spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်မက်ဖြစ်ပွားရာဒေသတွေမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မွေးကင်းစကလေးနဲ့ မိခင်တွေအပြင် ကလေးငယ်တွေဟာ ဆေးဝါးမလုံလောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှု မရှိတာတွေကြောင့် သေဆုံးနေတာတွေရှိနေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ ဒီလိုစောင့်ရှောက်ဖို့အတွက်ကလည်း အဲလောက်ထိ ရှိမနေဘူး။ ကလေးနဲ့ မိခင်အတွက် အာဟာရဖြစ်စေတဲ့ ကျန်းမာစေတဲ့ ဆေးဝါးက လုံလုံလောက်လောက်မရှိဘူး။ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ ရွေ့ပြောင်းပြီး ပြေးလွှားနေရတဲ့အနေအထားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကလေးပျက်ကျတာများသလို ကလေးတွေ ဗိုက်ထဲမှာ သေဆုံးတာလည်းရှိသလို ကလေးလမစေ့ဘဲနဲ့ မွေးဖွားပြီးတော့ ကလေးသေဆုံးတာ ကလေးမွေးဖွားပြီးတော့မှ မိခင်သေဆုံးမှုကလည်း အများကြီးရှိတယ်ပေါ့နော။” လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားလိုက်ရတဲ့အပြင် စစ်ရှောင်စခန်း နဲ့ ကျေးလက်ဒေသတွေမှာ ဖွင့်လှစ်တဲ့ ဆေးခန်းမှာလည်း ဆေးဝါးလုံလောက်မှုမရှိပါဘူး။ ဒါ့အပြင် ကလေးနဲ့ မိခင်အတွက် အာဟာရဖြစ်စေမယ့် ဖြည့်စွက်စာတွေကို လုံလုံလောက်လောက် မပေးနိုင်တော့တာကလည်း အခက်အခဲတစ်ခုဖြစ်လာတယ်လို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

အာဏာသိမ်းမှုအပြီး ၂နှစ်အတွင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဆေးရုံ၊ဆေးခန်းမရှိတဲ့ ကျေးရွာတွေက အသက်၂နှစ်အောက် ကလေးငယ် ၈ ဦးဟာ ဆေးကုသမှု မရရှိတာအပြင် ၊ အချိန်မီဆေးကုသမှု မပေးနိုင်ခဲ့တဲ့အတွက် သေဆုံးတဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ မမေရီက ပြောပါတယ်။

“ကလေးက ဝမ်းလျောအန်တယ်ပေါ့နော။ ကလေးက နောက်တစ်ရက်နှစ်ရက် မသက်သာမှပဲ ဆေးသွားကုမယ်ပေါ့။ နောက်ရက်သွားတဲ့အချိန်မှာ သူ့ကလေးက ဆေးရုံရောက်တဲ့အချိန်မှာ မမီတော့ဘူး ဆုံးသွားတယ်ပေါ့နော။” လို့ သေးဆုံးသွားတဲ့ ကလေးငယ်တစ်ဦးရဲ့ ဖြစ်စဉ်ကို စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ မမေရီက ပြောပြသွားတာပါ။

တဖက်မှာလည်း ဆေးကုသခွင့်မရရှိတာကြောင့် သေဆုံးသွားတဲ့ ကလေးနဲ့ မိခင်တွေရဲ့ စာရင်းကို အတိအကျမသိနိုင်ပေမဲ့လည်း ၂၀၂၃ခုနှစ် နှစ်စပိုင်းကနေ ဧပြီလအထိ ကရင်နီပြည်မှာ အမျိုးသမီး ကိုယ်ဝန်ပျက်ကျမှု၊ ကလေးမီးဖွားစဉ်အတွင်း ကလေး သို့မဟုတ် မိခင်သေဆုံးမှု၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း စတဲ့ အကြောင်းအရာတွေ ၅မှုထက်မနည်းရှိခဲ့တယ်လို့ KyWO မှ ဧပြီလ ၃၀ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။ သို့ပေမယ့် မြေပြင်မှာ လက်လှမ်းမမီတဲ့နေရာရှိတဲ့အတွက် အမှုတွေ ဒီထက်မက ပိုများနိုင်တယ်လို့ မူအန်းဂျလာက ပြောပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လက်သည်နဲ့ပဲ မွေးဖွားခဲ့ရပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့ဘူးလို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

“ဆေးခန်းနဲ့လက်လှမ်းမီတဲ့နေရာမှာ အချိန်မရွေး စကစ (စစ်ကောင်စီ) ဗုံးကျဲမှုတွေ လေကြောင်းတိုက်ခိုက်မှုတွေက အချိန်မရွေးလုပ်နိုင်တဲ့အပေါ်မှာလည်း စိုးရိမ်ကြောက်ကြန့်မှုအပြည့်နဲ့ ရင်တထိတ်ထိတ် နဲ့ပဲ ကလေးမွေးဖွားတာတွေ လုပ်နေရတယ်ပေါ့နော။ စိတ်ကြောက် စိတ်လုံခြုံမှုမရှိတဲ့အကြောင်းကလည်း မိခင်ရဲ့စိတ်ကိုထိခိုက်သလို ကလေးတွေလည်း ဗိုက်ထဲသေဆုံးတာလည်း များသလို မွေးဖွားလည်း အသေနဲ့မွေးဖွားတာ‌တွေ ကလေးပျက်ကျမှုတွေက ဒီအကြောင်းအရာတွေကြောင့် ဖြစ်စဉ်တွေက ပိုပြီးဖြစ်လာတယ်ပေါ့။” လို့ မူအန်းဂျလာက ပြောပါတယ်။

အထူးသဖြင့် မိခင်နဲ့ကလေးသေဆုံးမှုတွေက ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဖရူဆိုမြို့၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့က ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဖြစ်ပွားရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် လက်လှမ်းမမှီတော့သလို ဆေးဝါးလိုအပ်ချက်လည်း ရှိနေပါတယ်။

၂၀၂၃ ဇန်နဝါရီလအတွင်းမှာ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန် ၇ လ နဲ့ သေဆုံးလျက် မွေးဖွားခဲ့ပြီး ကလေးကလည်း ကိုယ်လက်အင်္ဂါ ပြည့်စုံမှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဖယ်ခုံမြို့ လယ်ထွန်ကျေးရွာက အမျိုးသမီးကလည်း ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ကိုယ်ဝန် ၇ လနဲ့ ပျက်ကျခဲ့ပါတယ်။ အလားတူ မတ်လ ၂၆ရက်နေ့မှာတော့ နန်းပေါ်လုံကျေးရွာက အမျိုးသမီးတစ်ဦးဟာ ကလေးမွေးဖွားခဲ့ပြီးနောက် သေဆုံးခဲ့ရပါတယ်။ မတ်လအတွင်းမှာတော့ ဖယ်ခုံမြို့က အမျိုးသမီးတစ်ဦးဟာ အမွှာကိုယ်ဝန် ၇လ နဲ့ ကလေးအသေ မွေးဖွားခဲ့တယ်လို့ KyWO အချက်အလက် သိရပါတယ်။

spot_img
spot_img

Recent posts