spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

ကူညီသူမဲ့နေတဲ့ ထူးချောင်းအနောက်ဘက်ခြမ်းက ကရင်နီစစ်ရှောင်များ

Author

Date

Category

ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ ထူးချောင်း အနောက်ခြမ်းဟာ တောတောင်၊ လျှိုမြောင်တွေနဲ့ ပြည့်နေတဲ့ နေရာတခုပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လမ်းခရီးဟာလည်း ကြမ်းတမ်းလွန်းတာကြောင့် ခေါင်တဲ့ဒေသတခုလို့ပြောလို့ရပါတယ်။

ဒါပေမဲ့ ဒီလိုဝေးလံခေါင်သီတဲ့ ဒေသမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကရင်နီလူထုတွေရှိနေကြပါတယ်။ ထူးချောင်း အနောက်ခြမ်းမှာ ဟားမူ စစ်ရှောင်စခန်း၊ ထီးပါသုခို စစ်ရှောင်စခန်း ဆိုပြီးတော့ ပင်မ စစ်ရှောင်ခန်းနှစ်ခုရှိပါတယ်။ အဲဒီပင်မစစ်ရှောင်စခန်း နှစ်ခုထဲကနေ နေရာထိုင်ခင်းအခက်အခဲတွေကြောင့် ပြန့်ကျဲနေထိုင်ကြရတဲ့ ထပ်ဆင့် စစ်ရှောင်စခန်းငယ်လေးတွေ လည်းရှိနေပါသေးတယ်။

ဟားမူ စစ်ရှောင်စခန်းမှာတော့ လူဦးရေ( ၁၀၆၆ )ဦးရှိပြီး ၊ ထီးပါသုခိုစစ်ရှောင်စခန်းမှာ လူဦးရေ ( ၆၃၆ ) ဦးရှိပါတယ်။ စစ်ရှောင်ဦးရေ တထောင့်ခုနှစ်ရာကျော်ရှိပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲဒီ စစ်ရှောင်တွေနေတဲ့ နေရာဟာ ဝေးလံပြီး လမ်းခရီးကြမ်းလွန်းတာကြောင့် လူအရောက်ပေါက်နည်းသလို၊ အလှူရှင်တွေလည်း တော်ရုံတန်ရုံမလာကြဘူးလို့ စစ်ရှောင်တဦးကပြောပါတယ်။

“အဲဒီ လမ်းခရီးပဲ၊ ဝေးလည်းဝေးတယ် ပြီးတော့ နေ့ချင်း၊ ညချင်းသွားလို့လည်း မရဘူးလေးနော၊ ဘယ်လိုမှအဆင်မပြေဘူး၊ မိုးရာသီဆိုရင်တော့ ပိုပြီးတော့ဆိုးတယ်။ အရမ်းကိုခက်ခဲတယ်” လို့ အဲဒီဒေသရဲ့ ခက်ခဲမှုကို စစ်ရှောင်တဦးက ပြောပြပါတယ်။

အခုလိုဝေးလံပြီး ကြမ်းတမ်းတဲ့တောတောင်အတွင်းမှာ အကူအညီမရပဲ သွားရောက် စစ်ရှောင်ကြရတဲ့သူတွေအဖို့ မေ့ပျောက်ခံနေရသလိုခံစားရပြီး အိမ်ပြန်ရမဲ့နေ့ရက်ကို လက်ချိုးရေနေရတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေက ဆိုပါတယ်။

လိုအပ်ချက်တွေအရ မိုးရာသီမှာ ခရီးသွားရင် ရေတိုက်စားမှုကြောင့် လမ်းပြိုကျမှုတွေ၊ ကမ်းပါးပြိုကျမှုတွေရှိပြီး သွားလာဖို့က အန္တရယ်ရှိနေတယ်လို့ စစ်ရှောင်တဦးကပြောပါတယ်။

“မိုးတွေတအားကြီးတဲ့ခါကျ အပေါ်ကနေဖာလာခြံကနေ လမ်းပြိုကျတာ၊ ဒီကားတွေသွားတဲ့လမ်းပေါ်ကို ပြိုကျလိုက်တဲ့ခါကျတော့ ဘယ်လိုမှသွားလို့မရဘူး၊ အရှည်ကြီးကို ပြိုကျပလိုက်တာလေး၊ အဲ့တော့ အပေါ်ကနေ သစ်ပင်တွေ လှဲကျတဲ့အပေါ်မှာကို ကျမတို့က ယောကျာ်းလေးငါးယောက်နဲ့ ဆိုင်ကယ်ထမ်းတယ်။ ထမ်းတဲ့သူကလည်းထမ်းတယ်။ တွန်းတဲ့သူကလည်း တွန်းတယ်။ အရှေ့ကဆွဲတဲ့ လူလည်းဆွဲတယ်။ အဲလိုလေးငါးယောက် အဲ့လို မ ပြီးတော့မှ ဒီလမ်းကိုကျော်ရတယ်ပေါ့နော။ ဒီမြေပြိုတဲ့လမ်းကို ကျော်ပြီးသွားရတယ်ပေါ့” လို့ မိုးရာသီသွားခဲ့တဲ့ ခရီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး စစ်ရှောင်တဦးကပြောပြသွားတာပါ။

မိုးရာသီမှာ ခက်ခဲသလို နွေရာသီမှာလည်းမလွယ်ကူလှပါဘူး။ နွေရာသီမှာ မြေသားလမ်းတွေပေါ် ကားတွေ၊ ဆိုင်ကယ်တွေမောင်းသွားရင် တလှိမ့်လှိမ့် ထ နေတဲ့ဖုန်မှုန့်တွေအကြား လမ်းကိုမြင်ရဖို့ မျက်စိကို မနည်းဖွင့်ကြည့်နေရမှာ ဖြစ်ပါတယ်။

လမ်းရဲ့ တချို့တနေရာမှာတော့ ကျောက်ခဲတွေနဲ့အကြမ်းခင်းထားပေမဲ့ မညီညာတဲ့လမ်းတွေမှာ စီထားတဲ့ အောက်ခံကျောက်တွေဟာ ယာဉ်တွေရဲ့ ဘီးအောက်ကနေ ခုန်ထွက်လာတတ်ပါသေးတယ်။ တောင်ပေါ်တောင်အောက် အတက်အဆင်းတွေကလည်း ကြီးမားတာကြောင့် မော်တော်ယာဥ် ဘရိတ်ကောင်းမှသာ မိမိဘေးအန္တရာယ်လုံခြုံရေးအတွက် စိတ်ချရတာဖြစ်ပါတယ်။

“အဆင်းတွေကအရမ်းကြာတယ်။ ပြီးတော့မှ တက်ပြန်ရင်လည်း အရမ်းတက်တယ်။ အဲလိုမျိုးတွေတော့ရှိတယ်ပေါ့နော။ ဆိုင်ကယ်တွေဆိုလို့ရှိရင်လည်း ဘရိတ်တွေ နင်းလို့ရှိရင် ဘရိတ်ရှူးတောင်မှ တူးကုန်တဲ့အထိတောင် ဖြစ်တယ်ပေါ့နော။ အဲလိုမျိုးသွားတဲ့အချိန်မှာဆို ခဏခဏနားပေးရတယ်။ မဟုတ်ရင်လည်းဆိုင်ကယ်က လမ်းမှာတင်ပျက်သွားနိုင်တဲ့အခြေနေမျိုးမှာ ရှိတယ်ပေါ့နော။ နောက်ပြီး ကုန်းတက်တဲ့ အချိန်မှာဆိုလည်း တကယ့်အမြင့်ကြီးပဲနော။ ရိုးရိုးမြင့် ဆိုင်ကယ်တက်နိုင်လောက်တဲ့ အခြေနေမျိုးလို့တောင် ပြောလို့မရနိုင်ဘူးပေါ့နော။ ဒါပေမဲ့ကျနော်တို့ မရရအောင်တက်ရတဲ့အခြေနေမျိုးတွေရှိတယ်” လို့ အဆိုပါဒေသကို စစ်ရှောင်စာရင်းတွေကိုယ်တိုင် သွားရောက်ကောက်ယူခဲ့တဲ့ အလှူရှင်တဦးကပြောပါတယ်။

အဲဒီလို လမ်းခရီးဝေးပြီး ကြမ်းတမ်းတဲ့အတွက်ကြောင့်လည်း အဲဒီဒေသမှာ ရေရှည်နေထိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မဲ့ ဆေးဖက်ဆိုင်ရာတတ်ကျွမ်းတဲ့ ဆရာ၀န်တွေ ၊ ဆေးဆရာ၊ ဆရာမတွေ လည်းမရှိပါဘူး။

ဒါ့ကြောင့် သာမာန်ဖျားနာမှုမျိုးဆိုရင် အိမ်တွင်းကုထုံးနည်းလမ်းနဲ့ ဆေးကုနေတာတွေလည်း ရှိနေဆဲပါပဲ။ အရေးပေါ် ဖျားနာမှုအခြေနေမှာတော့ သုံးနာရီခရီးကို ခက်ခက်ခဲခဲနှင်ပြီး တခြားကျေးရွာက ဆေးရုံ၊ဆေးခန်း ဆီသွားပြရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေမှာ စိတ်ဖိစီးမှုများလာတဲ့အပြင် စား၀တ်နေရေး မပြေလည်မှုတွေကြောင့် ထူးချောင်းအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ အိမ်တွင်းအကြမ်းဖက်မှု များလာတယ်လို့လည်းဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်လာရင် တိုင်ကြားရမဲ့အဖွဲ့အစည်း၊ ကိုင်တွယ်ဖြေရှင်းပေးမဲ့ အဖွဲ့အစည်းကလည်းမရှိနေပါဘူး။ ဒါ့အပြင် အကြမ်းဖက်ခံရသူကိုယ်တိုင်ကလည်း တိုင်ကြားဖို့၊အရေးယူဖို့ စိတ်မကူးကြတဲ့အပြင် ဒါဟာ သမာရိုးကျဖြစ်စဉ်လို့ သတ်မှတ်ယူဆနေကြတယ်လို့ အဆိုပါဒေသကိုရောက်ရှိသွားတဲ့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

အဆိုပါဒေသကို အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ပညာပေးရေးအစီအစဥ်တွေကို အမျိုးသမီးအဖွဲ့တချို့က လာရောက်ပညာပေးခဲ့ပေမဲ့လည်း လက်တွေ့မှာ မထူးခြားလာဘူးလို့ ဆိုပါတယ်။

ထူးချောင်းအနောက်ခြမ်း စစ်ရှောင်တွေက အချိန်ကြာလာနဲ့ အမျှ စား၀တ်နေရေးကြပ်တည်းလာကြပြီး ကလေးလူကြီးမရွေး တနေ့ကိုထမင်း နှစ်နပ်သာစားရတော့တယ်လို့လည်း ဆိုပါတယ်။

စား၀တ်နေရေးအတွက် ကျေးရွာဒေသခံဆီက ချေးငှားစားရပါတယ်။ ရာသီ၊ သီးနှံပေါ်ချိန်မှာ ဒေသခံဆီက တနေ့ ၆၀၀၀ ကျပ်နှုန်းနဲ့ နေ့စားလိုက်ကြရပါတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းမြှင့်တက်နေတဲ့ ခေတ်ကာလမှာ ကျပ်ငွေ ၆၀၀၀ ဟာမပြောပလောက်တဲ့ပမာဏ အဖြစ်သာကျန်ခဲ့ပြန်ပါတယ်။

စစ်ဘေးရှောင် နှစ်နှစ်ကျော်ကာလအတွင်း စိတ်ဖိစီးမှုလျှော့ချပေးတဲ့ ဖျော်ဖြေရေးအစီစဥ်လည်းမရှိဖူးလို့ ၊ တခြားဒေသက စစ်ရှောင်များနည်းတူ စိတ်ဖိစီးမှုဖြေဖျောက်ပေးတဲ့အစီစဥ် လာရောက်ကျင်းပပေးဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

ထူးချောင်းအနောက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူတွေက ဒုက္ခပင်လယ်ကြားထဲက ရုန်းကန်ရှင်သန်ရင်း ဝေးလံ ခေါင်ပါးတဲ့ဒေသမှာ စစ်ဘေးရှောင်နေကြရတာပါ။

ဒါဟာလည်း စစ်ဘေးဒဏ်ကနေလွတ်အောင် သူတို့ရဲ့ စိတ်လုံခြုံမှုအတွက်ရွေးချယ်ပြီး နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ အဲဒီဒေသကိုသွားရာက်လေ့လာ စာရင်းကောက်ယူခဲ့တဲ့ အလှူရှင်တဦးက ပြောပါတယ်။

“တခါတလေကျရင် ကျနော့အနေနဲ့၊ သွားတဲ့လူတယောက်အနေနဲ့ ပြောရမယ်ဆို ဘာလို့ ဟိုး ဒီထိလာနေရတာလဲ။ အဲလိုမေးခွန်းထုတ်ချင်မိတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ကကျတော့ ဒီနေရာကတော့ ကျနော်တို့အတွက်အကောင်းဆုံးပဲ ဆိုပြီးတော့ ပြန်ပြောလာတဲ့ အနေထားမျိုးတွေရှိတယ်ပေါ့နော” လို့ ဆိုပါတယ်။

အဲဒီဒေသဟာ ကျန်းမာရေး၊ ပညာရေး၊ စား၀တ်နေရေး၊ စိတ်စွမ်းရှည်မြှင့်တင်ရေး အဖက်ဖက်က နောက်ကျနေပြီး အလှူရှင်တွေ လာရောက်ကူညီနိုင်ဖို့ ကို ထူးချောင်းအနောက်ခြမ်းစစ်ရှောင်တွေက မျှော်လင့်နေကြပါတယ်။

spot_img
spot_img

Recent posts