spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကြောက်ခေတ်ကြားက ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးများ

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

အသက် ၁၉ နှစ်နဲ့ ၂၃ နှစ်အရွယ်ကြား လူငယ်လေးကနေ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေကို college ကျောင်းတစ်ကျောင်းဖွင့်လှစ်ပြီး ဦးဆောင်စီမံသင်ကြားဖို့ဆိုတာ လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်။ သို့ပေမယ့် စစ်ဘေးကြောင့် တောတောင်ထဲ တိမ်းရှောင်နေရတဲ့ ကရင်နီပြည်က ကယားလီဖုလူငယ်တစ်စုဟာ မလွယ်လှတဲ့ အလုပ်ကို လွယ်ကူသယောင် သက်သေပြ လုပ်ဆောင်နိုင်ခဲ့ပါပြီ။

လွယ်ကူသယောင်ဆိုတာ မြင်တွေ့နေရသူအဖို့ပါ။ တကယ့်လက်တွေ့မှာ လုပ်ဆောင်နေတဲ့ အဆိုပါ ကယားလီဖုလူငယ်လေးတွေအတွက်တော့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင် ကြီးလေးတဲ့ ဝန်ကို ထမ်းထားကြရတယ် ဆိုတာပါပဲ။

သူတို့ လူငယ်တစ်စု တည်ထောင်ထားတဲ့ ကောလိပ်နာမည်လေးက “ YAC” Youth Academy College ပါ။

အဆိုပါ YAC ရဲ့ ကျောင်းအုပ်က အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ကယားလီဖု လူငယ်လေးတစ်ဦး “ခူးစောပရေးရယ်”ပါ။ အသက် ၂၁ နှစ်ဆိုတာ အာရှနိုင်ငံတချို့တွေမှာ မိဘအရိပ်အောက်မှာနေပြီး ပညာကို လွတ်လပ်စွာ သင်ကြားရဦးမဲ့ အရွယ်သာသာ။ သို့ပေမယ့် အဲ့ဒီ ကျောင်းအုပ်က ဆယ်ကျော်သက် လူငယ်လေး အယောက် ၆၀ ကျော်ကို ဦးစီးနေရတဲ့ လူငယ်လေး ဖြစ်နေပါတယ်။

YAC မှာ အသက် ၁၆ နှစ်ကနေ ၂၂ နှစ်အထိ ကျောင်းသားပေါင်း အယောက် ၆၀ ကျော် လာရောက် ပညာသင်ကြားနေတဲ့ နေရာလေးတစ်ခုပါ။ တချို့သော ကျောင်းသူ၊ ကျောင်းသားတွေကတော့ ဆရာ၊ ဆရာမတွေထက် အသက်အရွယ်အားဖြင့် ပိုကြီးတာတွေလည်း ရှိနေပါတယ်။ အသက် ၁၉ နှစ်ကနေ ၂၃ နှစ်သာ ရှိသေးတဲ့ ဆရာ၊ ဆရာမ ၁၂ ဦးနဲ့ သင်ကြားနေတဲ့အတွက်ကြောင့်ပါပဲ။

ကြီးလေးတဲ့ ဝန်၊ မရေမတွက်နိုင်တဲ့ အခက်အခဲ၊ စိတ်ဓာတ်ကျစရာတွေကိုသာ ပေးတတ်တဲ့ ဒီကနေ့ ကြောက်ခေတ်အပြင် နေ့စဉ်ညတိုင်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ပဲ ဖြတ်သန်းနေရတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကြားနေ ဒီလူငယ်လေးတွေဟာ ကြောက်ခေတ်ကို ပညာအလင်းနဲ့ တွန်းလှန်နေကြတာပါ။

“တချို့ပတ်ဝန်းကျင်တွေကတော့ ကျနော်တို့ကို လူငယ်တွေပဲ၊ ကလေးတွေပဲ လုပ်နေတာဆိုပြီးတော့ ကျနော်တို့ကို အထင်အမြင်သေးတာတွေ ရှိတယ်။ သို့ပေမယ့်လည်း ကျနော်တို့ဖက်ကနေပြီးတော့ အကောင်းဆုံးတော့ အမြဲတမ်းကြိုးစားသွားဖို့ ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ဒီကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်တွေအတွက်ပဲ ကိုယ်က အဓိက ရည်ရွယ်ပြီးတော့ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော။ တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ ကျနော်တို့ကတော့ ဒီလူငယ်တွေအတွက် ဒီထက် ပိုကြိုစားသွားဖို့ပဲ ရှိတာပေါ့။”

အထက်ပါစကားဟာ အသက် ၂၁ နှစ်အရွယ် YAC ကျောင်းအုပ်ရဲ့ ပြောစကားပါ။

“နွေဦးတော်လှန်ရေး” လို့ အမည်တွင် သမှုတ်ကြတဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်ပြီး ဖြစ်ပေါ်လာတဲ့ ဒီလူထုတော်လှန်ရေးဟာ လူငယ်တွေက အများဆုံးပါဝင်တော်လှန်ပေးဆပ်နေတဲ့ တော်လှန်ရေးလို့ ပြောရမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

နည်းလမ်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ပါဝင်တော်လှန်နေကြတဲ့ လူငယ်တွေအားလုံးထဲမှာ YAC ကို တည်ထောင်ထားတဲ့ လူငယ်တွေအပြင် YAC မှာ လာရောက်ပညာသင်ယူတေဲ့ လူငယ်လေးတွေလည်း ပါဝင်ကြပါတယ်။ သူတို့ကတော့ မိမိတတ်စွမ်းတဲ့ ပညာတွေနဲ့ လူငယ်ကနေလူငယ်ကို ပြန်လည်မျှဝေရင်း တော်လှန်နေကြသူတွေပါ။

အဆိုပါ YAC ကျောင်းမှာ အာဏာမသိမ်းခင်က ဆယ်တန်းကို ဖြေဆိုအောင်မြင်ထားသူတွေ၊ တက္ကသိုလ်တက်ရောက်ထားသူတွေ၊ ဆယ်တန်းကို ဖြေဆိုထားသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပညာသင်ကာလကို နှစ် နှစ် သတ်မှတ်ထားပြီး ဘာသာရပ် ၁၂ ခုနဲ့ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

ပထမနှစ်ကို English ( 4 skills) ၊ Grammar ၊ ကရင်နီစာပေ ( Karenni Literacy (4 skills )၊ ကရင်နီသမိုင်း ( Karenni History )၊ Learning skills ၊ Social Science ၊ Leadership ၊ Computer စတဲ့ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပြီး ဒုတိယနှစ်ကိုတော့ English ( 4 skills) ၊ Grammar ၊ Social interparish၊ Community Development ၊ Politic၊ Research Methodology စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ YAC college ဟာ နွေဦးတက္ကသိုလ် နဲ့ချိတ်ဆက်သွားမယ့်အပြင် ကရင်နီပြည်တွင်းက ဆယ်ကျော်သက်တွေအတွက် ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းတွေနဲ့လည်း နှီးနှောဖလှယ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ သင်တန်းကျောင်းပေါင်း ၄ ကျောင်းအထိ ရှိနေပြီဖြစ်ပါတယ်။ Youths Academy College (YAC )၊ နွေးဦးဂုရုလေးများပညာရေးစင်တာ၊ New Horizon၊ Karenni Nurses Association ( KNA) ကဖွင့်လှစ်ထားတဲ့ သူနာပြု တက္ကသိုလ်တို့ပဲ ဖြစ်ပါတယ်။

“ကျနော်တို့က ဒီမှာက ဦးစီးဦးဆောင်နေရတဲ့ လူငယ်တွေကစ အကုန်လုံးလူငယ်တွေပဲလေနော။ ကျနော်တို့ လူကြီးတွေက မပါဘူးဆိုတော့ တခါတလေကျလို့ရှိရင် ကျနော်တို့အတွက် စိန်ခေါ်မှုတွေ အခက်အခဲတွေကတော့ အများကြီးရှိတယ်။ သို့ပေမယ့် ဒီလူငယ်လေးတွေပဲ ကျနော်တို့ Idea တွေ တူတူစုကြတယ်။ စကားတွေပြောတယ်။ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ ကြုံလာတဲ့ ပြသနာတွေကို ကျနော်တို့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုပြီးတော့ အမြဲတမ်း ပူးပေါင်းပါဝင်မှုတွေနဲ့ လုပ်ဆောင်ကြတယ်။ အခက်အခဲတွေကတော့ ခနခနပဲပေါ့နော။ ကြုံလာရတဲ့ အခက်အခဲတွေ အများကြီးပဲပေါ့လေ။ သို့ပေမယ့် ဒီအခက်အခဲတွေကို ကျနော်တို့ အကောင်းဆုံး ကြိုးစားပြီးတော့ ကျော်ဖြတ်ဖို့ ကျနော်တို့ အမြဲတမ်း ဆွဲခေါ်ကြတယ်။ ပူးပေါင်းပါဝင်မှုတွေ ပြုလုပ်ပြီးတော့ ကျနော်တို့ ဖြေရှင်းတယ်ပေါ့။” လို့ YAC ရဲ့ ကျောင်းအုပ်ဖြစ်သူက သူတို့ လူငယ်လေးတွေအနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းပုံလေးတွေကို ပြောပြသွားတာဖြစ်ပါတယ်။

မျှော်လင့်ချက်တွေ အများကြီးနဲ့ ရောက်လာတာဖြစ်ပြီး လိုအပ်တဲ့ ပညာတွေရရှိကာ အာဏာမသိမ်းခင်ကထက် အများကြီးတိုးတက်လာမယ်လို့ ယုံကြည်ကြောင်း အသက် ၂၀ အရွယ် စစ်ဘေးရှောင်ရင်း YAC မှာ လာရောက် ပညာသင်ယူနေတဲ့ အမျိုသမီးငယ် ကျောင်းသူလေး မော်ပိုးမြာသဲ က ပြောပါတယ်။ ကျောင်းပြီးသွားတဲ့အခါ ဘဝတူ စစ်ဘေးရှောင်ကလေးငယ်တွေကို ရရှိလာတဲ့ ပညာတွေကို ပြန်လည်မျှဝေပေးသွားမယ်လို့လည်း သူမက ဆိုပါတယ်။

မော်ပိုးမြာသဲဟာ အာဏာမသိမ်းခင်က ဆယ်တန်းဖြေဆိုထားသူဖြစ်ပြီး သူနာပြုတက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

“ဒီကျောင်းမှာက ဆရာ၊ ဆရာမ တွေက လူငယ်ပဲ တစ်ယောက်နဲ့တစ်ယောက် sharing လုပ်ပေးတာက အရမ်းကောင်းတယ်။ သူတို့တတ်ထားတာတွေကို ပြန်မျှဝေတာ အရမ်းကောင်းပါတယ်။

အဓိကကတော့ ပညာလိုချင်လို့ လာတက်တာပေါ့နော။ ကြောက်တော့ကြောက်တာပေါ့ ဒါပေမယ့် ကိုယ့်အနာဂါတ်အတွက် ဘဝအတွက် လှချင်တယ်။ ပြီးတော့ ကိုယ့်လူမျိုးအတွက်လည်း တိုးတက်ချင်တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီကျောင်းကို လာရောက်တက်ရောက်တာ ဖြစ်ပါတယ်။”

YAC ကျောင်းသူလေး မော်ပိုးမြာသဲ က သူမ အဆိုပါကျောင်းကို တက်ရောက်ဖို့ ရွေးချယ်ဖြစ်ပုံကို ပြောပြလာတာပါ။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေစပြီး ဆယ်ကျော်သက် လူငယ်အများစုဟာလည်း အာဏာဖီဆန်မှုမှာ ပါဝင်လာကြပါတယ်။ မိမိတတ်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ စစ်အာဏာရှင်ကို တော်လှန်နေကြရင်း တဖက်မှာလည်း မိမိ အနာဂါတ်၊ ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ ပညာတွေကို အချိန်ရှိသလောက်လေး ဆည်းပူးလေ့လာနေကြတာပါ။ အခမဲ့ ပညာရေးတွေဟာ ဆယ်ကျော်သက် စစ်ဘေးရှောင်လူငယ်တွေအတွက် အရေးကြီးတဲ့ ပညာရေးတစ်ခုလည်း ဖြစ်နေပါတယ်။

YAC လိုပဲ တခြားသော ပညာရေးစင်တာတွေဟာလည်း လိုအပ်ချက်တွေကြားက ဆယ်ကျော်သက်လူငယ်လေးတွေ ပညာတတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံကနေ ကြိုးစားဖွင့်လှစ်နေကြတာ ဖြစ်ပါတယ်။

YAC ရဲ့ ကျောင်းအုပ်ဖြစ်သူ အသက် ၂၁ နှစ်အရွယ် လူငယ်လေးကတော့ “အလှူရှင်တွေ အများကြီး မရှိပဲနဲ့ ရှိတဲ့ အလှူရှင်တွေ နည်းနည်းလေးနဲ့ ကျနော်တို့က သွားနေရတာဖြစ်တဲ့အတွက် အများရယ်၊ ဒီပတ်ဝန်းကျင်တွေရယ် အကူအညီတွေ အများကြီး လိုအပ်တယ်။ ပူးပေါင်းပါဝင်မှုတွေ အများကြီး လိုအပ်တယ်ဆိုတာကို ပြောချင်ပါတယ်။” လို့ တောင်းဆိုသွားပါတယ်။

spot_img
spot_img

Recent posts