ကျွန်တော်နှင့် လွှတ်တော်

ကျော်စိုးသူ(လွှတ်တော်)Economic Development ရေးသားသည်။

ကျွန်တော် လွှတ်တော်သို့ရောက်တာ (၁၀) လနီးပါးကြာခဲ့ပြီဖြစ်ပါသည်။ မိခင်ဌာနဖြစ်သော ဘတ်ဂျက်ဌာန၊ ကိုယ်ရေးအရာရှိအဖြစ် တွဲဘက်တာဝန်ထမ်းဆောင်ခံရသော ကယားပြည်နယ်အစိုးရအဖွဲ့တို့တွင် လေ့လာဆည်းပူးခဲ့ရသော အသိပညာများဖြင့် မိမိနကိုယ်ကတည်းက လုပ်ကိုင်ဆောင်ရွက်ချင်ခဲ့သော လွှတ်တော်များ အားကောင်းရေးအတွက် ဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ် လောက်ကတည်းက ကျွန်တော်တွေ့မြင်ဝေဖန်ခဲ့သော ဒေသလွှတ်တော်တွေကို ထွေ/အုပ်လောင်းရိပ်အောက်မှ ခွဲထုတ်ကာ သီးခြားရပ်တည်စေဖို့ အကြံပြုချက်များမှာ ၂၀၁ရ ဧပြီလ (၁) ရက်နေ့တွင် စတင်အသက်ဝင်လာခဲ့တာကို တွေ့ရပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို ထွေ/အုပ်အောက်မှ ခွဲထုတ်၍ ပြည်ထောင်စုလွှတ်တော်၏ အောက်တွင်ထားကာ သီးခြားလွတ်လပ်သော လွှတ်တော်များအဖြစ် ဖွဲ့စည်းခဲ့ကြသလို ဒေသတွင်း ပါဝါဟန်ချက်ကို ထိန်းရန်အတွက် လွှတ်တော်ရုံးအကြီးအမှူးများကို ဒုတိယ ညွန်ကြားရေးမှူးချုပ်များအဖြစ် ဖွဲ့စည်းပုံရေးဆွဲခဲ့တာကို တွေ့ရပေသည်။

လွှတ်တော်များအားကောင်းမှ ဖယ်ဒရယ်ဒီမိုကရေစီစနစ်အသက်ဝင်မှာ ဖြစ်ပြီး အပြန်အလှန်ထိန်းကျောင်းနို်င်မည် ဖြစ်သည့်အချက်ကို ယုံကြည်မိသည်နှင့်အညီ လွှတ်တော်များအားကောင်းရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်နိုင်ခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာကော်မတီဝင်များနှင့် လွှတ်တော်ရုုံးဝန်ထမ်းများကို ဘတ်ဂျက်နှင့် ပတ်သက်သော အသိပညာများ၊ အစိုးရအုပ်ချုပ်မှုစနစ်နှင့် ပတ်သက်သောအကြောင်းအရာများကို ကိုယ်သိနားလည် တတ်ကျွမ်းသမျှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသော၊ အပြန်အလှန်ထိန်းကျောင်းမှုကို ပျက်စီးစေသောဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ဖို့ ကူညီထောက်ပြ ဆောင်ရွှက်ပေးနိုင်ခဲ့ပါသည်။ ဥပဒေပြုရေးဖြစ်သော လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ကူညီဆောင်ရွှက်ပေးခဲ့ပါသည်။

ပထမဦးစွာ ကြုံတွေ့လာသော ၂၀၁၈ ခုနှစ်၏ ၆ လတာ မီနီဘတ်ဂျက်တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်သူ့ငွေစာရင်း ကော်မတီဝင်များအား ဘတ်ဂျက်ဆိုင်ရာအသိပညာများ ဖြန့်ဝေခြင်းနှင့် ဘတ်ဂျက်စိစစ်ခြင်းများကို မျှဝေနိုင်ခဲ့ပါသည်။

ထိုသို့ဖြန့်ဝေခြင်းကြောင့် အားကောင်းလာသော လွှတ်တော်ကြောင့် အစိုးရနှင့်အပြန်အလှန် ထိန်းကျောင်းခြင်းမှာ အသက်ဝင်ခဲ့သလို ပွတ်တိုက်မှုများလည်း ပေါ်ပေါ်က်လာခဲ့ပေသည်။

မည်သို့ပင်ဆိုစေကာမူ လွှတ်တော်များ အားကောင်းလာ၍ အစိုးရနှင့် ပွတ်တို်က်မှုများ ပေါ်ပေါ်က်လာခြင်းကပင်လျှင် ဒီမိုကရေစီစနစ်ကို သွားမည့်နိုင်ငံတစ်ခုအတွက် ကြိုဆိုရမည့်အချက်များပင်ဖြစ်ပေသည်။

လွတ်လပ်စွာ ပြောဆိုဝေဖန်ဆွေးနွေးခွင့်များ အသက်ဝင်လာခဲ့ကြသလို ပြည်သူများအနေဖြင့်လည်း အစိုးရအုပ်ချုပ်မှုစနစ်များ အကြောင်းကို လွှတ်တော်ကနေ တစ်ဆင့် သိမြင်နားလည်ကြမည်ဟု မျှော်လင့်မိပေသည်။

“ဒီမိုကရေစီစနစ်တွင် ပြည်သူတို့၏ အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင်ရှိကြရမည်။ အသိဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။’’ ဟူသော ကမာ္ဘ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အဆိုအမိန့်တိုင်း ပြည်သူများထံသို့ အသိပညာဖြန့်ဝေခြင်းများကို အားထည့်ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်သူပါဝင်သော အစိုးရစနစ်နှင့် ပြည်သူပါဝင်သော ဘတ်ဂျက်စနစ်များ ထိရောက်အောင်သွားဖို့အတွက် ကျရာအခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

“ဘတ်ဂျက်ကို မသိနားမလည်ရင် လွှတ်တော်ကို်ယ်စားလှယ်မလုပ်နဲ့’’ ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားအတိုင်း ကိုယ်စားလှယ်များအနေဖြင့် ဘတ်ဂျက်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်လည်း အားထုတ်ဆောင်ရွက်ကြဖို့ လိုမည်ဖြစ်ပါသည်။

ဒါ့အပြင် ဘတ်ဂျက်ခွဲဝေမှုများ ညီညွတ်မျှတစေရန်အတွက်လည်း ရွေးကောက်ခံ ပြည်သူကိုယ်စားလှယ်ကြီးများနှင့် အတူပူးပေါင်းကာ ခွဲဝေမှု ညီညွတ်မျှတစေရေး အတွက်ကြိုးစားဆောင်ရွှက်သွားမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအရ ဗဟိုချုပ်ကို်င်မှုလျော့ချခြင်းသည် Capacity(စွမ်းဆောင်ရည်) အားကောင်းသော ဒေသများတွင် ပိုမိုအကျိုးဖြစ်ထွန်းမည်ကို ယုံကြည်သည့်အတိုင်း ဒေသအတွင်းအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ Capacity မြှင့်တင်ခြင်းအပိုင်းများတွင် တတ်စွမ်းသလောက်ဆောင်ရွက်သွား ပေးဖို့ ရည်ရွယ်ထားပေသည်။

ဖယ်ဒရယ်စနစ်တစ်ခု အောင်မြင်ဖို့အတွက် နိုင်ငံရေးအရ ဗဟိုုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဘဏ္ဍာရေးအရ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပေသည်။

မြန်မာနိုင်ငံလို ခေတ်အဆက်ဆက် အုပ်ချုပ်ရေးပါဝါအားကောင်းခဲ့သော နိုင်ငံမျိုးတွင် နိုင်ငံရေးအရနှင့် ဘဏ္ဍာရေးအရ ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်ခဲ့သော်လည်း အုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှုကို ပြေလျော့နိုင်ခြင်းမရှိသည်ကပင် မြန်မာပြည်ဖယ်ဒရယ်စနစ်အတွက် အားနည်းချက်ဖြစ်နေခဲ့ပါသည်။

ထိုသို့သော ပြဿနာများကို ဖြေရှင်းဆောင်ရွက်ဖို့အတွက်လည်း အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရ ပေလိမ့်မည်။

ဒေသတွင်းတိုင်းရင်းသားလူနည်းစုများအကြား ကြုံတွေ့ရသော လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဘတ်ဂျက်ဆိုင်ရာထောက်ပံ့မှုများ နည်းပါးခြင်းများအတွက်လည်း သက်ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များနှင့် အတူပူးပေါင်းအဖြေရှာ ဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

ဘတ်ဂျက်ကို နိုင်ငံရေးအတွက် လက်နက်တစ်ခုအနေဖြင့် အသုံးချခြင်းများ၊ ကိုယ်ကျိုးစီးပွား တည်ဆောက်ခြင်းများကို တတ်နို်င်သမျှ ဝေဖန်ထောက်ပြရေးသွားမည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်အတွက် သာမက ကယားပြည်နယ်အတွက် ငြိမ်းချမ်းရေးရရှိရေးမှာ ဒေသတွင်းလွှတ်တော်များ အားကောင်းရေး ၊ ဘဏ္ဍာရေးအရ ဗဟိုချုပ်ကို်င်မှုများ လျှော့ချရာတွင် အောင်မြင်ရေး၊ ဒေသအစိုးရများတွင် အပြန်အလှန်ထိန်းကျောင်းမှုစနစ် အသက်ဝင်စေရေးများက အဓိက အခန်းကဏ္ဍမှာ ပါဝင်နေမည်ဖြစ်ပါသည်။

ထိုအခန်းကဏ္ဍများ အောင်မြင်ရေးအတွက် အသိပညာများ ဖြန့်ဝေခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ၏ အခန်းကဏ္ဍ တိုးတက်အားကောင်းစေရေးတိို့အတွက် ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။

Comments

comments

Next Post

ဖြေရှင်းရတော့မည့် တိုင်းရင်းသားအခွင့်အရေးနှင့် ဖက်ဒရယ်ပုစာ္ဆ

Sat Jul 7 , 2018
ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ပင်လုံကတိကဝတ်နှင့်အညီ ဖယ်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းတွေကို ပြည်နယ်ကိုယ်စားပြုဖြစ်အောင် ဦးစွာမဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၄ရပင်လုံစာချုပ်ကိုချုပ်ဆိုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပြည်နယ်ဒေသကို ကိုယ်စားပြုတဲ့ခေါင်းဆောင်တွေ ဖြစ်နေလို့ပဲဖြစ်ပါတယ်။ လူမျိုးစုအနေနဲ့ လက်မှတ်ထိုးတာမဟုတ်ပဲ ပြည်နယ်ခေါင်းဆောင်အနေနဲ့သာ လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ပြည်နယ်အရေးနဲ့ပတ်သက်လာရင် အင်မတန်မှစည်းလုံးညီညွှတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အားလုံးဟာ ပြည်နယ်ဒေသကိုသာ ကိုယ်စားပြုတဲ့လူမျိုးစုတွေဖြစ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ထိကမာ္ဘ့ဖက်ဒရယ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။ အဖွဲ့အစည်းအချင်းချင်းပူးပေါင်းမှသာ နိုင်ငံတစ်ခုကို ကိုယ်စားပြုနိုင်မှာဖြစ်သလို လူမျိုးစုအချင်းချင်းပူးပေါင်းမှသာ ပြည်နယ်ဒေသကို ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိတ်ဝင်ဖြစ်ကြတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေဟာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ခဲ့တာကြောင့် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြပေမယ့် ဖဆပလ အစိုးရဟာမြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ခဲ့တာကြောင့် ၁၉၆၂ခုနှစ်၊ […]