spot_imgspot_imgspot_imgspot_img
Wednesday, December 4, 2024
spot_imgspot_imgspot_imgspot_img

ကျန်းမာရေးအသိပညာ နည်းပါးနေသေးတဲ့ ဖရူးခေါကျေးရွာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာတည်ရှိပြီး အိမ်ခြေ ၄၂ အိမ်နဲ့ ကယောလူမျိုးတွေ အများစုနေထိုင်တဲ့ ဖရူးခေါကျေးရွာမှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဖက်ဖက်မှာ ဖွံ့ဖြိုးမှုနောက်ကျနေဆဲဖြစ်ပါတယ်။

စား၀တ်နေရေးအတွက် တောင်တက်တောင်ဆင်း ခရီးရှည်ကို ခြေလျင်နဲ့သွားပြီး တောင်ယာခုတ် စပါးစိုက်ကြတဲ့ လုပ်ငန်းကို အဓိကလုပ်ဆောင်ကြပါတယ်။ မြေဆီလွှာ မကောင်းလို့ စိုက်ပျိုးထားတဲ့ စပါးကလည်း တစ်နှစ်ပတ်လုံးစာအတွက် မဖူလုံကြပါဘူး။

ခေတ်ပညာတတ်လူငယ် အားနည်းတဲ့အပြင် သားသမီးတွေရဲ့ ပညာရေးထက် စား၀တ်နေရေးအတွက် ရုန်းကန်ဖို့ကိုပဲ ဦးစားပေးနေကြတဲ့ ကျေးရွာပဲဖြစ်ပါတယ်။ ကျေးရွာစတည်ကတည်းကနေ လက်ရှိအချိန်ထိ အထက်တန်းပညာအဆင့်ဖြစ်တဲ့ (၁၀) တန်းအောင်သူ တစ်ဦးမှ မရှိခဲ့ဘူးလို့ ဒေသခံရပ်မိရပ်ဖတွေက ပြောပါတယ်။

အမျိုးသမီးအများစုက အမျိုးသားတွေထက် တက်ကြွလှုပ်ရှားကြပြီး တစ်နေ့တစ်နေ့ စားဖို့အတွက် ရုန်းကန်နေတာနဲ့တင် အခြားဘယ်စီးပွားဖြစ်ကိစ္စကိုမှ အာရုံထဲမထားနိုင်ကြပါဘူး။

သူတို့ဟာ တစ်နေ့တာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် စားဖို့သောက်ဖို့ အတွက်ပဲ လုံးပန်းနေကြရတာပါ။ အမျိုးသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြပြီး မိသားစုရဲ့ စားရေးသောက်ရေးအတွက် ရုန်းကန်ရတော့တာပါ။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေး အသိပညာ အားနည်းတာကြောင့်
မွေးကင်းစကလေးကိုတောင် ၂လ၊ ၃လ အတွင်း အာဟာရဖြည့်စွက်စာအနေနဲ့ ထမင်းကျွေးနေကြပါတယ်။ ကလေးအရွယ်နုတုန်း “ ထမင်းစောကျွေးနိုင်လေ ကလေးကျန်းမာသန်စွမ်းလေ ”လို့ ယူဆထားကြတဲ့အကြောင်းကို ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဒေါ်၀ိသာကအခုလိုပြောပါတယ်။

” ဆေးရုံမှာသွားမွေးပြီး ပြန်လာရင်ထမင်းကျွေးရမယ်။ ထမင်းမကျွေးရင်ကလေးကငိုတယ်။ ငိုပြီးတော့ ကလေးကမသန်မာဘူး။ ခနခနဖျားတယ် အဲ့လိုမျိုးပြောတယ်။ ထမင်းကျွေးတဲ့လူနဲ့ မကျွေးတဲ့လူနဲ့ နှိုင်းလိုက်ရင် ကလေးကပေါ့နော စမွေးပြီးထမင်းမကျွေးတာနဲ့ စမွေးပြီးထမင်းကျွေးတာနဲ့ဘယ်လိုကွာလဲဆိုရင် သူတို့အသားကပိုပြီးတော့ သန်တယ်ပြောရမလား ကျစ်တယ်။ ထမင်းမကျွေးတဲ့လူခါကျတော့ အသားကကိုင်လိုက်ရင်ပျော့ပျော့လေးဖြစ်နေတယ် အဲ့လိုမျိုးပြောတယ်ပေါ့နော ” လို့ ဒေါ်ဝိသာ က ပြောပြပါတယ်။

ကျန်းမာရေး အရ ကလေးအသက် ၆ လထိ မိခင်နို့တစ်မျိုးပဲ တိုက်ရမှာဖြစ်ပြီး မိခင်နို့လုံးဝအဆင်မပြေမှသာ အာဟာရနို့မှုန့်တိုက်သင့်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားတာရှိပါတယ်။

၆ လမတိုင်ခင်မှာ ထမင်းစကျွေးတာ၊ အစာစကျွေးတာ၊ ရေတိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ကြောင်း နဲ့ ပြုလုပ်ခဲ့မယ်ဆိုရင် ကလေးတွေအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ အသိပညာပေးတာရှိပါတယ်။

၆ လ မပြည့်ခင် အစာနဲ့ ရေတိုက်တာမျိုး ပြုလုပ်ခြင်းဖြင့် အစာသီးခြင်း၊ အစာနင်ခြင်း ၊ အာဟာရချို့တဲ့ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်လွယ်ခြင်း၊ အဝလွန်ခြင်း၊ ကျောက်ကပ်ထိခိုက်နိုင်ခြင်း စတာတွေကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ ၆ လမတိုင်ခင် (အထူးသဖြင့် ကလေးအသက် ၄ လမတိုင်ခင်) မှာ အစာဖတ်၊ ရေ တိုက်ကျွေးတာမျိုး လုံးဝမလုပ်ဘဲ မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ဖို့၊ မိခင်နို့တိုက်ဖို့အဆင်မပြေပါက ဖော်မြူလာနို့မှုန့်တိုက် ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒေါ်ဝိသာတို့ နေထိုင်တဲ့ အဲဒီဒေသမှာ မွေးကင်းစကလေးငယ်လေးတွေကိုလည်း မွေးပြီးချင်း ၃ ရက်ထဲနဲ့ ထမင်းကျွေးကြတာမျိုးလည်းရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် မွေးလူနာကို ဆေးရုံပို့ရေးမပို့ရေးကလည်း ဒေသရဲ့ အလေ့အထ တစ်ခုအပေါ်မူတည်ပြီး ဆုံးဖြတ်ကြတာလည်းရှိနေပါတယ်။ ကျေးရွာရဲ့ အလေ့အထအရ လူနာကို ဆေးရုံပို့ရေး၊ မပို့ရေးကို သက်ကြီးပိုင်း တချို့က ရပ်ရွာဓလေ့အရ “တုတ်ချိုး” ပြီးဆုံးဖြတ်ပေးကြတာပါ။

“တုတ်ချိုး” တယ်ဆိုတဲ့ ဓလေ့က ရှေးလူကြီးတွေကျင့်သုံးခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပြီး ကရင်နီလူမျိုးတွေရဲ့ ကြက်ရိုးထိုးတဲ့ အလေ့အထနဲ့ ဆင်တူတဲ့ ရှေ့ဖြစ်စဉ်ကိုခန့်မှန်းတဲ့ အလေ့အထ မျိုးဖြစ်ပါတယ်။

“ ဗိုက်ကြီးပြီး ကလေးမွေးတော့မယ်ဆိုရင်ပေါ့နော။ ဆရာမတွေက အသိပညာပေးတယ် ကျမတို့က နားထောင်ချင်တယ်ပေါ့နော။ ဒါပေမယ့် မိဘလူကြီးတွေက သူ့ရဲ့တစ်ခုခုခိုက်မိလို့ တစ်ခုခုထိမိလို့ အဲ့လိုမျိုးပေါ့နော။ အယူအဆရှိလို့ ဒါမျိုး “ တုတ်ချိုး ”လိုက်ရင် ဒီလိုလုပ်လိုက်ရင် သူကမွေးနိုင်မှာပါ ဆေးရုံသွားစရာမလိုပါဘူး။ ဘာတွေညာတွေပေါ့နော အဲ့လိုမျိုးပြောတယ်။ ” လို့ ဒေါ်ဝိသာက အဲဒီ ဒေသရဲ့ ဓလေ့ကို ပြောပြပါတယ်။

ဒေါ်၀ိသာက ဖရူးခေါကျေးရွာကိုလွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပဲ ပြောင်းလာနေထိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဖရူးခေါကျေးရွာမှာ နေထိုင်ခြင်းကလည်း သူမအတွက် စိန်ခေါ်မှုကြီး တစ်ခုဖြစ်တယ်လို့ လည်းဆိုပါတယ်။

သန့်ရှင်းမှုလည်း နိုင်နင်းမှုမရှိတာကြောင့် မကြာခဏဆိုသလို ရွာသားတွေက ဖျားနာလေ့ရှိတယ်လို့သိရပါတယ်။ ကျန်းမာရေး၀န်ထမ်းလည်း ကျေးရွာတွင်းမရှိတဲ့အတွက် ကျေးရွာဒေသခံတွေက မိရိုးဖလာ ယုံကြည်လာခဲ့တဲ့အတိုင်း မွေးကင်းစကလေးငယ်တွေကို ယခုချိန်ထိတိုင် ထမင်းကျွေးနေကြဆဲဖြစ်ပါတယ်။ ဆေးရုံမှာ ကလေးမွေးရင်လည်း လူထူးဆန်း တစ်ယောက်လိုပဲ ပြောဆိုခံရတယ်လို့ ဒေါ်၀ိသာကအခုလို ဆက်ပြောပါတယ်။

” သူများတွေက ရေမွှာ ၂၄ နာရီပေါက်ပြီးသွားရင် ဆေးရုံသွားရတယ် သူများပြောလို့ကိုယ်ကသွားချင်တယ်။ ဒါမဲ့သူတို့ကမသွားခိုင်းချင်ဘူး။ ပြီးရင် မသွားခိုင်းချင်တော့ သူတို့က။ နွဲ့တယ် သူ့ယောကျာ်းကိုနွဲ့တယ် ဘာတွေအဲ့လိုမျိုး ပြောခံရတယ်ပေါ့နော။ ဆေးရုံသွားပြီးတော့ ပြန်လာတော့လည်း သူ့ကလေးကဘာမို့လဲ သူများတွေက ပုပုကွကွလေးနဲ့ သူများမွေးနိုင်တာပဲ၊ ကိုယ့်အားနဲ့ကိုယ်မွေးနိုင်တာပဲ၊ သူကျမှ ဘာဖြစ်လို့ဆေးရုံမှာတက်ရတာလဲ အ့လိုမျိုးတွေအပြောခံရတယ် ” လို့ ဒေါ်ဝိသာကပြောပါတယ်။

အာဏာမသိမ်းမီ ကာလအတွင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို သက်ဆိုင်ရာက ပြုလုပ်ပေးတယ်ဆိုပေမဲ့ တက်ရောက်သူမရှိသလောက်ပဲလို့ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စေတနာ့ဝန်ထမ်း ကျန်းမာရေး၀န်ထမ်းတွေက ဆေးကုသမှုတွေ လာလုပ်ပေးတဲ့အပြင်၊ အသိပညာပေးမှုတွေကို လုပ်ပေးလာတာကြောင့် မွေးကင်းစကလေးကို ထမင်းကျွေးတဲ့ဦးရေ ယခင်ကထက်နည်းလာနေပြီလို့ ဒေါ်၀ိသာက ပြောပါတယ်။

ဖရူးခေါ ကျေးရွာလိုပဲ ကရင်နီပြည်မှာရှိတဲ့ မြို့ပြနဲ့အလှမ်းဝေးတဲ့ကျေးရွာတော်တော်များများဟာ ကျန်းမာရေးထက် စား၀တ်နေရေးကို ပိုမိုအလေးပေးတာကြောင့် အခုလိုမျိုး အုပ်ချုပ်ရေးတွေ အားနည်းနေတဲ့ ကာလမျိုးမှာ ကျန်းမာရေးပိုင်းလည်း ပိုမို အားနည်းနေဆဲပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts