spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကုန်းသာကျေးရွာမှ နေအိမ်မီးလောင်ပျက်စီးသွားတဲ့ မိသားစုတွေ အလှူရှင်ကိုသာ အားကိုးနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကုန်းသာကျေးရွာမှ ဒေသခံပြည်သူနေအိမ် ၅၃ လုံးခန့် ပျက်စီးခဲ့ရပြီး နေအိမ်ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် အလှူရှင်ကိုသာ အားကိုးနေရတယ်လို့ ကုန်းသာကျေးရွာမှ နေအိမ်ဆုံးရှုံးသွားသူတွေက ပြောပါတယ်။

ကျနော်တို့က တောင်သူသမားပါ။ ရိုးရိုးရှင်းရှင်းပါပဲ တောင်သူတွေဆိုတော့ သူလည်းစားရ ကိုယ်လည်းစားရပေါ့။ မြင်တဲ့အတိုင်းပဲ အိမ်တွေလောင်ကျွမ်းသွားတာပေါ့။ မရှိမယ့်ရှိမယ့် နှစ်ပေါင်း ဆယ်ဂဏန်းချီပြီးလုပ်နေတဲ့ဟာတွေပေါ့။ အခုလိုမျိုး ခနတဖြုတ်နဲ့ကုန်ဆုံးသွားတာပေါ့။ ဖြစ်လာပြီဆိုတော့လည်း ဘယ်လိုမှမပြောတတ်တော့ဘူး။ ခံစားရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ဒီထက်ပိုလည်း ရောဂါမဖြစ်စေရဘူး။ အဲမျိုးပေါ့ ကိုယ့်ဘာသာကိုယ်နှစ်သိမ့်နေရတာပေါ့။ စားဖို့သောက်ဖို့တော့ သူများတွေ နည်းနည်းပါးပါးကူညီကြတယ်ပေါ့နော။ ကိုယ့်ရဲ့သူငယ်ချင်းတို့၊ မိတ်ဆွေတို့ အဲ့ဒါတွေ ဆန်တို့ဆီတို့ လာပံ့ပိုးပေးတယ်။ အဝတ်အစားကအစ စောင်ကအစပေါ့နော။ သူတို့လည်း ကျန်းမာပါစေ ချမ်းသာပါစေ အဲ့မျိုးပေါ့နော။ အကျိုးတော်ဆောင်တွေလည်း ကျန်းမာပါစေ ချမ်းသာပါစေ ဆုတောင်းပေးပါတယ်။လို့ ကုန်းသာကျေးရွာမှ အသက် ၅၀ ဝန်းကျင်အရွယ် နေအိမ်ဆုံးရှုံးသွားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ကုန်းသာကျေးရွာထဲကို လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုရှိခဲ့သလို ဒေသခံနေအိမ်ထဲ မွှေနှောက်ရှာဖွေဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ကုန်းသာကျေးရွာတိုက်ပွဲ ၃ရက်အတွင်း အသက် ၇၀ကျော် အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး စစ်ရှောင်ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်မီးရှို့ဖျက်စီးခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုက်နာစောင့်ထိန်းရမယ့် အပြည်ပြည်ဆိုင်ရာဥပဒေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထောက်ပြထားပါတယ်။

ကုန်းသာကျေးရွာမှာ အိမ်ခြေ ၃၉၀ ရှိပြီး တိုက်ပွဲကြောင့် ဒေသခံနေအိမ် ၅၃ လုံး ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၃၉ စုရဲ့နေအိမ် မီးလောင်ပျက်စီးသွားခဲ့သလို စိုက်ပျိုးရေးကို အဓိက အားကိုးလုပ်ကိုင်စားသောက်ရတာဖြစ်တဲ့အတွက် စိုက်ပျိုးရေးသုံးပစ္စည်း၊ စပါးဂျီ၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ သစ် စတဲ့ အရာတွေလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အများကြီးစိတ်မကောင်းဘူးပေါ့နော။ စိတ်မကောင်းဘူး ပြီးတော့ ဒေါသထွက်တယ်ပေါ့နော။ တိုက်ပွဲက အနည်းဆုံးတော့ စကစတပ်နဲ့PDFတွေတိုက်ပွဲဖြစ်တယ်ဆိုရင်တောင်မှ စကစက ဘယ်လိုပဲအခက်အခဲတွေ့တွေ့ ဘယ်လိုနည်းနဲ့ပဲ နောက်ဆုတ်ဆုတ် ပြည်သူတွေပိုင်တဲ့အိမ်တွေ အိုးအိမ်တွေ ပစ္စည်းဥစ္စာတွေကို သူတို့က မဖျက်ဆီးသင့်ဘူးလို့ ကျနော်က မြင်တယ်။ ပြီးတော့ မီးမလောင်တဲ့အိမ်တွေဆိုရင်လည်း ရွာထဲမှာရှိတဲ့အိမ် အားလုံးလိုက်ပြီးတော့ မေးကြည့်တော့ အကုန်လုံးက မွှေနှောက်ထားတဲ့အိမ်တွေပဲပေါ့နော။လို့ ကုန်းသာကျေးရွာမှ လူငယ်တစ်ဦးက ဆိုပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ကနေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ရိက္ခာသယ်ဖို့ပြန်လာတဲ့ စစ်ရှောင်ပြည်သူ ၂ ဦး ခြေထောက်တစ်ဖက်စီ ဆုံးရှုံးလိုက်ရတာကြောင့် မိုင်းရှာဖွေရေးအဖွဲ့က ကျေးရွာထဲ မိုင်းရှင်းလင်းနေပေမယ့် စစ်ရှောင်ဒေသခံတွေကို နေအိမ်ပြန်မလာသေးဖို့နဲ့ မိုင်းအန္တာရာယ် အသိပညာပေးမှုတွေ ဆောင်ရွက်ထားတာရှိတယ်လို့ သိရပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေအတွက် အလှူရှင်တွေကို အားကိုးနေရပြီး ပြည်သူတွေအချင်းချင်း စည်းစည်းလုံးလုံးနဲ့ တတ်နိုင်တဲ့ဖက်ကနေ ကူညီပေးဖို့လည်း နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေက တောင်းဆိုထားပါတယ်။

အခက်အခဲတွေတော့ အများကြီးရှိတယ်။ ဥပမာ အရေးတော်ပုံက အောင်သွားတယ်ဆိုရင်တောင် ကျေးရွာအတွက် တကယ် လာလှူနိုင်မယ့်သူမျိုးကို မျှော်လင့်တယ်။ တကယ်လို့ မလှူနိုင်ဘူးဆိုရင်လည်း ကျနော်တို့ ရွာအနေနဲ့ကတော့ တချို့နေဖို့ လုံးဝမရှိတော့တဲ့ သူအတွက်ဆိုရင်တအားနဲ့ ဒုက္ခရောက်မှာပေါ့နော အဲ့လိုမျိုးပေါ့။လို့ ကုန်းသာကျေးရွာလူငယ်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတို့ဖြစ်တဲ့ တိုက်ပွဲအပြင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းကျော်ရှိနေပြီး ယနေ့အထိ မိမိနေအိမ်ကို ပြန်လာနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts