spot_img
Thursday, February 29, 2024
spot_imgspot_imgspot_imgspot_img

“ကြောက်ခေတ်ကို မမှုဘဲ ပညာဆာငတ်ကြသူတွေ…..”

Author

Date

Category

မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)

တောတွင်းမှာပေါက်တဲ့ အင်ပင်ငယ်လေးတွေရဲ့ အရိပ်အောက်မှာ မြေကြီးပေါ် အပြာရောင်၊ အစိမ်းနုရောင် မိုးကာလေးတွေချခင်းရင်း၊ လက်ထဲ ဘောပင်တချောင်း၊ စာအုပ်တအုပ်နဲ့ ခြေခွေထိုင်ပြီး စားပွဲမရှိ၊ ထိုင်ခုံမပါတဲ့ ဟင်းလင်းပြင်ကြီးမှာ စာအုပ်ကိုပေါင်ပေါ်တင်ရေးပြီး စာမေးပွဲထိုင်ဖြေနေရသူတွေက ကရင်နီပြည်နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်ဒေသတနေရာကို စစ်ဘေးတိမ်းရှောင်လာကြရတဲ့ ကျောင်းနေအရွယ်ကလေးတွေပါ။

သူတို့ အရိပ်ခိုနေတဲ့အင်ပင်လေးတွေက သူတို့ကိုအရိပ်အပြည့်မပေးနိုင်ပါဘူး။ တချို့ကျောင်းသူ၊ ကျောင်းသားတွေမှာတော့ နေထိုးဒဏ်ကိုတင်းခံပြီး စာမေးပွဲကိုပြီးဆုံးအောင် ဖြေနေကြရရှာပါတယ်။

“သူတို့တွေ (ကျောင်းသူ၊ ကျောင်းသားတွေ) ဘာလို့ မြေကြီးပေါ်ထိုင်ချပြီး စာမေးပွဲဖြေနေရတာလဲ” လို့ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးကို မေးမြန်းကြည့်ရာမှာတော့ “စာမေးပွဲကို ဟင်းလင်းပြင်မှာ ဖြေဆိုရတဲ့အကြောင်းက ကျောင်းမရှိတဲ့အပြင် သူတို့ (ကျောင်းသူ၊ ကျောင်းသားများ) နေရာတခုရဖို့ ရွေ့ရပြောင်းရ လုပ်နေရတာမို့လို့ပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကျောင်းသူ၊ ကျောင်းသား အယောက် ၄၀၀ ဝန်းကျင် စာမေးပွဲဖြေတဲ့နေရာကတော့ ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွင်းကို တတိယအကြိမ် ဝင်ရောက်လာကြသူတွေပါ။

သူတို့ဖြေနေကြတာ နှစ်ဝက်စာမေးပွဲပါ။ သူတို့လေးတွေအတွက် စာသင်ဆောင်မရှိသေးတာကြောင့် အခုလို မြေကြီးပေါ်မှာထိုင်ရင်း စာမေးပွဲဖြေဆိုနေရတာဖြစ်တယ်လို့ အဲ့ဒီနေရာမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးက ပြောပြပါတယ်။

အဲ့ဒီ စာမေးပွဲဖြေနေတဲ့ ကျောင်းသူ၊ ကျောင်းသား တစုဟာ အခေါက်ခေါက်အခါခါ ရွေ့ပြောင်းတိမ်းရှောင်နေရတာကြောင့် စာသင်ဆောင်တွေအတွက် နေရာအတည်တကျမရှိဘဲ စာမေးပွဲဖြေချိန်တန်ပြီမို့ အခုလို စီစဉ်လိုက်ရတယ်လို့ အဆိုပါ ကျောင်းဆရာက ဆက်ပြောပါတယ်။

သူတို့အခုလို ထပ်ခါတလဲလဲ ရွေ့ပြောင်းတိမ်းရှောင်နေရခြင်းက သူတို့တိမ်းရှောင်ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့်ပါ။ ဒါကြောင့် ပိုပြီးလုံခြုံမဲ့နေရာလို့ တွေးထင်ကြတဲ့နေရာတွေကို ထပ်မံရွေ့ပြောင်းနေရခြင်း ဖြစ်ပါတယ်။

ကျောင်းသူ၊ ကျောင်းသား ခြောက်ရာဝန်းကျင်ဟာ စာသင်နှစ်တနှစ်ရဲ့ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ လေယာဉ်ကြောင့် သုံးကြိမ်မြောက် ပြေးလွှားရွေ့ပြောင်းကြရတာပါ။

နှစ်ဝက်စာမေးပွဲကို ယခင်လတွေကတည်းက ကျင်းပဖို့စီစဉ်ခဲ့ပေမဲ့ အခုလိုအန္တရာယ်တွေကြောင့် ပြေးလွှားရွေ့ပြောင်းနေခဲ့ရပြီး၊ ကြားကာလပညာရေး စာသင်နှစ်ရဲ့ နောက်ဆုံးစာမေးပွဲကို ဖြေဆိုချိန် နီးကပ်လာပြီ ဖြစ်တာကြောင့် အခုလိုဘဲ စိတ်မကောင်းစွာ စီစဉ်လိုက်ရတယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

“ဟုတ်တယ်…ဟင်းလင်းပြင်မှာ စာမေးပွဲဖြေဆိုရတာ ဒါ … ပထမဆုံးအကြိမ်ပါ။ ဘယ်လိုခံစားရသလဲ ဆိုတော့ သူတို့ဘဝလေးကိုကြည့်ပြီး ရင်ထဲမကောင်းဘူး…မျက်ရည်တွေတောင် ဝဲတက်လာတယ်။” လို့ စာမေးပွဲဖြေဆိုဖို့ စီစဉ်ပေးနေရတဲ့ ကျောင်းဆရာတဦးက သူ့ရဲ့ ရင်တွင်းခံစားချက်ကို ပြောလာတာ ဖြစ်ပါတယ်။

ခိုလှုံစရာနေရာလေးတောင် အတည်မထားပေးနိုင်ဘဲ ကိုယ်နဲ့အတူ ပြေးလွှားရင်း ပညာသင်ယူနေရတဲ့ သား၊သမီးတွေကို ကြည့်ရင်း မျက်ရည်ဝဲရသလို တဖက်မှာလည်း ဇွဲမလျော့၊ စိတ်ဓာတ်မကျဘဲ ရတဲ့နည်းနဲ့ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်းနဲ့ သမီးဖြစ်သူကို လေးစားပြီး ကျေးဇူတင်ရတယ်လို့ ကျောင်းသူတဦးရဲ့ မိခင်တဦးက ပြောလာပါတယ်။

“ကျမတို့က ပြေးရတယ်လေ ခဏခဏဘဲ။ ကလေး ကျောင်းတက်ဖို့မပြောနဲ့ ကျမတို့ တညတာ ကောင်းကောင်းအိပ်စက်နိုင်ဖို့တောင် နေရာဆိုတာ ခက်ခဲတယ်။ ကလေးတွေအားလုံးကော ဆရာ၊ ဆရာမတွေဆိုလည်း ကလေးတွေ စာတတ်ဖို့ ကျမတို့နဲ့အတူ ပြေးလွှားပြီး ရောက်တဲ့နေရာမှာ ရတဲ့နည်းနဲ့ စာသင်ပေးတာ ကျေးဇူးလည်းတင်တယ်၊ စိတ်လည်းမကောင်းဘူး။” လို့ ကျောင်းသူတဦးရဲ့ မိခင်က ပြောပါတယ်။

နယ်စပ်ဒေသကို ပညာသင်ကြားဖို့ ရောက်ရှိလာသူတွေဟာ အခြေအနေမတည်ငြိမ်မှုတွေကြောင့် ပညာဆက်လက်မသင်ယူတော့ဘဲ နေရပ်ကိုပြန်လှည့်သွားသူတွေရှိသလို၊ နီးစပ်ရာနေရာတွေမှာဘဲ ရတဲ့အလုပ်ကို စားဝတ်နေရေးအတွက် သွားရောက်လုပ်ကိုင်နေရသူများအပြင်၊ စစ်ဘေးရှောင်စခန်းမှာ ကျောင်းဆက်လက်တက်ရောက်ခြင်းမရှိဘဲ ရပ်နားလိုက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

တချို့ ကျောင်းသူ၊ ကျောင်းသားတွေမှာတော့ မိဘ၊ မောင်နှမတွေ မပါဘဲ ပညာသင်ယူလိုစိတ်နဲ့ နယ်စပ်ဒေသကို တဦးတည်း ရောက်လာခဲ့တာလည်း ရှိပါတယ်။ ခြေလျင်ခရီးနဲ့ တောတောင်လျှိုမြောင်တွေကို ဖြတ်ပြီး အနည်းဆုံး သုံးညအိပ် လေးရက်ခရီးခန့် ကြာအောင်လျှောက်ပြီးမှ ဒေါနိုးကူးဆိုတဲ့ စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာကြတာပါ။

“ကျောင်းသား၊ ကျောင်းသူတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ အခက်အခဲဆုံးက စာသင်ကြားဖို့အတွက် သင်ထောက်ကူပစ္စည်း အလုံအလောက်မရှိတာရယ်။ ဥပမာ ဖတ်စာအုပ်၊ စာရေးခုံ၊ ထိုင်ခုံ အစရှိသည့်ဖြင့်ပေါ့။ နောက်တခုက ဒီနိုင်ငံရေးအခြေအနေ အရပ်ရပ်ကြောင့် သူတို့ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ဒဏ်ရာတွေ ရနေခါကျတော့ ပညာရေးပိုင်းမှာ စိတ်ဝင်စားဖို့အားနည်းလာတယ်၊ စိတ်ဖိစီးမှုများလာတယ်၊ စိတ်ဓာတ်တွေကျပြီး ကျောင်းထွက်သွားကြတယ်။” လို့ ကျောင်းဆရာတဦးက သူသင်ကြားပေးနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုလာတာ ဖြစ်ပါတယ်။

အမိုးအကာမဲ့ စားပွဲထိုင်ခုံမရှိ ဟင်းလင်းပြင်ကြီးမှာ စာမေးဖြေဆိုနေကြရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသက ကရင်နီပြည်၊ ဆိုတရှားမြို့နယ် ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

အဆိုပါ ဒေါနိုးကူးစစ်ဘေးရှောင်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူလည်းရှိလာတဲ့အတွက် ထိုင်းနိုင်ငံကယာယီလက်ခံထားပေးပြီး၊ နိုဝင်ဘာလ ၅ နေ့က အခြေအနေအရပ်ရပ်ကြောင့် ကရင်နီပြည်တွင်းဖြစ်တဲ့ ဒေါနိုးကူးကို ပြန်သွားခဲ့ကြရတာဖြစ်ပြီး၊ ၁၀ ရက်အကြာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံဘက်ခြမ်းကို တတိယအကြိမ် ပြန်လည်ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

တဖက်နိုင်ငံကို အခြေအနေအရပ်ရပ်ကြောင့် မဖြစ်မနေတိမ်းရှောင်ခိုလှုံလာရတဲ့အခါ စာသင်ကြားပေးနေတဲ့ ဆရာတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်ပေမဲ့ လုပ်ပိုင်ခွင့်တွေမရှိတဲ့အခါ အခက်အခဲစိန်ခေါ်မှုက ပိုမိုကြီးမားတယ်လို့ ဆရာတဦးက ပြောပါတယ်။

“နောက်တခုက သူတို့လေးတွေ ဇွဲမလျော့ပဲ ခုလို စိတ်အားထက်သန်စွာ စာမေးပွဲလာဖြေတာတွေ့တော့ သူတို့လေးဆီကနေပဲ တဖန်စိတ်ခွန်အားတွေ ပြန်ယူနေရတာပေါ့။” လို့ ဆရာတဦးက ပြောပါတယ်။

ထပ်ခါတလဲလဲ ပြေးလွှားတိမ်းရှောင်ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှု၊ အတားအဆီးတွေကို နေ့စဉ်ရင်ဝယ်ပိုက်ထားရပေမဲ့၊ ထိုအရာတွေကို မမှုဘဲ ပညာဆာငတ်နေကြတဲ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေအပေါ် စာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးက ရင်ဖွင့်ပြောဆိုသွားတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts