spot_imgspot_imgspot_imgspot_img
Friday, June 21, 2024
spot_imgspot_imgspot_imgspot_img

ကျည်ဆံတွေကြား အသက်လုနေရတဲ့ ကရင်နီလူထုများ (သို့) ထပ်မပြေးတော့ဘူး ဆိုတဲ့ ကရင်နီစစ်ရှောင်များ

မူဖိလစ်စတာ/ကန္တာရဝတီတိုင်း (မ်)

“ သူဒီမှာထိုင်ပြီဆို လက်နက်ကြီးသံကြားတာနဲ့ ချက်ချင်းသူဝင်တာ(ဗုံးခိုကျင်းထဲ)။ တုန်နေပြီ နားလည်းပိတ်ထားပြီး သူ့ဟာသူဒီတိုင်းပဲနေတယ်။ ‘မို့’ ကြောက်တယ်ကြောက်တယ် သူတချိန်လုံးပဲပြောတယ်။ ကလေးပဲသနားတယ်” လို့ မြေးဖြစ်သူက လက်နက်ကြီးသံကြားတာနဲ့ ပြုလုပ်တတ်တဲ့ အမူအကျင့်တွေကို ဒေါ်အယ်မှူးတယောက်ပြန်ပြောပြနေတာပါ။

ဒေါ်အယ်မှူးတို့ မိသားစုက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ နေထိုင်ကြပါတယ်။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးအချိန်မရွေးကျရောက်နိုင်ပြီး မထင်မှတ်ထားချိန်မှာ အရပ်သားရှိရာကို ဝေဟင်ကနေ လေယာဉ်ဗုံးကြဲ နိုင်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့်လည်း အချိန်မရွေးအန္တရာယ်ကျရောက်နိုင်တယ်လို့ ဒေါ်အယ်မှူးက ပြောပြပါတယ်။

ဒီလိုအန္တရာယ်ကြားက အလုံခြုံဆုံးနေရာက ဒေါ်အယ်မှူးတို့ ကိုယ်တိုင်တူးထားတဲ့ ဗုံးခိုကျင်းလေးပဲဖြစ်ပါတယ်။

မည်မျှပင် အိပ်မောကျနေပါစေ။ လက်နက်ကြီးသံ၊ လေယာဥ်ဝဲသံကြားတာနဲ့တပြိုင်တည်း မျက်စိပွင့်လာပြီး ဗုံးခိုကျင်းထဲ တန်းတန်းမတ်မတ် ပြေးဝင်မိတယ်လို့ သူမကပြောပါတယ်။

အာဏာသိမ်းပြီး ၅ လအကြာမှာ ကရင်နီပြည်နယ်တွင်းရှိ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်ပြည်သူကြား ပွဲဦးထွက်တိုက်ပွဲ စတင်ခဲ့ပါတယ်။ လက်လုပ်သေနတ်၊ လေးခွကိုသာ ကိုယ်စီကိုင်ဆောင်ထားကြပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ပဲ စစ်ကောင်စီရဲ့ လက်နက်အကောင်းစားတွေကို ခုခံတိုက်ခိုက်ခဲ့ကြတာပါ။

ထိုအချိန်ကစပြီး ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာအသီးသီးက ပြည်သူလူထုက အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ရပါတယ်။ ယနေ့အချိန်ထိ အိမ်ပြန်ခွင့်မရသေးတဲ့ ဒီးမော့ဆိုမြို့နယ်ရှိ ဒေသခံပြည်သူတွေက အခုဆိုရင်စစ်ဘေး‌ရှောင်ကာလ ၃ နှစ်နီးပါးရှိလာပါပြီ။ ကရင်နီတပြည်နယ်လုံးအတိုင်းအတာဖြင့်လည်း ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် အရေအတွက်အများဆုံး ရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီကိုတော်လှန်တဲ့ လက်နက်ကိုင်အစုအဖွဲ့တွေ ပိုမိုပေါ်ပေါက်လာပြီး၊ လက်နက်အင်အားလည်း ယခင်ကထက်သာလာတာနဲ့ အမျှ စစ်ကောင်စီနဲ့လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်လာပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းပြီး ၃ နှစ်နီးပါးအတွင်း တိုက်ပွဲပေါင်း တထောင်ကျော် (၁၁၂၄) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ လစဥ် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တိုက်ပွဲရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကို ကရင်နီလူထုတွေက အမြဲခံရပါတယ်။ ထိုထဲမှာမှ စစ်ရှောင်ဦးရေ အများဆုံးရှိတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ မကြာခနကြုံတွေ့နေရလေ့ရှိပါတယ်။

ညဖက်အိပ်မောကျချိန် ဘာမှမသိလိုက်ပဲ ကိုယ့်ဘေးဝန်းကျင်မှာ ရုတ်တရက်လက်နက်ကျလာတဲ့ခါ ပထမဆုံးပြုလုပ်မိတာကတော့ ဗုံးခိုကျင်းထဲကို ခွေးပြေးဝက်ပြေး ပြေးဝင်တာပဲလို့ ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ဆာအယ်မှူးက ပြောပါတယ်။

“ဆင်းအိပ်တယ်။ စောင်တထည်နဲ့ခေါင်းအုံးတလုံး နဲ့ပေါ့။ ဒီမှာဆင်းဖို့ဆို တုတ်တချောင်းထောက်မှပဲ ဆင်းရတယ်ပေါ့နော။ ရှိတဲ့ဟာနဲ့ ဒီမှာဝင်နားတယ်။” လို့ လက်နက်ကြီးလာရင် ပုန်းရှောင်နေရတဲ့ပုံကို ဒေါ်ဆာအယ်မှူးက ပြောပြတာပါ။

ဒေါ်ဆာအယ်မှူးကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ တကိုယ်တည်း စစ်ရှောင်နေသူပါ။ သား၊သမီးတွေရှိပေမဲ့ မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် တနေရာစီ ဝေးနေကြရတာပါ။

ဗုံးခိုကျင်းထဲပြေးဝင်ပြီး တချိန်တည်းမှာပဲ ဒေါ်ဆာအယ်မှူးတယောက် မိသားစုရဲ့နွေးထွေးမှုကို အလွန်အင်မတန်တမ်းတမိပါတယ်။ သေရေးရှင်ရေးကိစ္စကြုံလာရတဲ့ခါ သားသမီးတွေကိုအရင်ဦးဆုံး တမ်းတမိနေတဲ့မိခင်တဦးရဲ့ စိတ်ခံစားချက်ပေါ်လာတယ်လို့ သူမကပြောပါတယ်။

“စိတ်လား၊ သားသမီးတွေကိုတမ်းတနေတယ်ပေါ့။ ကိုယ့်နားမှာကျတော့ သားသမီးအရင်းကလည်း တယောက်မှမရှိဘူးလေး။ ကိုယ့်သားသမီးကိုယ့်မိသားစုကို တမ်းတပြီးတော့အတူနေချင်တယ်ပေါ့ ကတုတ်ကျင်းထဲမှာ အဲလိုတော့ခံစားရတယ်ပေါ့ အဒေါ်က” လို့ ဒေါ်ဆာအယ်မှူးက ပြောပါတယ်။

မိသားစုစုံစုံလင်လင် အတူတူရှိနေချိန်တွေမှာ ဒုက္ခတွေကို အေးအတူပူအမျှ မျှဝေခံစားရတာက အခုလိုတယောက်တည်း အထီးကျန်နေရတာနဲ့စာရင် စိတ်ဖြေသာရာရတယ်လို့ ဒေါ်ဆာအယ်မှူးက သူမရဲ့ ခံစားချက်ကိုရင်ဖွင့်လာပါတယ်။

ဒေါ်ဆာအယ်မှူးနဲ့ ဒေါ်အယ်မှူးတို့လို ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြရတဲ့ သူတွေဟာ ‘ကလေးငယ်လေးတဦးရဲ့ ငိုသံကို မိခင်က နေ့ညမရွေးအမြဲနားစွင့်နေရတဲ့အတိုင်း ‘ စစ်ကောင်စီရဲ့ လေယာဉ်သံ၊ လက်နက်ကြီးသံတွေကို ရောက်တဲ့နေရာတိုင်း ၊ သတိနဲ့ နားစွင့်ထားနေရပါတယ်။ ဘယ်လောက်ပဲ အိပ်မောကျနေတဲ့အချိန်ဖြစ်နေပါစေ ‌ဝေဟင်ကဖြတ်လာတဲ့ တိုက်လေယာဥ်အသံကို ကြားတာနဲ့ ပုန်းရှောင်ရပါတော့တယ်။

ဒါ့ကြောင့်လည်း သူတို့မှာ လူလိုသူလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ရတဲ့ ညတွေလည်း မရှိသလောက်ပါပဲ။

စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးကြဲတိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အမြဲမပြတ်ခံရတဲ့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်တိုင်း၊ဒေသခံတိုင်းရဲ့ နေအိမ်တွေ နဲ့ စစ်ရှောင်တဲအိမ်တွေမှာ ဗုံးခိုကျင်းတခုစီတူးထားကြပါတယ်။ အခုလိုဗုံးခိုကျင်း တူးပြီး ကျင်းထဲဝင်လိုက်၊အပြင်ပြန်ထွက်လိုက် လုပ်ရမယ်လို့ ဘယ်သူမှ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။

ဒီးမော့ဆိုအနောက်ခြမ်းမှာတော့ ဝေဟင်ကလာတဲ့ စစ်ကောင်စီရဲ့ လက်နက်သံ မကြားရတဲ့နေ့ဟာ အရာအားလုံးသူ့နေရာနဲ့သူ နေသားကျနေပါတယ်။ စျေးရောင်းတဲ့သူကရောင်း ၊ အလုပ်ဆင်းတဲ့သူကဆင်းကြပြီး တနေ့တာအတွက် အရာအားလုံးကလည်း အဆင်ပြေနေပါတယ်။ ဒါပေမဲ့ အဆင်ပြေနေတယ်လို့ ထင်ရတဲ့ လူထုရဲ့စိတ်ထဲမှာ သောကတမျိုးစီတိုင်းကို ဖုံးဖိထားကြပြန်ပါတယ်။

ယခင်က ပုံမှန်ဝင်ငွေရရှိနေတဲ့ အခြေခံလူတန်းစားတွေက စစ်ဘေးရှောင်နေရချိန်မှာတော့ ဝင်ငွေမရှိတော့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့သူ ရုန်းကန်နေရချိန်မှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကို ရင်ဆိုင်ရပြန်ပါတယ်။ လူထုတွေဟာ အသက်အန္တရာယ်ရှိနေကြပေမဲ့ နောက်တခါထပ်ပြီး စစ်ရှောင်ဖို့အတွက် မကြိုးစားကြတော့ပါဘူး။ အကြောင်းကတော့ စစ်ထပ်ရှောင်ရင် နေရာထိုင်ခင်းအသစ်အတွက် ကုန်ကျမယ့်စရိတ်တွေ၊ စားဝတ်နေရေးနဲ့ တခြားအသုံးစရိတ်တွေကို မတတ်နိုင်ကြတာကြောင့်ပါ။

ဒါ့ကြောင့်လည်း အန္တရာယ်ကွင်းထဲ ဘယ်လောက်ပဲရောက်နေပါစေ ကိုယ်နေထိုင်ခဲ့ပြီဖြစ်တဲ့ ဒီနေရာဒီဒေသမှာပဲ စွန့်စားပြီးနေချင်ပါတယ်လို့ စစ်ဘေးရှောင် ဒေါ်ရှားမာကပြောပါတယ်။

“ထပ်ပြေးဖို့ကလည်းအဆင်မပြေတော့ဘူး။ စားဝတ်နေရေးဖက်ရော နောက် ငွေရေးကြေးရေးလည်းအဆင်မပြေဘူးပေါ့။ ပြေးဖို့လည်းအဆင်မပြေဘူးလို့ပဲ အခြေနေအရ ရခဲ့လို့ရှိရင်လည်း ဒီမှာပဲ နေချင်တယ်ပေါ့နော။ ထပ်ပြေးဖို့တော့စိတ်ကူးတော့ မယဥ်တော့ဘူး” လို့ စစ်ဘေးရှောင် တဦးဖြစ်တဲ့ ဒေါ်ရှားမာက ပြောပါတယ်။

ဘယ်လိုပဲ ဒုက္ခရောက်ပြီး စစ်ဇုံတွင်းရောက်နေပါစေ နောက်ထပ်တခါ ရွေ့ပြောင်းစစ်ရှောင်ဖို့ ဆန္ဒမရှိသူကတော့ ဒေါ်ရှားမာ တယောက်တည်းမဟုတ်ပါဘူး။ သူ့လိုပဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အများစုက ထပ်မပြေးရတော့ဖို့အတွက်ကိုမျှော်လင့်ရင်း လက်ရှိနေရာမှာပဲ အချိန်မရေးကျရောက်နိုင်တဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုတွေကြားထဲ အသက်လုပြီး နေထိုင်နေကြရပါတယ်။

spot_img
spot_img