မော်ဦးမြာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ထိုးပြီး ၂၀၁၂ခုနှစ်နှစ်နောက်ပိုင်းမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆက်လက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ဖို့ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖားဆောင်းမြို့ တွေအသီးသီးမှာ ဆက်ဆံရေးရုံးတွေ ထားရှိခဲ့ကြပါတယ်။

ဒီလိုဆက်ဆံရေးရုံးတွေထားပြီးနောက်ပိုင်း ပစ်ခတ်ရပ်စဲရေး သဘောတူထားတာ ၈ နှစ်နီးပါးအတော်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် လူထုတွေအတွက် ဘာတွေ ဆောင်ရွက်နေပြီလဲဆိုတာ တွေနဲ့ပါတ်သက်လို့ ( KNPP) ၏ ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်နှင့် တွေ့ ဆုံမေးမြန်းထားတာ ကောက်နုတ်တင်ပြလိုက်ရပါတယ်။

ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်

ကန္တာရဝတီတိုင်း(မ်) ။ ။ မင်္ဂလာပါဆရာ ဆရာတို့ ရှားတောမြို့ နယ်ရဲ့ ဆက်ဆံရေးရုံးမှာ အခုလက်ရှိ ဘာလှုပ်ရှားမှုတွေ ရှိနေပါသလဲ။

ခူးဘိုးရယ် ။ ။ ကျနော်တို့ ဆက်ဆံရေးရုံးအနေနဲ့ လှုပ်ရှားမှုက အဓိက ငါးချက်ရှိတယ်။ တစ်ချက်ကတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှု ရန်ဘက် ပြန်လည်မဖြစ်အောင် ထိန်းသိမ်းဖို့ တာဝန်တစ်ခုရှိတယ်။ နောက်တစ်ခုက ကျနော်တို့ လူထုတွေရဲ့ ဝန်ဆောင်မှု။ နောက်တစ်ခုကတော့ ကျနော်တို့ကတော့ NCA မထိုးသေးဘူး။ သို့သော် ဘာကြောင့် မထိုးရသလဲဆိုရင် ကျနော်တို့ မြေပြင်အခြေအနေနဲ့ NCA မှာပါတဲ့ အချက်အလက်နဲ့ကို သိပ်ပြီး သဟဇာတ မရှိသေးဘူး။ သိတဲ့အတိုင်း ကျနော်တို့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စ ပြသနာရှိတယ်။ မြေသိမ်း၊ ယာသိမ်း ပြသနာရှိတယ်။ အဲ့ဒါ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ အခြေအနေအပြင် ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတောင်မှ ပြန်လည်ပြီးတော့ တိုက်ခိုက်တာ ရှိတယ်။ နောက်တစ်ခုက ကျနော်တို့ ပြသနာ ပြန်မဖြစ်အောင် တပ်လှုပ်ရှားမှု ရှိမယ်။ ကျနော်တို့ တပ်ပိုင်းက လှုပ်ရှားမှု ရှိမယ်။ ဒါတွေကို ထိပ်တိုက် ထိတွေ့မှု မရှိအောင် အပြန်အလှန် သတိပေးတဲ့ လုပ်ငန်းတစ်ခု ရှိတယ်။ နောက်ဆုံးတစ်ခုက ခုနက ပြောသလို ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပြီဆိုရင် တိုင်တိုင်ပင်ပင်နဲ့ ဥပမာအားဖြင့် ကျန်းမာရေး ရှိမယ်ဗျာ။ ပညာရေးရှိမယ်၊ အဆောက်အဦးတွေ၊ လမ်းတံတားတွေ ပြင်တာတွေ ရှိမယ် အဲ့ဒါကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ပြသနာ မဖြစ်အောင် ထိန်းသိမ်းမယ်ဆိုတဲ့ ကဏ္ဍကြီး ငါးခုချပြီး ဆောင်ရွက်နေပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကျမတို့ ရှားတောက ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာ စစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်နေကြတယ်လို့ ပြောကြတယ်။ သူတို့က စိုးရိမ်ချက်တွေအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။

ခူးဘိုးရယ် ။ ။ ဒီရွာသားတွေရဲ့ စိုးရိမ်ချက်ကတော့ စိုးရိမ်စရာဖြစ်တယ်။ ကျနော်တို့လည်း အတန်တန်ပြောတယ် သက်ဆိုင်ရာ တပ်ကို။ သွားပြီဟေ့ ဆိုရင် အရင်တုန်းက သဘောတူထားတဲ့အတိုင်း ကျနော်တို့ မသွားခင် နှစ်ရက်လား သုံးရက်လား ကြိုပြီး သတိပေးရမယ်ဆိုတာ ရှိတယ်။ အခုက တပ်က ကျနော်တို့ကို ရန်စတာလား ဘာလားတော့ မပြောတတ်ဘူးပေါ့နော။ အသိမပေးပဲနဲ့ လျှောက်သွားတာရှိတယ်။ ကျနော်တို့ ကန့်သတ်တဲ့ နယ်မြေဆိုရင်လည်း ခိုးကြောင်ခိုးဝှက်နဲ့ သွားတယ်။ နောက်ပြီး လူ့အခွင့်အရေးဆိုတာလည်း အနည်းအကျဉ်း ချိုးဖောက်တာ ရှိတယ်။ လူထုကတော့ မတိုင်ရဲဘူး။ ဘာကြောင့်လဲဆို ပြသနာ ပြန်ဖြစ်သွားမှာစိုးလို့ သူတို့ မတိုင်ရဲဘူး။ စိုးရိမ်တာကတော့ အားလုံး စိုးရိမ်တယ်။ စိုးရိမ်တာကတော့ ကျနော်တို့ အခုပြောနေတဲ့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒါတွေက ကျနော်တို့အတွက် အဟန့်အတားတစ်ခုလည်း ဖြစ်စေတာပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဘယ်လိုဆောင်ရွက်စေချင်လဲ ပြီးတော့ ဘယ်လိုမျိုး ဖြစ်လာခဲ့ရင် အနေအထားက ဘယ်လိုရောက်သွားနိုင်မလဲပေ့ါ။

ခူးဘိုးရယ် ။ ။ ကျနော်ဆွေးနွေးတယ်။ အခုလက်ရှိ ကျနော်တို့ ဗျုဟာမှူးနဲ့ ကျနော်တို့ သွားမိတ်ဆက်ရင်းနဲ့ အပြန်အလှန် ဒီပြသနာတွေ ဆက်ပြီးမဖြစ်ရေး ငြိမ်းချမ်းရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ စောင့်ထိန်းရေး ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးဖြစ်ပါတယ်။ ကိုယ်က အထက်အမိန့်မရသာ လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ လုပ်နေရတဲ့ဟာဖြစ်တော့ တကယ်လို့များ ထိတွေ့မှုဖြစ်ရင် ကျနော်တို့ကတော့ ပြန်ခုခံရုံပဲ ရှိတာပေါ့ ဆိုပြီးတော့ ပြောတော့ ကျနော်တို့ အဲ့ဒီနေရာမှာ စဉ်းစားစရာဖြစ်လာတာပေါ့။ တကယ်ပဲ စစ်တပ်ရော အစိုးရရော ငြိမ်းချမ်းရေးကို တကယ်လိုလားသလား ဆိုတဲ့ မေးခွန်းက ကျနော်တို့ဆီမှာ ရှိနေသေးပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ NCA မထိုးထားသေးတဲ့ ဆရာတို့အဖွဲ့အနေနဲ့ တိုက်ပွဲတွေ ဆက်မဖြစ်အောင် ဘယ်လိုများ ထိန်းသိမ်းလုပ်ဆောင်နေပါသလဲ။

ခူးဘိုးရယ် ။ ။ ဒီကိစ္စကျတော့ ကျနော်တို့ ဒီပြည်တွင်းစစ် နှစ် ၇၀ ကျော် ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ဘာအကျိုးရှိသလဲပေါ့။ တိုက်ခိုက်ကြတာတွေက ကျနော်တို့ လူတွေ သေမယ်ဗျား။ မသေသည့်တိုင်အောင်လည်း ဆင်းရဲနွမ်းပါးတဲ့ ဘဝရောက်သွားတယ်။ ခြေကျိုးတယ်၊ လက်ပြတ်တယ်၊ မယုံသင်္ကာတဲ့ ကိစ္စတွေ ပေါ်လာတယ်။ ဖမ်းတယ်၊ ဆီးတယ်၊ချုပ်တယ်၊နှောင်တယ်။ အဲ့ဒီ အကျိုးရလဒ်တွေပဲ ရှိတော့ ကျတော်တို့ ဘာကြောင့် အငြိမ်းချမ်းဆုံးလို ဖြစ်လဲ ကျနော်တို့က တကယ်လိုလားတဲ့ ငြိမ်းချမ်းရေးကို လိုလားလို့သာလျှင် ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေရတဲ့ အခြေအနေမှာ ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ပါ။ လက်ရှိအစိုးရနဲ့ ငြိမ်ချမ်းရေးဖော်ဆောင်မှုနဲ့ အရင် အစိုးရလက်ထက် ဘာတွေကွာခြားတာများရှိလဲ။

ခူးဘိုးရယ် ။ ။ ကျနော်တို့ လက်ရှိ အစိုးရနဲ့ ပြီးခဲ့တဲ့ အစိုးရ သက်တမ်း နှစ်ခုမှာ ကျနော်တို့ ရပ်တည်လာတာတွေက အခု ဒီမိုကရေစီ အစိုးရ ဆိုပေမဲ့လည်း ဒီမိုကရေစီ သရေခြုံတဲ့ အစိုးရ နောက် သူတို့ ကြိုက်သလို သူတို့လုပ်နေသေးတဲ့ အစိုးရ အဲ့လို ကျနော်တို့ မြင်တဲ့အပေါ်မှာ လူထုကလည်း ပုဂ္ဂိုလ်စွဲလား မသိဘူး။ ဥပဒေကို နားမလည်ဘူး။ ၂၀၀၈ ဥပဒေ ပါရှိတဲ့ အချက်အလက်တွေကိုလည်း သူတို့ မလေ့လာဘူး။ မစူးစမ်းဘူး။ ဆိုတော့ ဒီအခြေအနေပေါ်မှာ ကျနော်တို့ ဒီမိုကရေစီဆိုတဲ့ အနစ်သာရကို ဖော်ဆောင်ဖို့က အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ နားလည်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဖြတ်လေးဖြတ်ခေတ်ကာလမှာ စုစည်းရွာတွေအများကြီးရှိနေတဲ့ အခုလို ရှားတော့ဘက်က ဒေသခံတွေ အခုချိန်ထိ ပြန်လည်ထူထောင်ဖို့ ၊ ဖွံဖြိုးတိုးတက်ဖို့ နှောင့်နှေးကျန့်ကြာနေသေးတဲ့ အခြေအနေမှာ ဆရာတို့ဘက်က ကော ဘာတွေဆောင်ရွက်ပေးတာရှိလဲ။ အစိုးရဘက်ကော ဘာတွေပြန်လုပ်ပေးတာရှိလဲ။

ခူးဘိုးရယ် ။ ။ အဓိကကတော့ သူတို့ စိတ်ထဲမှာ ကြောက်စိတ်ဆိုတာ မပျောက်သေးဘူး။ တစ်ခုခု ဖြစ်မှာကိုပဲ သူတို့ ပြန်ပြီး အတိတ်ကိုပဲ စဉ်းစားနေကြတဲ့အချိန်ဖြစ်တယ်။ တွေ့တဲ့သူလည်း ကျနော်စကားပြောဖြစ်တယ်။ အဲ့ဒီအခြေအနေမှာ ရှိသေးတယ်။ နောက်ပြီး မှီခိုရာမဲ့တယ်။ အားကိုးရာမဲ့တဲ့ အခြေအနေကို သူတို့ ခံစားနေရတယ်။ ဒီအပေါ်မှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းဖြစ်မယ်ဆိုရင် တကယ်လို့များ အစိုးရက ကျနော်တို့နဲ့ နားလည်မှု၊ ယုံကြည်မှု တကယ်တည်ဆောက်မယ်ဆိုရင် သူတို့အတွက် ကျနော်တို့ ရှေ့ ကပဲ စဉ်းစားပေးပါတယ်လို့။ သူတို့အနေနဲ့ဆိုရင် ခုနက ပြောသလို မှီခိုရာမဲ့တော့ ယုံကြည်ရာ၊ အားကိုးရာ မှုန်ဝါးဝါးကြီး ဖြစ်နေသေးတယ်။ ကျနော်တို့ လုပ်မယ်ဆိုရင်လည်း ဥပမာအားဖြင့် အစိုးရက သိသွားရင် ဟန့်တားတာတို့ ရှိနိုင်တယ်။ ကျနော်တို့ လုပ်ချင်တာကတော့ မနက်နဲ့ည အချိန်မရွေး ကျနော်တို့မှာ ရှိတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆိုတော့ ဆရာ့ရဲ့ အမြင်မှာပေါ့နော ရှားတောမြို့ နယ် ပိုပြီးတော့ ဖွံ့ဖြိုးဖို့ဆိုတာက အစိုးရလက်ထဲမှာ ရှိတယ်ပေါ့နော။ ဆိုတော့ အစိုးရက ဘာတွေကို အဓိက လုပ်ဆောင်ပေးဖို့ လိုအပ်လဲပေ့ါ။

ခူးဘိုးရယ် ။ ။ ခုနက ကျနော် ပြောသလိုပါပဲ။ ဖွံ့ဖြိုးအောင် လုပ်ပေးစေချင်တယ်ဆိုရင် ခိုင်မာတဲ့ ဖွံ့ဖြိုးမှု စနစ်ဖြစ်ဖို့လိုတယ်။ အရည်အသွေး ပြည့်မှီတဲ့ ဖွံ့ဖြိုးရေးစနစ်လိုတယ်။ တစ်အချက်က လူထုနဲ့ တိုင်ပင်ရမယ်။ နောက်တစ်ချက်က ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ပြီဆိုကတည်းက အနည်းနဲ့အများ နစ်နာတဲ့ အပိုင်း ရှိတယ်။ ဆုံးရှုံးသွားတဲ့ အပိုင်းတွေရှိတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လို နစ်နာကြေးပေးမလဲ။ ဆုံးရှုံးတဲ့သူတွေ လျော်ကြေးဆိုတာ ဘယ်လိုချမှတ်ပေးမလဲဆိုတဲ့ ပေါ်လစီကတော့ လိုတာပေါ့။ အခုက ကျနော်တို့ ကြည့်ရတာက သူတို့ လုပ်ချင်တာပဲ သိတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ နောက်တစ်ခုက ကျန်းမာရေးအခြေအနေပေ့ါနော။ ဒေသခံတွေ အများစုက သူတို့ ဆေးရုံဖြစ်ဖြစ်၊ ဆေးခန်းဖြစ်ဖြစ်ပေါ့နော သွားတဲ့အခါမှာ ဆရာဝန်တွေ အဆင်သင့်မရှိတာတွေ၊ ဆေးဝါး မလုံလောက်တာတွေ ရှိတယ်ပေါ့ အဲ့လိုမျိုး အများစုက ပြောကြတယ်။ ဆိုတော့ ဒီအပေါ်မှာကော ဆရာတို့ ဘာများ ပြောချင်ပါသလဲရှင့်။

ခူးဘိုးရယ် ။ ။ ကျနော့်အမြင်ကတော့ အစိုးရကိုပဲ မေးမှ ပိုပြီးပြည့်စုံမယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက သူတို့ရဲ့ လုပ်ငန်းစီမံချက် အစီအစဉ်နဲ့သွားတော့ ကျနော်တို့ကတော့ အသေးစိတ်တော့ မပြောနိုင်ဘူးပေါ့။ ဒါမေပဲ့ ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ ဒီရှားတောဆိုတာကလည်း ဘယ်သူမှလည်း လာနေချင်တဲ့ ဒေသလည်း မဟုတ်တော့။ အဲ့ဒါကတော့ အခုမှ မဟုတ်ပါဘူး။ အရင်တုန်းကလည်း အဲ့လိုမျိုးတွေ ရှိလာခဲ့တယ်။ တကယ်လို့များ လူထုအပေါ်မှာ စေတနာထားတဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်မယ်ဆိုရင် ဒါတွေက မဖြစ်သင့်တော့ဘူးလို့ပဲ မြင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာကရော ဆရာတို့ဖက်ကနေပြီးတော့ ဆောင်ရွက်နေတာတွေ ရှိလား။ သို့မဟုတ် ဆောင်ရွက်ပေးဖို့ ရှိလား။

ခူးဘိုးရယ် ။ ။ မြို့ ပေါ်မှာတော့ မရှိဘူး။ ကျနော်တို့ ရွာမှာဆိုရင်တော့ ကျနော်တို့ နယ်လှည့်ကျောပိုးအိတ် backpack အဖွဲ့ ရှိတယ်။ အဲ့ဒါ သူတို့ တစ်ရွာဝင် တစ်ရွာထွက် လုပ်တဲ့ ကျန်းမာရေးအဖွဲ့တော့ ရှိတာပေါ့။ သို့သော် သူတို့ ဘယ်လိုလုပ်နေကြလဲဆိုတာကိုတော့ ကျနော်တို့ အသေးစိတ်တော့ မသိနိုင်ဘူး။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ပါ။ နောက်တစ်ခုက ဒီ ၂၀၂၀ မှာ ရွေးကောက်ပွဲလည်း လာတော့မယ်ပေါ့နော။ ၁၅ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ကို လာခဲ့တယ်ပေါ့နော။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ ဘာများ ပြောချင်ပါသလဲရှင့်။

ခူးဘိုးရယ် ။ ။ အဓိကကတော့ ငြိမ်းချမ်းရေး မျှမျှတတ နယ်မြေဒေသရဲ့ သမိုင်းကို အခြေခံပြီးတော့မှ လူထုက တင်ပြထားတဲ့ အချက်အလက်ကို နည်းနည်း နားထောင်ပေးဖို့ ကျနော်ဆန္ဒပြုတယ်။ နောက်ပြီးတော့ ကျနော်တို့ ကရင်နီဆိုတာကလည်း ရေပက်မဝင်တဲ့ ကျနော်တို့ အထောက်အထားရှိတယ်။ နောက်ပြီးတော့ ငါ လူကြီးဖြစ်ရင် ပြီးရောဆိုတဲ့ စိတ်မျိုး မထားဖို့လိုတယ်။ နိုင်ငံရေးသမားဆိုရင် လူတိုင်းက နိုင်ငံရေးသမားပဲ နိုင်ငံရေးသားကောင်းပဲ လူထုအတွက် ဝန်ဆောင်မှု ပေးတဲ့နေရာမှာ အနစ်နာခံပေးနိုင်တဲ့ အစိုးရ ဖြစ်လာဖို့ ကျနော်ဆန္ဒပြုချင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ ဒီလာမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက်ရော ဒီရှားတောမြို့ နယ်အတွက် ဆရာ ဘာများ အကြံပြုချင်ပါသလဲ။

ခူးဘိုးရယ် ။ ။ ကျနော်တို့ ရှားတောမြို့ နယ်ကျတော့ လောလောဆယ်တော့ ဘယ်ပါတီက ဝင်ပြိုင်မယ် ဘယ်ကိုယ်စားလှယ်လောင်းက ဝင်ပြိုင်မယ် ဆိုတာ တိတိကျကျတော့ မသိသေးဘူး။ ဒီအပေါ်မှာတော့ ပြောရ ခက်ပါသေးတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ပါ။ ဆရာ ထပ်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ခူးဘိုးရယ် ။ ။ ကျနော်တို့ ရှားတောက အစွန်အဖျားလည်းဖြစ်တယ်။ နောက်ပြီးတော့ ပွင့်လင်းတဲ့ အုပ်ချုပ်မှု စနစ်လည်း မဟုတ်သေးဘူး။ စစ်ဆင်ရေးနယ်မြေလည်း ဖြစ်နေပါသေးတယ်။ အခုလိုမျိုး လာရောက်မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူထုအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Comments

comments