိန်းခုနှစ်သောင်းအထိတော့ တက်သွားတယ်။ ဆီဆိုရင် ပုံမှန်ဈေးနှုန်းထက်ပိုပြီးတော့ တက်သွားတယ်ပေါ့။ အရင်ကဆိုရင် ၁ပိဿာဆိုရင် အစ နိုင်ငံရေးအခြေအနေမဖြစ်ခင်ကဆိုရင် တစ်ဗူးကိုမှ (၁၈၀၀)လောက်ပဲ ရှိတယ်။ အခုဆိုရင် တစ်ဗူးကို (၈၀၀၀)လောက်ရှိပြီပေါ့နော်။ဒီ အေးသူဇာ(ဆီအမည်)တို့ ခု ၁ပိဿာဆို (၁၀၀၀၀)ကျော်လောက်ရှိသွားပြီပေါ့နော်။ ကြက်ဥတွေကတော့ (၁)လုံး (၅၀၀)ပေါ့နော်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မော်ချီးဒေသမှာတော့ ကျေးရွာအလိုက် ကုန်ဈေးနှုန်းကွာခြားနိုင်ပြီး ဆန်တစ်အိတ်ကို တစ်သိန်းကျော်ကနေ နှစ်သိန်းဝန်းကျင်အထိ အသီးသီး စျေးနှုန်း ရှိပြီး အခြားသော အခြေခံစားသောက်ကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ဈေးနှုန်းမြင့်မားနေတယ်လို့ ဆိုပါတယ်။

အဓိက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ- ဖားဆောင်းလမ်းမကြီးကို စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး သွားလာလို့မရတော့တာဖြစ်ပြီး ကုန်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်ခဲ့ပါတယ်။

လက်ရှိ သွားလာလို့ရတဲ့ လမ်းကြောင်းကလည်း မိုးရာသီကာလဖြစ်နေတဲ့အတွက် အခက်အခဲရှိနေတာကြောင့် မော်ချီးဒေသကို ဩဂုတ်လပထမပတ်ကစပြီး ကုန်စည်မရောက်လာတော့ဘူးလို့ သိရပါတယ်။

မော်ချီးဒေသမှာ ခဲလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်စားသောက်နေရတာဖြစ်ပြီး လက်ရှိမိုးရာသီကာလမှာ အလုပ်ရပ်နားထားရတဲ့ အခြေခံအလုပ်သမားတွေအတွက် အခုလို အခြေခံစားသောက်ကုန်တွေ ဈေးမကျတော့ဘဲ ပိုပြီး မြင့်တက်နေတာကြောင့် တစ်ရက်လုပ် တစ်ရက်စား အခြေခံလူတန်းစားတွေအတွက် အဆင်မပြေနိုင်တော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျမတို့အနေနဲ့ ဝယ်နိုင်တဲ့လူရှိတယ် ဒီဖက်မှာ တချို့ကတော့ မဝယ်နိုင်ဘူးပေါ့နော်။ ဥပမာ ခဲ လုပ်တဲ့လူကတော့ ဝယ်နိုင်ကောင်းဝယ်နိုင်မယ်။ သို့သော်လည်း တစ်နေ့စား တစ်ရက်လုပ်တဲ့ သူအဖွဲ့က သူတို့မဝယ်နိုင်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဈေးနှုန်းက သူတို့ လုပ်ငန်းအပေါ်နဲ့ သူတို့ဝယ်စားရတဲ့ အခုလက်ရှိအခြေအနေကတော့ အဆင်မပြေမှုတွေ များစွာရှိတယ်။ အခက်ခဲတွေရှိတယ်ပေါ့နော်။ သူတို့အတွက်လုံလောက်မှုတွေ မရှိဘူးပေါ့နော်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မော်ချီးဒေသနဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဖားဆောင်းမြို့နယ်အတွင်းမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေသလို သွားလာရေးလမ်းကြောင်းကလည်း ခက်ခဲနေဆဲဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းပိုမိုမြင့်တက်လာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်မှုရှိနေကြပါတယ်။

spot_img
spot_img

Recent posts