spot_imgspot_imgspot_imgspot_img
Saturday, April 13, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းစာသင်ခန်းကိုကျောခိုင်းပြီး ဝမ်းရေးအတွက်ရုန်းကန်နေရတဲ့ လူငယ်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တောင်စောင်းပေါ်က လက္ဘက်ခင်းတခုထဲမှ နေပူရှိန်ပြင်းပြတဲ့ဒဏ်ကို အံတုရင်း ကိုယ်စီဦးထုပ်တွေ ဆောင်းထားကြပြီး စကားပြောဆိုစနှောက်ရင်းနဲ့ လက္ဘက်ရွက် နုနုလေးတွေ ကို ခူးဆွတ်နေကြသူတွေ ကတော့ အသက်အရွယ်အားဖြင့် အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိ လူငယ်လူရွယ်တွေပဲ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အရွယ် မော်စေးမြာလည်း ပါဝင်နေ ပါတယ်။ မော်စေးမြာဟာ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ နဝမတန်းကို တက်ရောက်အောင်မြင်ခဲ့ပြီး ၂၀၂၀ – ၂၀၂၁ ခုနှစ် မှာ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) ကို တက်ရောက်ရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်း လိုက်တာကြောင့် ကျောင်းစာသင်ခန်းကို ကျောခိုင်းခဲ့ရသူပါ။

“ရောက်တဲ့နေရာမှာ နေ့စားလိုက်နေရတယ်။ ပေါင်းလိုက်၊ လက္ဘက်ဖက်ခူး၊ စပါးစိုက်၊ ချင်း(ဂျင်း) တူး စတဲ့ အလုပ်ကြမ်းတွေ လုပ်ရတယ်။ အရင်က ဒီလို ပင်ပင်ပန်းပန်းအလုပ်မျိုး တခါမှ မလုပ်ဖူးပေမယ့် ဒီလိုပြေးရတဲ့ အခါမှာတော့ လုပ်ရတယ်။”

ဒီစကားကတော့ မော်စေးမြာတစ်ယောက် သူမ အရင်ကတခါမှ မလုပ်ဖူးတဲ့ အလုပ်ကို စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ လုပ်နေရတဲ့အကြောင်းကို ရင်နှင့်စွာ ပြောပြနေတာပဲ ဖြစ်ပါတယ်။

မော်စေးမြာတို့ နေ့စားလိုက်တဲ့ တနေ့တာ လုပ်အားခဟာ အရင်က ၅၀၀၀ ကျပ် ရပြီး ဒီနောက်ပိုင်းမှာ‌တော့ ၆၀၀၀ ကျပ် ရတယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်အထိ မော်စေးမြာရဲ့ ဘဝဟာ မိဘနှစ်ပါးနဲ့အတူ အေးချမ်းစွာ နေထိုင်ရပြီး အပူအပင်ကင်းစွာနဲ့ ကျောင်းစာတခုကိုပဲ တစိုက်မတ်မတ် ကြိုးစားနေသူပါ။ သို့ပေမယ့် ကိုဗစ်ပြီးရင် ကျောင်းပြန်တက်ပြီး သူမဖြစ်ချင်တဲ့ သူနာပြုဆရာမ အလုပ်ကို ရအောင်လုပ်မယ် ဆိုတဲ့ သူမရဲ့အိပ်မက်ဟာ ယမ်းငွေ့တွေကြားမှာပဲ ပျောက်ရှသွားခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီဒေသမှာ ပေါ်ပေါက်လာတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဉ်နဲ့အမျှဖြစ်ပွားနေတဲ့ ပြင်းထန်တိုက်ပွဲတွေကြောင့် မော်စေးမြာလိုပဲ ကျောင်းနေအရွယ် လူငယ်မြောက်များစွာဟာ စာသင်ခန်းတွေကို ကျောခိုင်းခဲ့ကြရပါတယ်။

ဒါတွေအပြင် ဒီးမော့ဆို မြို့နယ်ထဲက မြောက်များစွာသော လယ်ယာဧကတွေ နဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ မော်စေးမြာတို့ မိသားစု ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေတွေနဲ့ အိုးအိမ်တွေ အပါအဝင်ပါ။

မော်စေးမြာတို့မိသားစုကတော့ အာဏာမသိမ်းခင်မထိ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး နဲ့ မွေးမြူရေးအလုပ်ကို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ သူမတို့မိသားစုဟာ အဆင်ပြေပြေနဲ့ နေထိုင်ခဲ့ကြပြီး တစ်ဦးတည်းသောသမီးဖြစ်တဲ့ မော်စေးမြာကိုလည်း လွိုင်ကော်မြို့ပေါ်က အကောင်းဆုံးစာရင်းဝင်တဲ့ ဘော်ဒါဆောင်မှာ ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်။

သို့ပေမယ့် လက်ရှိမှာတော့ မော်စေးမြာတယောက် ပညာမသင်ကြားနိုင်တော့တဲ့အပြင် ဝမ်းရေးအတွက်ပါ ရုန်းကန်ခဲ့ရပါတယ်။

“စိတ်ထဲမှာတော့ စိတ်ဓာတ်ကျတာပေါ့။ကျောင်းမတက်ရတော့ တအားနှစ်နာသွားတယ်။ လူတောလည်း မတိုးနိုင်တော့ဘူးပေါ့။ တခါတလေဆို တအား အားငယ်တယ်။ သူများကျောင်းတက်တာမြင်ရင် စိတ်ထဲ နေလို့မကောင်းဘူး။ ” လို့ သူမက ဆိုပါတယ်။

မော်စေးမြာတို့ သွားရောက်စစ်ရှောင်တဲ့နေရာကတော့ ရှမ်းပြည်တောင်းပိုင်းတစ်နေရာက ဖြစ်ပြီး (၅) တန်းအထိ စစ်ရှောင်ကျောင်း ဖွင့်လှစ်ပေမယ့် သူမတို့လို အထက်တန်း အရွယ်အတွက် စာသင်ကျောင်းကိုတော့ မဖွင့်လှစ်ထားပါဘူး။ ဒါကြောင့်လည်း သူမတို့လို အထက်တန်းအရွယ် လူငယ် ၄၀ ဝန်းကျင်ဟာ စာသင်ခန်းမှာ စာသင်နေရမယ့်အစား လက္ဘက်ခင်း၊ ပြောင်းခင်း၊ စပါးခင်း စတဲ့ လယ်ယာတွေထဲမှာ အချိန်ကုန်ခဲ့ရတဲ့ နေ့ရက်တွေဟာ တစ်နှစ်ကျော်ကျော် ရှိနေပါပြီ။

တိုက်ပွဲတွေကြောင့် အတန်းပညာသင်ခွင့် မရခဲ့ကြတဲ့ စစ်ဘေးရှောင်တွေအတွက် ဒေသခံအဖွဲ့ အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ NUG စတဲ့ အဖွဲ့အစည်းတွေ ဖွင့်လှစ်တဲ့ကျောင်း ရှိနေပေမယ့် မော်စေးမြာတို့ အတွက် လက်လှမ်းမမီခဲ့ပါဘူး။

“အွန်လိုင်းကနေ ဖွင့်တဲ့ကျောင်းတွေရှိပေမယ့် ဖုန်းဘေမတတ်နိုင်ဘူး အင်တာနက်လိုင်းလည်း မကောင်းဘူးလေ ဒီမှာက ။” လို့ ပညာသင်အခွင့်အလမ်း ဆုံးရှုံးနေရတဲ့ အကြောင်းကို စိတ်ဓာတ်ကျစွာနဲ့ မော်စေးမြာက ပြောပြရှာပါတယ်။

ကင်ဆာရောဂါ အခံရှိတဲ့ မော်စေးရဲ့ မိခင်ကတော့ သမီးဖြစ်သူကို ပညာတတ်ဖြစ်လာဖို့ ရည်မှန်းထားခဲ့ပေမယ့် သူမအတွက် မဖြစ်မနေသောက်ရမယ့် အားဆေးတွေကြောင့် သမီးဖြစ်သူရဲ့ ပညာသင်ကြားခွင့်ကို အဆုံးရှုံးခံလိုက်ရတယ် လို့ ပြောပြလာပါတယ်။

“သူ့ကိုတော့ ကျောင်းတက်ခိုင်းစေချင်တယ်လေ။ ကိုဗစ်ပြီးတော့ ဒီလိုထပ်ပြေးရတယ် ဆိုတော့ သူကကျောင်းဆက်တက်မယ်ဆိုရင် ပိုက်ဆံလည်း အဆင်မပြေတော့ဘူး။ ကျမက ဆေးဖိုးအမြဲတမ်းကုန်တယ်။ ကင်ဆာရောဂါအခံရှိတော့ အားဆေးဆို ပြတ်လို့မရဘူး။ အားဆေးအမြဲလိုက်ရတယ်။ အဲဒါကြောင့် ကျမက အားဆေးလည်း သောက်ရမယ်။ စားဖို့လည်းရှိသေးတယ်။ ကျောင်းစရိတ်ထပ်လိုမယ်ဆိုရင်‌တော့ စာဖို့အတွက်ပဲ ဆိုပြီးတော့ သူ့ကို ကျောင်းနားထားခိုင်းလိုက်တယ်။ ” လို့ မော်စေးမြာ မိခင်က ဆိုပါတယ်။

မော်စေးမြာရဲ့မိခင်ဟာ သူမရဲ့သမီးကို စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာ သူမရဲ့သမီးကိုယ်တိုင် မတက်ချင်တဲ့အတွက် ပြင်ပကျောင်းမှာ ပညာသင်ခိုင်းချင်ပေမယ့် ငွေးကြေးမတတ်နိုင်ဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ အများအားဖြင့် စားဝတ်နေရေးနဲ့ အသက်ရှင်ဖို့အတွက် ရုန်းကန်နေ ကြရတာကြောင့် သားသမီးတွေရဲ့ ပညာရေးကို ဦးစားမပေးနိုင်ကြတော့ပါဘူး။ ကရင်နီပြည်က လူငယ်အများစုဟာလည်း အိုးအိမ်ကိုစွန့်ခွာထွက်ပြေးနေရပြီး ပညာဆက်လက် မသင်ယူနိုင်ကြတော့တာ ဒုနဲ့ဒေးပါ။

အဲဒီလူငယ်မြောက်များစွာထဲမှာ အသက် (၁၈) နှစ်အရွယ် မော်ဆူမာကလည်း ပညာရေးကို ကျောခိုင်းပြီး နေ့စားအငှား လိုက်ဘဝနဲ့ ရုန်းကန်နေရသူပါ။ သူမကတော့ ကျောင်းဆရာမ ဖြစ်ရမယ်လို့ ရည်မှန်းထားသူဖြစ်ပြီး လက်ရှိမှာတော့ အိပ်မက်တွေကို ဆက်မက်ခွင့် မရှိတော့ပါဘူး။

“တကယ်လို့သာ အာဏာမသိမ်းခဲ့ရင် အခုဆို စာသင်ခန်းထဲ ဒါမှမဟုတ် သင်တန်းတွေ တခုပြီးတခု တက်နေလောက်ပြီ” လို့ မော်ဆူမာက မဖြစ်လာခဲ့တဲ့ သူမရဲ့ရည်မှန်းချက်တွေကို မှန်းဆပြောပြ နေပါတယ်။
မော်ဆူမာဟာ စစ်တပ်အာဏာမသိမ်းခင်အထိ မော်စေးမြာလိုပဲ တက္ကသိုလ်ဝန်တန်းမှာ တက်ရောက် ပညာသင်ယူရမှာဖြစ်ပါတယ်။

“အာဏာသာမသိမ်းခဲ့ရင်” ဆိုတဲ့ စကားလုံးဟာ လူငယ်တွေအတွက် နေ့စဉ်ခေါင်းထဲဝင်ရောက်နေတဲ့၊ ယူကြုံးမရတဲ့ အတွေးစကားစုတခုဖြစ်နေမှာတော့ အသေအချာပါပဲ။

ပညာသင်ကြားရမယ့်အရွယ်မှာ နေ့စားအငှားလိုက်ရတဲ့ မော်ဆူမာကတော့ စစ်တပ်အာဏာ သိမ်းလိုက်တာကြောင့် အညွှန့်တလူတူ တက်နေတဲ့ သူမရဲ့ ဘဝကို နှင်းချေခံရပြီး အစစအရာရာ ဆုံးရှုံးခဲ့ရတယ်လို့ ရင်ဖွင့်လာပါတယ်။

မော်စေးမြာနဲ့ မော်ဆူမာ ကို “အခွင့်အရေးရမယ်ဆိုရင် ကျောင်းပြန်တက်ချင်လား” လို့ မေးလိုက်တဲ့ အခါမှာတော့ သူမတို့ နှစ်ယောက်ဟာ “အခွင့်အရေးရမယ်ဆိုရင်တော့ ကျောင်းပြန်တက် ချင်တယ်” လို့ ပြိုင်တူ ပြည်လည်တုန့်ပြန်ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts