spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျေးရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီး ပစ်ခတ်တာတွေ ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာထဲ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ယမန်နေ့က ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး လက်နက်ကြီးပစ်ခတ်တာတွေ ၊ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ကြပါတယ်။

ယမန်နေ့ မနက် ၆နာရီကနေ ၈နာရီခွဲအထိ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ ထိခိုက်မှုက ကျနော်တို့ အတိအကျပြောလို့မရဘူး။ အတိအကျပြောလို့ရတာက တစ်ယောက်ကတော့ သေချာပေါက်ကျတယ်။ ကျနော်တို့ တပ်ရင်း ၆ စနိုက်ပါနဲ့ ပစ်တာခေါင်းတည့်တည့်ထိတယ်။ ကျနော်တို့ လက်နက်ကြီး ပစ်တာ သူတို့ရှိတဲ့ နေရာတည့်တည့်ဝင်သွားတဲ့ဟာတွေရှိတယ်။ အနည်းဆုံးတော့ ၅ယောက်နဲ့အထက် တော့ထိခိုက်တော့ရှိမယ်ပေါ့။ “ လို့ KNDF တပ်ရင်း ၆ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သွားရောက်တိုက်ခိုက်မှုမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်း (၅ ) ၊ (၆ )၊ ကရင်နီတပ်မတော်( KA ) ၊ အလယ်ပိုင်းတိုင်း နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာနိုင်တဲ့အပေါ် ပိုထိရောက်မှု ရှိတယ်လို့ KNDFတပ်ရင်း ၆ တာဝန်ရှိသူတစ်ဦးက အခုလို သုံးသပ်ထားပါတယ်။

“ လက်နက်ငယ်နဲ့ ပစ်ရတဲ့ဟာနဲ့ လက်နက်ကြီးနဲ့ပစ်တာနဲ့ က အားသာချက် အများကြီးရှိတယ်။ အရင်ကဆို ကျနော်တို့ လက်နက်ငယ်နဲ့ပဲ ပစ်တာဆိုတော့ ထိရောက်မှုမရှိဘူး။ အခုက လက်နက်ကြီးနဲ့ ပစ်တော့ သူတို့ပိုပြီးတော့ အထိနာတယ်ပေါ့နော။ အဲ့လိုမျိုး သူတို့ စခန်းကို ဝင်တိုက်တယ်ဆိုလို့ရှိရင် လက်နက်ငယ်နဲ့ပဲက သူတို့ coverကောင်းကောင်းယူထားတယ်ဆို ထိရောက်မှုနည်းတယ်ပေါ့နော။ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုက အားသာချက်တော့ အများကြီးရှိတယ်။ သူတို့ ထိခိုက်မှု အများကြီးရှိတယ်ပေါ့။ ကျနော်တို့ အားသာချက်အများကြီးရှိတယ် အလုပ်လုပ်ရတာပိုပြီးတော့ အဆင်ပြေတယ်ပေါ့နော။ “

ဒါ့အပြင် ယမန်နေ့ မနက် ၉နာရီအချိန် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ တိုက် ၄ ထပ်ပေါ် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)က ယမန်နေ့မှာ ထုတ်ပြန်ချက်ထုတ်ထားပါတယ်။ တိုက်ပွဲ ကြာချိန် ၁နာရီ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ၂ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သွားရောက်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဖက် လက်နက်ကြီး ပြန်လည် ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပြည်မှာဆိုရင် စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာပါ။

ဒီးမော့ဆိုမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတချို့ တွေမှာဆိုရင် စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေရှိနေသလို စစ်ရေးလှုပ်ရှားမှုတွေမှာ အခက်အခဲတွေရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့ နေအိမ်ပြန်တာတွေ မလုပ်ဆောင်သေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲပေါင်း (၅၇)ကြိမ်ထက်မနည်းရှိခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ (၁၈)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts