spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

“ကြောက်လှန့်စရာအသံတွေကို နူးညံ့တဲ့သံစဉ်တွေနဲ့ ဖျန်ဖြေပေးနေသူတွေ…””

Author

Date

Category

မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)

လက်ထဲ တယောတလက် အမြဲဆောင်ပြီး သွားလေရာ သူချစ်ရတဲ့ ခွေးကလေးတွေကို ရင်ခွင်ပိုက်ကာ လွတ်လပ်ပေါ့ပါးစွာ ရှင်သန်နေတဲ့ အသက် ၂၃ နှစ်အရွယ် ဆရာမလေး မော်ဖရေးမြာ။

သူမဟာ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေကို နူးညံ့တဲ့သံစဉ်တွေ မျှဝေပေးနေသူ။

 ဂီတကျောင်းဖွင့်ချင်တဲ့ သူမကတော့ လက်ရှိမှာကရင်နီပြည်က စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်နေကြရတဲ့ ဆယ်ကျော်သက်တွေဆီ စိတ်ဒဏ်ရာတွေကို တနည်းတဖုံ ကုစားပေးနိုင်မဲ့ နူးညံ့တဲ့ ဂီတသံစဉ်တွေကို မျှဝေပေးဖို့ တူရိယာပစ္စည်းတွေကို သယ်ရင်း ရွေ့လျားသင်ကြားပေးပါတယ်။ သူမ ရွေ့လျားသင်ကြားပေးနေတဲ့ ဂီတ သံစဉ်တွေနဲ့ ပြည့်နှက်နေတဲ့ သင်တန်းကျောင်းကို “ထဲဖိုးဂီတသင်တန်းကျောင်း” လို့ အမည်ပေးထားပါတယ်။

လက်နက်ကြီး၊ လေကြောင်းတွေကို အဆမတန် အသုံးပြုတိုက်ခိုက်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဆရာမလေး မော်ဖရေးမြာဟာ သူမ သင်ကြားနေတဲ့ ဂီတ သင်တန်းကျောင်းကို အတည်တကျ မဖွင့်လှစ်နိုင်ဘဲ သင်ယူလိုတဲ့ ကလေးတွေရှိရာကို သူမ ကိုယ်တိုင် သွားရောက်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ ဂီတပညာတွေကို ရွေ့လျားသင်ကြားပေးနေတဲ့ ဆရာမလေး ဖြစ်နေတာပါ။

မိသားစုဝင် ခြောက်ယောက်ထဲမှာ အငယ်ဆုံးပီပီ မိဘ၊ မောင်နှမတွေရဲ့ စိုးရိမ်မှုတွေကတော့ မလွဲမသွေရှိနေတာ အမှန်ပါဘဲ။ ဒါပေမဲ့ မော်ဖရေးမြာကတော့ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးဖြစ်နေပေမဲ့ သူမရဲ့စွမ်းဆောင်ရည်ကို ချပြပေးနိုင်ခဲ့ပါတယ်။

“ကိုယ်က အိမ်ကို အကောင်းအတိုင်းပြန်မလာနိုင်ဘူးနောလို့ ပြောလိုက်ရင်လည်း ရတယ် ကိစ္စမရှိဘူး အဲ့လိုမျိုးတွေကစပေါ့နော။ ကိုယ့်ရဲ့ မိသားစုက အားပေးတယ်။ စိတ်ပူလို့သာ ပြန်လာလို့ ပြောပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာတော့ ဒီတော်လှန်ရေး အောင်ဖို့အတွက်ကို သူတို့က အားပေးတယ်။” လို့ မိသားစုတွေရဲ့ထောက်ခံအားပေးမှုကို ရရှိတဲ့အကြောင်းကို မော်ဖရေးမြာက ပြောပြပေးတာပါ။

သူမဟာ တော်လှန်ရေးမှာပါဝင်ဖို့ မိသားစုဆီကနေ တကိုယ်တည်း ထွက်ခွာလာခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို သူမလို တော်လှန်ရေးမှာပါဝင်နေကြတဲ့ လူငယ်တွေနဲ့အတူ ကျရာကဏ္ဍမှာ တတ်တဲ့ပညာနဲ့ တတ်အားသမျှ ရှာဖွေကူညီခဲ့ကြပြီး သူမရဲ့ ရည်မှန်းချက်ပန်းတိုင်တခုဖြစ်တဲ့ ဂီတကျောင်းဖွင့်လှစ်ဖို့ကို ခေတ္တခန မေ့ဖျောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

သွားလေရာ သူမ မြတ်နိုးတဲ့ တယော တစ်လက် အမြဲဆောင်လေ့ရှိတဲ့ မော်ဖရေးမြာ

သို့ပေမဲ့ လူငယ်တဦးဖြစ်တဲ့ သူမအနေနဲ့ စစ်အာဏာသိမ်းမှုကြောင့် အိပ်မက် ရည်မှန်းချက်ပန်းတိုင်တွေကို အပျက်စီးခံမှာ မဟုတ်ဘူး ဆိုတဲ့စိတ်နဲ့ သူမသင်ယူခဲ့တဲ့ ဂီတ ပညာတွေကို စစ်ဘေးဒဏ်ကြား ရှင်သန်နေရတဲ့ ကလေးတွေကို ပြန်လည်မျှဝေပေးဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ ပြောပါတယ်။

သူမဟာ တယောဘာသာရပ်နဲ့ ရန်ကုန်တိုင်းက ဂီတကျောင်းတကျောင်းမှာ ပညာသင်ယူနေပြီး ဒုတိယနှစ်အထိ ပြီးမြောက်ခဲ့သူဖြစ်ပါတယ်။ ဆက်လက်တက်ရောက်သင်ယူရမဲ့နှစ်မှာ ကိုဗစ်ကာလအပြင် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် သူမဟာကျောင်းဆက်မတက်ဘဲ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး တော်လှန်ရေးရဲ့ ကျရာကဏ္ဍမှာ သူမပါဝင်နေတာပါ။

ပင်လောင်းမြို့နယ် ဇာတိဖြစ်တဲ့ ဆရာမလေး မော်ဖရေးမြာဟာ လက်ရှိမှာ ရွေ့လျားသင်ကြားပေးနေတဲ့ ထဲဖိုးဂီတသင်တန်းကျောင်း ဖွင့်လှစ်ထားပြီး အသက် ၁၀ နှစ်ကနေ ၁၈ နှစ်ကြား စစ်ဘေးရှောင်ကလေးတွေကို ဂီတ နဲ့ ပတ်သက်တဲ့ ပညာတွေကို သင်ကြားနေပါတယ်။

သူမနဲ့အတူ ဆရာသုံးယောက်က သင်ကြားပေးနေတာ ဖြစ်ပါတယ်။ နှစ်နှစ်ကြာသင်ကြားမှုမှာ အခြေခံ ဂီတပညာကို သင်ယူနေတဲ့ စစ်ဘေးရှောင်ကလေး ၄ သုတ် ရှိခဲ့ပြီး၊ တသုတ်ကို အနည်း ၁၅ ဦးနဲ့ လက်ခံသင်ကြားပေးကာ နောက်ဆုံးအသုတ်မှာ အယောက် ၆၀ လာရောက်သင်ယူတယ်လို့ သိရပါတယ်။

ဆရာမလေး မော်ဖရေးမြာဦးဆောင်တဲ့ ထဲဖိုးဂီတသင်တန်းကျောင်းမှာကတော့ တယော၊ ဂစ်တာ၊ ကီးဘုတ်၊ Music Theory ၊ ရီကော့ဒါ ( Recorder ) နဲ့ ပလွေ စတာတွေကို အခြေခံသင်ကြားပေးနေတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ကလေးတွေကို ဂီတ ပညာသင်ကြားပေးနေတဲ့ မော်ဖရေးမြာ

သူမအနေနဲ့ အခြေခံကို သင်ကြားပေးနိုင်ရင် ဂီတကိုစိတ်အားထက်သန်တဲ့ ကလေးတွေအနေနဲ့ ဆက်လက်သင်ယူဖို့ အခွင့်အရေးတွေ ရသွားနိုင်တယ်လို့ မျှော်မှန်းထားတာပါ။ ဒါတွေတင်မကသေးဘဲ စစ်ဘေးဒဏ်ကြားမှာ နှစ်ရှည်လများရှင်သန်နေရတဲ့ ကလေးတွေ မိဘတွေဟာလည်း သူမတို့ သင်ကြားပေးနေတဲ့ ဂီတဟာ သူတို့အတွက်တနည်းတဖုံနဲ့ စိတ်ပိုင်းဆိုင်ရာကို ကုသပေးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

မြို့ပေါ်မှာ နေထိုင်ခွင့်ရသူတွေနဲ့ တောတောင်ထဲမှာ စစ်ဘေးတိမ်းရှောင်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားတွေ့ကြုံမှုတွေမှာ ကွာခြားမှု ကြီးမားစွာ တွေ့မြင်နေရတယ်လို့ ထဲဖိုးဂီတကျောင်းမှာ ပါဝင်သင်ကြားနေတဲ့ ဆရာ Eren (အယ်ရီ) က ပြောပါတယ်။ စစ်ဘေးရှောင်ကလေးတွေကို ဂီတ သင်ကြားပေးတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ လွတ်လပ်လာပြီး သူတို့ကိုယ်သူတို့ ဂီတသံစဉ်တွေနဲ့ စိတ်ခွန်အားပေးတာတွေကို လုပ်ဆောင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“သူတို့ စိတ်ဖိစီးမှုတွေ ရှိနေတဲ့အချိန် ဂီတ အချိန်တွေ သင်ကြားပေးလိုက်ခြင်းအားဖြင့် ဂီတ အချိန် တခဏတာလေးအတွင်းမှာ သူတို့ စိတ်ဖိစီးမှု လျော့နည်းလာမှာပေါ့နော။ နောက်ပြီး သူတို့ရဲ့ ကြောက်စိတ်တွေကိုလည်း ခနလောက်တော့ မေ့ဖျောက်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီးရင် သူတို့ တချိန်ချိန်ကျရင် သူတို့ ဂီတ ကိုလည်း ချစ်မြတ်နိုးလာမှာပေါ့” လို့ ဆရာ Eren (အယ်ရီ) က ထဲဖိုးဂီတသင်တန်းကျောင်းမှာ စစ်ဘေးရှောင် ကလေးတွေကို ဂီတ ပညာသင်ကြားပေးတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

မော်ဖရေးမြာတို့ လူငယ်လေးတစု တူရိယာတွေကိုသယ်ပြီး စစ်ဘေးရှောင်ကလေးတွေကို သင်ကြားပေးဖို့ စီစဉ်တဲ့အခါတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ရပ်တန့်လိုက်ရတဲ့အချိန်တွေလည်း ရှိသလို သင်ကြားနေစဉ်အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း ပုန်းခိုကျင်းထဲ ခိုနေရပြီး စာသင်ချိန်ကို ခေတ္တရပ်နားလိုက်ရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

 မိဘတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေကြောင့် သင်ကြားမဲ့နေရာကို သား၊သမီးတွေကို မပို့ရဲတာတွေလည်း ရှိနေတာကြောင့် မော်ဖရေးမြာတို့ဟာ မိဘတွေရဲ့ အရိပ်အောက်မှာ ရှိနိုင်မဲ့ အခြေအနေကို ဖန်တီးကို တူရိယာတွေကို သယ်ရင်း ရွေ့လျားသင်ကြားဖို့ ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးသံတွေကြောင့် စာသင်ရင်းနဲ့ ပုန်းခိုရတဲ့ အချိန်တွေ ရှိတယ်။ စာသင်တော့မဲ့ အချိန်မှာ စစ်ကြောင်းထိုးလာလို့ ရပ်ဆိုင်းလိုက်ရတဲ့ အခိုက်အတန့်လေးတွေ အဲ့လိုမျိုး ရှိတာပေါ့။” လို့ မော်ဖရေးမြာ သူကြုံခဲ့ရတာတွေကို ပြောပြတာ ဖြစ်ပါတယ်။

သင်ကြားရေးတွေအတွက် သင်ထောက်ကူတွေမစုံလင်တာကြောင့် ရှိထားတဲ့ သင်ထောက်ကူတွေကို အသုံးပြုပြီး အခက်အခဲတွေကြားနေက သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။  အခုလို ရွေ့လျားသင်ကြားနေရတဲ့အတွက်လည်း တောတောင်ထဲ သွားရောက်တိမ်းရှောင်နေကြရတဲ့ ကလေးတွေဆီကို သွားရင်း တူရိယာတွေကို သယ်ယူပို့ဆောင်တဲ့အခါ လမ်းခရီးအခက်အခဲတွေကြောင့် ပျက်စီးသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အိပ်မက်၊ ပန်းတိုင်တွေကို လက်လွတ်လိုက်ရပေမဲ့ အရှုံးမပေးဘဲ အခက်အခဲ၊ စိန်ခေါ်မှုတွေကြားက သူမ တတ်တဲ့ပညာတွေနဲ့ စစ်ဘေးရှောင်ကလေးတွေကို ပြန်လည်မျှဝေပေးရင်း စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း တနိုင်တပိုင်ဖြည့်ဆည်းကူညီဆောင်ရွက်နေရင်း တော်လှန်ရေးမှာ ကျေပွန်စွာ ပါဝင်နေတဲ့ မော်ဖရေးမြာကတော့ အမျိုးသမီးတွေရဲ့ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ အချက်ကို သူမက အခုလို ပြောသွားပါတယ်။

“ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေ အရမ်းအရေးပါတယ်လို့ ခံစားရစေတဲ့အချက်တချက် ရှိတယ်။ နှစ်သိမ့်ပေးတာပေါ့နော။ ဘာဖြစ်လို့လဲဆို အမျိုးသမီးတွေက ခံစားချက်ကို ပိုပြီး ထုတ်ဖော်ပြတတ်သလို ပိုပြီး နွေးထွေးကြင်နာတဲ့အတွက်ကြောင့်မို့လို့ ဒီ စစ်တိုက်သူတွေ ရှေ့သွားတိုက်နေတဲ့အချိန်မှာ သူတို့ရဲ့ စိတ်လုံခြုံအောင် သူတို့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုကို ဂရုစိုက်ပေးတဲ့သူရှိကြောင်း၊ သူတို့ရှေ့မှာ လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချသွားနိုင်အောင် အမျိုးသမီးတွေက နောက်မှာကျန်ပြီးတော့ ဖေးမပေးတဲ့အတွက်ကြောင့်မို့လို့ သူတို့ရှေ့မှာ စိတ်ချလက်ချသွားနိုင်တဲ့ အခြေအနေမျိုးမှာရှိတယ်။ အမျိုးသမီးက ကျန်ခဲ့တဲ့မိသားစုနဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေကစ အကောင်းဆုံး နှစ်သိမ့်ပေးနိုင်တယ်ပေါ့နော။ ကျန်တဲ့ အခန်းကဏ္ဍတွေ အမျိုးသမီးရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေအများကြီးရှိတယ် ဖော်ပြလို့မကုန်ဘူး။ ညီမကတော့ အမျိုးသမီးတွေရဲ့ နူးညံ့တဲ့ နှစ်သိမ့်မှုကို အမွှန်းတင်ချင်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆို ဒီနှစ်သိမ့်မှုက အများကြီး အရာရောက်တယ်ပေါ့နော။” 

သူမရဲ့ အနာဂါတ် ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ Music ကျောင်းကို Classical နဲ့ Culture ဆန်ဆန် ဖွင့်လှစ်သွားဖို့ စိတ်ကူးယဉ်ထားတဲ့ အမျိုးသမီးလူငယ်လေး ဖြစ်တဲ့ မော်ဖရေးမြာကတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့လိုအပ်ပြီး အထူးသဖြင့် စစ်ဘေးဒဏ်ကြားရှင်သန်နေရတဲ့ အမျိုးသမီးတွေကို အလုပ်အကိုင်အခွင့်အလမ်းလေးရရှိအောင် ဖန်တီးပေးစေလိုတယ်လို့ ပြောဆိုသွားပါတယ်။ 

ဆရာ Eren (အယ်ရီ) လို အမျိုးသားတွေသာမက ဆရာမလေး မော်ဖရေးမြာလို အမျိုးသမီးငယ်လေးတွေအပြင် မြောက်များစွာသော လူငယ်တွေကိုယ်တိုင်ကလည်း မိမိစွမ်းဆောင်နိုင်တဲ့ ကဏ္ဍအသီးသီးမှာ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်လာကြတဲ့ ဒီနွေဦးတော်လှန်ရေးကတော့ စစ်အာဏာရှင်ကို မျက်ခုံးလှုပ်စေတဲ့ တော်လှန်ရေးအဖြစ် သမိုင်းတွင်သွားရမှာ အမှန်မှာဘဲ………။

စစ်ဘေးရှောင်ကလေးတွေကို ဂီတ ပညာ သင်ကြားပေးနေတဲ့ ဆရာမလေး မော်ဖရေးမြာ

ဆရာမလေး မော်ဖရေးမြာ ဂီတ ပညာကို ပြန်လည်မျှဝေသင်ကြားပေးလာခဲ့တာ စစ်တပ်အာဏာ မသိမ်းခင်ကတည်းကဖြစ်ပြီး  အခုဆိုရင် ၅ နှစ်ဝန်းကျင်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်စခန်းတွေမှာ ရွေ့လျားသင်ကြားရင်း သူမအတွက် မေ့မရတဲ့ အမှတ်တရ ရှိခဲ့ပါတယ်။

ဒါကတော့ …… “ အမှတ်တရတခု ပြောရမယ်ဆိုရင် Music ကျောင်းဖွင့်ဖို့ စီစဉ်ထားတဲ့နေရာပေါ့နော။ စီစဉ်ထားတဲ့နေရာမှာ မနက်ဖြန်သွားသင်တော့မယ်ဆို ပစ္စည်းတွေ instrument (တူရိယာ ) တွေ အကုန်ပို့။ ရှိသမျှ ပစ္စည်းတွေ အကုန်ပို့ပြီး မနက်ဖြန် စာသွားသင်ရတော့မဲ့ အခြေအနေမှာမျိုးဆိုလို့ရှိရင် စစ်ကြောင်းထိုးလာလို့ စခန်းတခုလုံး ရွေ့လိုက်ရတယ်ပေါ့နော။ ကိုယ်က ကျန်ခဲ့တယ်ပေါ့ instrument တွေနဲ့ ကိုယ်က ကျန်ခဲ့တယ်။ အဲ့အချိန်ကို မေ့မရဆုံးဘဲပေါ့နော။”

စစ်ဘေးဒဏ်ကြောင့် နှစ်ရှည်လများ တောတောင်ထဲမှာ အခက်အခဲမျိုးစုံကြား ရှင်သန်ရတဲ့အခါ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းလာတာတွေ ရှိနေကြပေမဲ့ မော်ဖရေးမြာလိုဘဲ အရှုံးမပေးတဲ့လူငယ်တွေ ဖြစ်တာကြောင့် တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ လူငယ်တွေဟာ အဆုံးထိတိုက်ပွဲဝင် တော်လှန်တွန်းကန်ရင်း ပညာတွေ သင်ယူရင်း ပြန်လည်မျှဝေကြဦးမှာပါဘဲ……..။

spot_img
spot_img

Recent posts