spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကော်‌ယော်(မနုမနော) ဒေသမှာ နှစ်စဥ်ကျင်းပပြုလုပ်ကြတဲ့ ဗေ့လဂါဖို (ခေါ် ) ဒီးကူပွဲ

Author

Date

Category

ထွေးထွေး/ကန္တာရဝတီတိုင်း(မ်)

ဗေ့လဂါဖို (ခေါ်) ဒီးကူပွဲ ဟာ ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ ကော်ယော်လူမျိုး (အစိုးရ အမည်ပေါက်ကတော့ မနုမနောလူမျိုး) တွေရဲ့ အထင်ကရပွဲတော် တစ်ခုပါ။ ဒီပွဲတော်ဟာ ကရင်နီမျိုးနွယ်စုတွေအကြား ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ကော်ယော် (မနုမနော) တွေကတော့ ဗေ့လဂါဖို လို့ ခေါ်ဆိုပြီး၊ ကယား လူမျိုးတွေကတော့ အဲဒိုပေါ်မီ လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။

ရှေးကရင်နီလူမျိုးတွေဟာ နယ်မြေကျူးကျော်စိုးမိုးလာတဲ့ ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီပွဲတော်ကို အစဉ်အဆက် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဆိုပါ တိုက်ပွဲတွေမှာ ကရင်နီလူမျိုးတွေက ရိက္ခာအဖြစ် အသုံးပြုကြတဲ့ ဒီးကူ (ကောက်ညင်း) ထုပ်ကို ဒီကနေ့အချိန်ထိ ပွဲတော်အတွင်းမှာ ထုပ်ပြီး၊ လာရောက်လည်ပတ်တဲ့ ဧည်သည်တွေကိုကျွေးမွေးတာ၊ ဘေးပတ်ဝန်းကျင်ကို ဝေငှတာတွေ ပြုလုပ်လေ့ရှိကြပါတယ်။

ဒီပွဲတော်ကို ကယားလူမျိုးတွေကတော့ ဩဂုတ်၊စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ကျင်းပကြပေမဲ့ ကော်ယော် (မနုမနော) လူမျိုးတွေက နှစ်စဥ်နှစ်တိုင်း ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ ကျင်းပကြပါတယ်။

ထုံးတမ်းအစဥ်အလာအရ ပွဲတော်မကျင်းပခင်မှာ တာဝန်ရှိသူတွေအနေနဲ့ ရှေးဦးစွာ ရက်ကောင်း ရက်မြတ် ရွေးကြတဲ့ အနေနဲ့ ကြက်ရိုးထိုးရတဲ့ အစဥ်အလာရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပွဲတော်ရက်တွေမှာ ဆွေမျိုးမိတ်ဆွေများကို ဖိတ်ခေါ်ပြီးကျွေးမွေးဧည့်ခံတာ၊ အချင်းချင်းအိမ်အလည်အပတ် သွားလည်တာတွေနဲ့ ကျေးရွာအတွင်းက မကောင်းဆိုးဝါးတွေကို နှင်ထုတ်ခြင်းတွေအပြင်၊ သေဆုံးပြီးသားသူတွေရဲ့ လိပ်ပြာ( ဝိညာဉ်)တွေကို ခေါ်ပြီး ပူဇော်ပသတာတွေကို ပြုလုပ်ကြတာဖြစ်ပါတယ်။

ဇူလိုင်လ (၁၅) နေ့မှာကစပြီး ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒေါလာစောအုပ်စုအတွင်းက ကျေးရွာတချို့မှာတော့ ရိုးရာပွဲတော်ကို စတင်ကျင်းပနေကြပြီပဲဖြစ်ပါတယ်။

နှစ်စဥ်ကျင်းပရတဲ့ အဆိုပါပွဲတော်ဟာ အခုလက်ရှိအနေအထားအရ ပွဲကျင်းပပုံပြောင်းလဲလာမှုကို ကော်ယော်လူငယ် တစ်ဦးဖြစ်တဲ့ ဆရာ မာတီးယာက အခုလိုပြောလာပါတယ်။

“အာဏာမသိမ်းခင်ကတော့ ဒီပွဲကို အများစုကတော့ ကိုယ့်ရပ်ကိုယ့်ရွာနဲ့ကို ကျင်းပကြတယ်ဆိုပေမဲ့လည်း ဒီပွဲတော်က သူ့ရဲ့ပွဲက အသုံးပြုရတဲ့ ဒီတူရိယာအမျိုးစားတွေအများကြီးရှိတယ်လေနော်။ ဥပမာ ဒီဗုံ မောင်းတွေတီးကြတယ် ကခုန်ကြတယ် အလည်ပတ်တွေလုပ်ကြတယ်။ အပေါင်းသင်းမိတ်ဆွေတွေဖိတ်ပြီးမှ အလည်လာတယ်။ သူ့အလှည့်ကိုယ့်အလှည့် ဆိုပြီးတော့မှ အသွားလာရှိတယ်။ အဲ့လိုမျိုးတွေ လုပ်တာပေါ့လေနော်။ ဒါပေမဲ့ ဒီခြေနေမျိုးမှာတော့ တကယ့်ပွဲတော်ကြီးပုံစံမျိုးနဲ့ ပျော်ရွှင်ကခုန်ပြီးတော့မှ အခါတိုင်းလို ကိုယ့်ရဲ့မိတ်ဆွေအပေါင်းသင်းတွေကို တခမ်းတနားနဲ့ ဖိတ်ကြားပြီးတော့မှ တစ်ရွာနဲ့တစ်ရွာ စည်စည်ကားကားနဲ့ နေ့ရောညပါ အလည်အပတ် လုပ်တဲ့ပုံစံမျိုးမလုပ်နိုင်တော့ဘူးလေနော်”လို့ ဆိုပါတယ်။

ကော်ယော်(မနုမနော)တွေရဲ့ ဗေ့လဂါဖို လို့ခေါ်ဆိုတဲ့ ဒီးကူ ပွဲတော်ဟာ ပွဲကြီးအဖြစ် သုံးနှစ် တစ်ကြိမ် ကျင်းပခြင်းစတဲ့ သတ်မှတ်ချက်ရှိပေမဲ့လည်း အခုလက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေနဲ့ ဒေသတွင်း စားဝတ်နေရေး၊ နေထိုင်ထိုင်ခင်း အခက်အခဲတွေကြောင့် ဒီပွဲတော်ကို မလုပ်ဖြစ်တာကြာပြီလို့လည်း သိရပါတယ်။

“ဒီခြေနေမှာက စားဝတ်နေရေးအခက်ခဲ ရှိတာဆိုတော့လေနော် ကြီးကြီးကျယ်ကျယ်မလုပ်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ကဖိတ်ကြားချင်တဲ့ ကိုယ့်အသိမိတ်ဆွေတွေ အပေါင်းသင်းတွေ သူငယ်ချင်းတွေ မဖိတ်ကြားနိုင်တော့တဲ့ အခက်ခဲတွေရှိမယ်။ ပြီးတော့မှ စားရေးသောက်ရေးများလည်း အရင်ကလို ကြီးကြီးကျယ်ကျယ် မပြင်ဆင်နိုင်တော့တဲ့အခြေနေတွေလည်းရှိမယ်” လို့ မာတီးယာက ဆက်ပြောပါတယ်။

သို့ပေမဲ့လည်း စစ်အောင်နိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ ဒီပွဲတော်ကို၊ ဒီကနေ့ ကရင်နီပြည်ကို ကျူးကျော်နေတဲ့ ရန်သူတွေကို တိုက်ထုတ်နေတဲ့အချိန်မှာ ပိုပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ကော်ယော်လူငယ် တစ်ဦးဖြစ်တဲ့ မာတီးယာက ပြောပါတယ်။

“ ဒီပွဲကို လုပ်မယ်မလုပ်ဘူးဆိုပြီး အစည်းအဝေးတွေခေါ်ပြီးတော့မှ၊ ဆွေးနွေးညှိနှိုင်းပြီးတော့မှ လုပ်မယ်မလုပ်ဘူးဆိုတာကို အဲ့လိုသတ်မှတ်ပြီးတော့မှ အစဥ်အလာနဲ့သွားရတဲ့ပွဲတော်အစဥ်အလာ မဟုတ်ဘူး။ သူ့ဟာက အစဥ်အလာအရ ဒီအချိန်ရောက်လို့ရှိရင် လုပ်ရမဲ့ ပွဲတော်ဖြစ်တာလေနော်။ သူ့ဟာက ဒီလို စစ်ရေးအခက်ခဲတဲ့ကာလမှာ ပိုပြီးလုပ်ရတဲ့ သဘောတရားရှိတယ်လို့ ပြောလို့ရတာပေါ့လေနော်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒါက စစ်ကို အောင်နိုင်တဲ့ အထိမ်းအမှတ်လို့လည်း ပြောတာဖြစ်တယ်လေနော်။ ဒါက ကျတော့အနေနဲ့ ထိန်းသိမ်းသင့်တယ်။ လုပ်ရမှာပဲလေနော်” လို့ မာတီးယာက ပြောပါတယ်။

ဗေ့လဂါဖို (ခေါ်) ဒီးကူပွဲကြီးကို ကော်ယော်ဒေသမှာ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ ကျင်းပလေ့ရှိကြပေမဲ့ ရက်အတိအကျကို သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဦးဆောင်ကျင်းပသူအပေါ်မှာ မူတည်ပြီး စောစောကျင်းပနိုင်တာရှိသလို၊ နောက်ကျမှ လုပ်နိုင်တဲ့အချိန်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ် ကော်ယော်(မနုမနော) လူမျိုးတွေအများစုရှိနေတဲ့ တော်ခူအုပ်စုနဲ့ ဒေါလာစော ကျေးရွာအုပ်စုတွေမှာ ဒီပွဲတော်ကို ကျင်းပကြပါတယ်။

spot_img
spot_img

Recent posts