spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson နှင့် ကန္တာရဝတီတိုင်း(မ်) ရဲ့ မေးမြန်းချက်။

United Nation Myanmar (Facebook)

ကန္တာရဝတီတိုင်း(မ်)

WFP ရဲ့ ကရင်နီလူထုအတွက် စားနပ်ရိက္ခာကူညီပံ့ပိုးမှု အပါအဝင် စျေးကွက်တွေမှာ WFP တံဆိပ်ပါ ဆန်အိတ်တွေ ရောက်ရှိနေတာနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) ကနေ WFP ရဲ့ ကိုယ်စားလှယ် Mr. Stephen Anderson ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ WFPကနေပြီးတော့ ဘယ်နေရာတွေမှာ ထောက်ပံ့မှုပေးနေလဲ၊ အဓိက လွိုင်ကော်မှာပဲပေးတာလား။ တခြား ဘယ်နေရာတွေမှာ ပေးတာရှိသလဲ။

ဖြေ ။ ။ လက်ရှိမှာ ကျွန်တော်တို့ WFP အနေနဲ့ လွိုင်ကော်အခြေစိုက် ရုံးကနေပြီးတော့ ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်းမှာရှိတဲ့ တိုက်ပွဲရှောင်တွေနဲ့ ထိခိုက်လွယ်တဲ့ မိသားစုတွေကို ကူညီပေးလျက်ရှိပါတယ်။ အခုလောလောဆယ်ကူညီပေးလို့ရနေတဲ့ လူတော်တော်များများက အတော်အသင့် အခြေအနေငြိမ်သက်မှုရှိတဲ့ လွိုင်ကော်မြို့နယ်အတွင်းက ပြည်သူတွေဖြစ်ကြသလို အနီးအနားက မြို့နယ်တွေဖြစ်တဲ့ ဒီမောဆိုနဲ့ ဖရူဆိုမြို့က ပြည်သူတွေလဲပါဝင်ကြပါတယ်။

မေး ။ ။ ပြီးတော့ ဒီနောက်ပိုင်း ထောက်ပံ့မှုပေးတဲ့နေရာမှာ အင်တာဗျူးပုံစံမေးပြီးတော့မှ ထောက်ပံ့ပေးတယ်လို့ သိရှိရတာရှိတယ်။ ဘယ်အချိန်ကတည်းက စတင်လုပ်ဆောင်နေတာလဲ။ ဒီနောက်ပိုင်း အဲ့လို ပြောင်းလဲ လုပ်ဆောင်လာတဲ့ အကြောင်းရင်း ပြောပြပေးလို့ရမလား။

ဖြေ ။ ။ ကျွန်တော်တို့ မနှစ်ကမေလတုန်းက ကယားပြည်နယ် (ကရင်နီပြည်နယ်) မှာ အရေးပေါ် တုံ့ပြန်ချက်အစီအစဥ် တွေစတင်တဲ့ အချိန်ကတည်းက အားလုံးကိုလွှမ်းခြုံတဲ့ ကူညီမှုပုံံစံမျိုးနဲ့ အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာတွေကို ‌ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့သွားရောက်ခွင့် ရရှိထားတဲ့နေရာမှာရှိတဲ့ တိုက်ပွဲရှောင်တွေနဲ့ ပဋိပက္ခဒဏ်ခံရတဲ့သူတွေအားလုံးကို ကူညီတာမျိုးပါ။
ဒီလိုထောက်ပံ့မှုပုံစံမျိုးက ကမ္ဘာ့နေရာတော်တော်များများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပဋိပက္ခဒဏ်ခံစားရတဲ့ လူပေါင်းများစွာကို လူသားချင်းစာနာတဲ့ အကူအညီတွေ မြန်မြန်ဆန်ဆန် ပေးအပ်ဖို့လိုအပ်နေတဲ့အချိန်မျိုးဖြစ်ပေမယ့်၊ မြေပြင်ရှိနေတဲ့ မတူညီတဲ့လိုအပ်ချက်တွေအကြောင်း အသေးစိတ်အချက်အလက်တွေကို မသိရှိသေးတဲ့အချိန်မျိုးမှာ ပြုလုပ်လေ့ရှိတဲ့ စံဖြန့်ဝေမှုပုံစံမျိုးဖြစ်ပါတယ်။
အဲ့ဒီအချိန်ကတည်းကစပြီး ကျွန်တော်တို့အနေနဲ့ အားလုံးကိုလွှမ်းခြုံတဲ့ ကူညီမှုပုံစံမျိုးကနေပြီးတော့ အလိုအပ်ဆုံးသူတွေကိုပဲ အကူအညီပေးအပ်တဲ့ပုံစံကိုပြောင်းလဲဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုးဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကိုပိုမိုနားလည်သဘောပေါက်ဖို့နဲ့ လိုအပ်ချက်တစ်ခုတည်းအပေါ်ကိုပဲ အခြေခံပြီး WFP ရဲ့အထောက်အပံ့ကို ဘယ်သူတွေရသင့်လဲဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အတွက် ရပ်ရွာလိုအပ်ချက် အကဲဖြတ်စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူဖို့အတွက် ဒေသခံစေတနာ့ဝန်ထမ်းတွေနဲ့အတူ ရပ်ရွာလူထုနဲ့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။

မေး ။ ။ ပြီးတော့ထောက်ပံ့တဲ့ ဆန်တချို့က စျေးကွက်ထဲ ရောက်နေတာလည်း ရှိတယ်လို့ သိရှိရတာရှိတယ်။ ဟုတ်သလား။ ဘယ်လို အကြောင်းရင်းကြောင့် စျေးကွက်ထဲရောက်နေတာဖြစ်မလဲ။ လက်ရှိအထိကကော ရှိနေတုန်းလား စျေးကွက်ထဲတွေမှာ။အဲ့ဒီလို ကိစ္စတွေကို အရေးယူသွားဖို့ရှိလာ။ ဘယ်လိုအရေးယူသွားဖို့ရှိသလဲ။

ဖြေ ။ ။ WFP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာအချို့ကို စျေးကွက်အတွင်းမှာ ပြန်လည်ရောင်းချကြတာမျိုးက ရံဖန်ရံခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်လေမှာလည်း WFPရဲ့ အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်တွေက သူတို့ရရှိထားတဲ့ ဆန်ရိက္ခာအနည်းအကျဉ်းကို အခြားအရေးပေါ်လိုအပ်ချက် (သို့မဟုတ်) တစ်ခြားသော အစားအစာများနှင့် လဲလှယ်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး ရောင်းချတတ်ကြပါတယ်။

ကျွန်တော်တို့ ဝန်ထမ်းအဖွဲ့ဆီကနေပြန်သိရတာကတော့ အကျိုးခံစားခွင့်ရှိသူတော်တော်များများဟာ WFP က ပေးထားတဲ့ ဆန်ရိက္ခာတွေကို ပုံမှန်စားသုံးကြပါတယ်။  တချို့အကျိုးခံစားခွင့်ရှိသူတွေကတော့ အရေးပေါ်ကိစ္စတွေနဲ့ အရေးတကြီးလိုအပ်ချက်တွေ ဥပမာ ကျန်းမာရေးနဲ့ ကလေးအတွက် ပညာရေးအတွက်လိုမျိုး လိုအပ်တဲ့အခါ သူတို့ရရှိထားတဲ့ ဆန်ရိက္ခာတွေကို ပြန်လည်ရောင်းချကြပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်နယ်)မှာ ကျွန်တော်တို့အကူအညီ စတင်ပေးအပ်တဲ့အချိန်ကတည်းက လူထုပူးပေါင်းပါဝင်မှုစနစ်တစ်ခုကို တည်ထောင်ထားပါတယ်။ အဲ့ဒီကနေတစ်ဆင့် WFP ရဲ့ အထောက်အပံ့တွေနဲ့ပတ်သက်တဲ့ အကြံပြုချက်မှန်သမျှကို ကြိုဆိုနေပါတယ်။ အကျိုးခံစားခွင့်ရှိသူတွေအနေနဲ့ ရိက္ခာဖြန့်ဖြူးရေးနေရာမှာရှိနေတဲ့ WFP ဝန်ထမ်းတွေနဲ့ တိုက်ရိုက်စကားပြောဆိုတာ၊ ဒါမှမဟုတ် WFP ရဲ့ အကူအညီပေးရေး ဖုန်းနံပါတ်ဖြစ်တဲ့ 09 883 005 672 (လွိုင်ကော်) ကို ဖုန်းခေါ်ဆိုပေးကြဖို့လည်း တိုက်တွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အကြံပြုချက်၊ တိုင်ကြားချက်မှန်သမျှကို မှတ်တမ်းတင်ထားပြီး၊ စုံစမ်းစစ်ဆေးမှုများကို သေသေချာချာ ပြုလုပ်လျက်ရှိပါတယ်။

မြေပြင်မှာရောက်နေတဲ့ WFP ဝန်ထမ်းအဖွဲ့တွေကလည်း အကျိုးခံစားခွင့်ရှိသူတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်ဖို့နဲ့ WFP ရဲ့ ပံ့ပိုးကူညီပေးမှုတွေကို ပိုမိုထိရောက်မှုရှိစေဖို့အတွက် ဒေသခံလူထုတွေနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးမှုတွေကိုလည်း စဥ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။

အကျိုးခံစားခွင့်ရှိသူတွေအနေနဲ့ သူတို့ရရှိထားတဲ့ရိက္ခာတွေကို အဆင်ပြေသလို အသုံးပြုတာဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်ပဲမို့ သူတို့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အနေနဲ့ အပြည့်အဝအသိအမှတ်ပြုပါတယ်။

ဒါပေမယ့် WFP ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့တွေကို အခွင့်မရှိဘဲ လက်ကားရောင်းချတာမျိုးဆိုရင်တော့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ပေးအပ်တဲ့ အထောက်အပံ့တွေဟာ WFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့အပေါ် မှီခိုနေရတဲ့ ထိခိုက်လွယ်သူတွေဆီကို လက်ဝယ်ရောက်ရှိစေရမယ်လို့ ကျွန်တော်တို့ WFP အနေနဲ့ ကတိကဝတ်ပြုပါတယ်။

မေး ။ ။ WFPမှာက ဆန်ပဲ အဓိက ထောက်ပံ့တာလား။ တခြား ဘာတွေ ထောက်ပံ့တာရှိသေးလဲ။ ဘယ်အချိန်လောက်ကတည်းက စထောက်ပံ့ပေးနေသလဲ (ကရင်နီ ) မှာဆိုရင်ပေါ့။ ဘယ်လိုပုံစံ ထောက်ပံ့နေသလဲ။ တစ်လ တစ်ခါ ပေးတာလား။

ဖြေ ။ ။ WFP ရဲ့ အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီ နဲ့ အာဟာရထောက်ပံ့မှုကို ၂၀၂၂ ခုနှစ် မေလကတည်းက ကယားပြည်နယ် (ကရင်နီပြည်နယ်) မှာ စတင်ခဲ့ပါတယ်။ အကျိုးခံစားခွင့်ရရှိသူတွေဟာ WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့မှုအဖြစ် ဆန်၊ ပဲ၊ ဆီနဲ့ ဆား ပါဝင်တဲ့ အခြေခံရိက္ခာ တစ်လစာရရှိပါတယ်။ အာဟာရထောက်ပံ့မှုအနေနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအကြား အာဟာရချို့တဲ့မှုအန္တရာယ်ကနေ ကာကွယ်နိုင်အောင် အာဟာရမှုန့်တွေကိုလည်း ပံ့ပိုးပေးပါတယ်။
စားနပ်ရိက္ခာနဲ့ အာဟာရထောက်ပံ့မှုတွေကို WFP ရဲ့ ဝန်ထမ်းတွေက အကျိုးခံစားခွင့်ရှိသူတွေလက်ထဲ တိုက်ရိုက်ပေးဝေပါတယ်။

မေး ။ ။ ထောက်ပံ့မှုမှာက လွိုင်ကော်မှာ စစ်ရှောင်နေတဲ့သူပေးတာလား။ လွိုင်ကော်ဒေသခံတွေကို ပေးတာလား။ လွိုင်ကော်မှာနေတဲ့ ချို့တဲ့ သူတွေကို ပေးတာလား။ ဘယ်လိုသူတွေကို ပေးတယ်လို့ ပြောလို့ရသလဲ။

ဖြေ ။ ။ WFP အနေနဲ့ အရပ်သားတွေကိုပဲ ကူညီတာဖြစ်သလို၊ သူတို့ရဲ့လိုအပ်ချက်တွေအပေါ်မှာပဲ အခြေခံပြီး အသက်ကယ် အကူအညီတွေကိုပေးပါတယ်။ ကျွန်တော်တို့ ကူညီထောက်ပံ့ပေးနေတဲ့သူအများစုက တိုက်ပွဲရှောင်မိသားစုတွေထဲက ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ မသန်စွမ်းသူတွေဖြစ်ကြပြီး၊ ပဋိပက္ခဒဏ်ကိုခံစားခဲ့ကြရပြီး ထိခိုက်လွယ်တဲ့ ဒေသခံမိသားစုတွေလည်ပါဝင်ကြပါတယ်။

ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့ပေးမယ့်သူတွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးလက္ခဏာ၊ နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်း၊ လူမျိုး၊ ဘာသာရေးယုံကြည်ချက် သို့မဟုတ် နိုင်ငံရေးအမြင်တွေအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုးလုံးဝ မလုပ်ပါဘူး။

ကျွန်တော်တို့ဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေဖြစ်တဲ့ လူသားချင်းစာနာထောက်ထားခြင်း၊ ကြားနေခြင်း၊ ခွဲခြားမှုမရှိခြင်းနဲ့ လွတ်လပ်ခြင်းတို့ကို လိုက်နာပြီး ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ WFP အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့သူတွေ ပံ့ပိုးထောက်ပံ့တာမျိုး လုံးဝ မလုပ်ပါဘူး။

မေး ။ ။ လက်ရှိ ပေးနေတဲ့ ထောက်ပံ့မှုက တကယ်လိုအပ်နေတဲ့ သူတွေဆီ ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေ ရှိသလား။

ဖြေ ။ ။ ကယားပြည်နယ် (ကရင်နီပြည်နယ်) မှာ လက်ရှိ WFP ရဲ့ အထောက်အပံ့လုပ်ငန်းဟာ ကနဦးအဆင့်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်အတွင်း ဒေသအနှံ့အပြားမှာ ပဋိပက္ခဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ လက်လှမ်းမမီနိုင်သေးတဲ့ နေရာတွေ အများကြီးရှိနေပါသေးတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကယားပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံအတွင်းက အခြားလိုအပ်ချက်ရှိတဲ့နေရာတိုင်းက အကူအညီလိုအပ်သူအားလုံးဆီ သွားရောက်ကူညီနိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မရပ်မနား ဆက်လက်ကြိုးစားနေပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေကို အရေးပေါ်လိုအပ်နေတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအားလုံးဆီ ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ သွားရောက်ကူညီခွင့်ရရှိဖို့ ကျွန်တော်တို့ WFP ဟာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ တိုက်တွန်းဆော်သြနေပါတယ်။

မေး ။ ။ WFPထောက်ပံ့မှုက လက်ရှိ စစ်ကောင်စီ လက်အောက်ကနေ ပဲ သွားနေသလားပေါ့။
နောက်ထပ် ဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပြလို့ရပါတယ်။

ဖြေ ။ ။ ကမ္ဘာတစ်ဝန်းလုံးက WFP အထောက်အပံ့လုပ်ငန်းတွေအားလုံးမှာ ကျွန်တော်တို့ဟာ အကူအညီလိုအပ်နေတဲ့နေရာတွေ သွားရောက်ကူညီခွင့်ရရှိဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကို ရှာဖွေကြိုးစားပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာဆိုရင် အကူအညီအလိုအပ်ဆုံးလူတွေဆီ အထောက်အပံ့တွေ ရောက်ရှိနိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ သက်ဆိုင်ရာနဲ့ ဆွေးနွေးညှိနှိုင်းမှုအားလုံးဟာ လက်တွဲလုပ်ဆောင်တာလုံးဝမဟုတ်သလို ပူးပေါင်းဆောင်ရွက်တာလည်း မဟုတ်ပါဘူး။ အကူအညီလိုအပ်နေတဲ့သူတွေ မရှိမဖြစ်လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ဖို့ရာ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပေးပို့ထောက်ပံ့မယ့် စားနပ်ရိက္ခာတွေ လုံခြုံစွာ ဖြတ်သန်းသွားလာနိုင်စေရန်ဖို့ပဲ ညှိနှိုင်းတာဖြစ်ပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်နယ်) မှာ ဒေသတွင်း စေတနာ့ဝန်ထမ်းတွေနဲ့ အနီးကပ်ပူးပေါင်းပြီး စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေကို တိုက်ပွဲ‌ရှောင်တွေနဲ့ အခြားထိခိုက်လွယ်တဲ့ မိသားစုတွေထံ လက်ဝယ်အရောက် WFP ဝန်ထမ်းအဖွဲ့တွေကိုယ်တိုင် တိုက်ရိုက်ဖြန့်ဝေပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ စားနပ်ရိက္ခာဖြန့်ဝေထောက်ပံ့တဲ့နေရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေရော လက်နက်ကိုင်တွေပါ ပါဝင်ဆောင်ရွက်ခြင်း လုံးဝ မရှိပါဘူး။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာသာမက ကမ္ဘာတစ်ဝန်းလုံးမှာပါ WFP အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေဖြစ်တဲ့ လူသားချင်းစာနာထောက်ထားခြင်း၊ ကြားနေခြင်း၊ ခွဲခြားမှုမရှိခြင်းနဲ့ လွတ်လပ်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ပါတယ်။

ကန္တာဝရတီတိုင်း(မ်) ။ ။ ကျေးဇူးတင်ပါတယ်။

United Nation Myanmar (Facebook)
spot_img
spot_img