spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကြားကာလ ဥပဒေပြုရေးကော်မတီ ကို ကရင်နီပြည် ကြားကာလ လွှတ်တော် အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ပြီး လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်မည်

ကန္တာရဝတီတိုင်း(မ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်နီပြည်မှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ “ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေးကော်မတီ” ကို “ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်” အဖြစ် ပြောင်းလဲခေါ်ဆိုပြီး လွှတ်တော်လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကရင်နီပြည် ကြားကာလ လွှတ်တော်က အသိပေးထုတ်ပြန်ထားပါတယ်။

“ဥပဒေပြုရေးကော်မတီမှာ ပေးထားတဲ့ အခွင့်အာဏာတွေက ကျနော်တို့ လွှတ်တော်ကို ပေးထားတဲ့ အခွင့်အာဏာရပ်တွေနဲ့ ညီညွတ်တယ်ပေါ့လေ။ အဲ့ဒီဟာဆိုလို့ရှိရင် ကရင်နီလွှတ်တော်ဆိုလို့ရှိရင် ပိုပြီးတော့မှလည်း နိုင်ငံရေးအရလည်း ပိုပြီးတော့မှ သာသွားတယ်ဆိုတဲ့ အဲ့လိုနဲ့ သွားတာပေါ့လေ။ အဓိကကတော့ သူပေးထားတဲ့ အခွင့်အာဏာက လွှတ်တော်ရဲ့ အခွင့်အာဏာနဲ့ ညီညွတ်နေလို့ ဖြစ်ပါတယ်ပေါ့။” လို့ ကရင်နီပြည် ကြားကာလလွတ်တော်ရဲ့ ဒု ဥက္ကဌ – ၁ စောအားလ်ဒိုက ကန္တာရဝတီတိုင်း(မ်) ကို‌ ပြောပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဟာ ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ကရင်နီပြည်နယ်အတွက် လိုအပ်တဲ့ ဥပဒေပြုခြင်း နဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေကို ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ တရားစီရင်‌ရေးမဏ္ဍိုင်တွေကို စောင့်ကြည့်ထိန်းညှိမှုပြုခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ စောလ်အားဒို ကပြောပါတယ်။

ကရင်နီပြည် ကြားကာလ ဥပဒေပြုရေး ကော်မတီ ကို ကရင်နီပြည် ကြားကာလလွှတ်တော် အဖြစ် ပြောင်းလဲခေါ်ဆိုဖို့အတွက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ထံ အဆိုပြုတင်သွင်းခဲ့ပြီး အဆိုပါ တင်သွင်းမှုအပေါ် သဘောတူညီမှုရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့မှာ ကရင်နီပြည်နယ် ကြားကာလလွှတ်တော် အဖြစ်ရပ်တည်ခဲ့ပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ် ကြားကာလ လွှတ်တော် ကို ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးဌေးအောင်၊ ဒုဥက္ကဌ – ၁ အဖြစ် ကရင်နီဒီမိုကရက်တစ်ပါတီ (KSDP) မှ စောအားလ်ဒို နဲ့ ဒုဥက္ကဌ – ၂ အဖြစ် ကယန်းအမျိုးသားပါတီ(KNP)မှ ခွန်းတင်နု အပါအဝင် ၁၅ ဦး နဲ့ ဖွဲ့စည်းထားပါတယ်။

ပြည်သူလူထုကို အကာအကွယ်ပြုတဲ့ ဥပဒေတွေနဲ့ အခြားကျင့်သုံးဖို့ လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့ကို စောင့်ကြည့်ထိန်းညှိခြင်း၊ ကရင်နီပြည်နယ်အတွင်းက နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေးနဲ့ ပူးပေါင်း ပါဝင်ရေးကို ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးအင်အားစုတွေနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပြည်သူလူထုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်း စတဲ့ လုပ်ငန်းစဉ် ၅ ချက်ကို ချမှတ်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img