spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခက်ခဲကြပ်တည်းလာတဲ့ ဖယ်ခုံမြို့နယ်က ပြည်သူတွေရဲ့ဘဝ

Author

Date

Category

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ကယန်းဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ မြှင့်တက်လာလို့ ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေရေးဟာ ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဖယ်ခုံမြို့နယ်မှာနေထိုင်တဲ့ အသက် (၄၄) နှစ်အရွယ် စမူမအေးဟာ ကြုံရာ ကျပန်းအလုပ် လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ပြီး တစ်နေ့ကို နေ့စားခ ၅၀၀၀ လောက်သာရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မဖူလုံဘူးလို့ ဆိုပါတယ်။

“ကုန်ဈေးနှုန်းတွေ တစ်အားတက်လို့ပေါ့နော်။ ဆီတစ်လီတာကို ၅၀၀၀ ထောင်နဲ့ ဝယ်စားရတယ်ကော။ တစ်ရက်လုံးလုပ်ရင်တောင်မှ ဆီတစ်လီတာဖိုး ရေသန့်ဗူးတစ်ဗူးပဲပေါ့။ အဲ့လိုပဲရတာကော။ မဖူလုံဘူးပေါ့။ မလောက်မငှပဲပေါ့။ ဟင်းချိုမှုန့်ဝယ်ရင် ဆီမရ၊ ဆီဝယ်၊ ချို့မှုန့်ဝယ်ရင် ဆားမရ၊ ဆန်မလောက် အဲ့လိုမျိုးပေါ့။” လို့ စမူမအေး ကပြောပါတယ်။

စမူမအေးဟာ ပွဲစားတွေအတွက် ဒေသထွက်ကုန်တွေကို ဝယ်ယူပေးတဲ့အလုပ်ကိုလုပ်ကိုင်နေတာပါ။ ဒါ့အပြင် တောင်ယာ၊ လယ်ယာ လုပ်ငန်းတွေမှာ နေ့စားဝင်ရောက်လုပ်ကိုင် သူတစ်ယောက်ဖြစ်ပါတယ်။

အလားတူ အသက် (၂၂) အရွယ် လူငယ် ကိုတင်ထွန်းကလည်း မိသားစုစားဝတ်နေရေးအတွက် နေ့စဉ် အပြင်ထွက်ပြီး အလုပ်ရှာနေရသူ တစ်ဦးပါ။

မိသားစုဝင် (၈) ဦးရှိတဲ့ သူ့မိသားစုအတွက် သူတတ်ထားတဲ့ အတတ်ပညာတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ရှာနေရပါတယ်။

“ရတဲ့ ဝင်ငွေနဲ့ အခုကုန်ဈေးနှုန်းကတော့ ကျနော်တို့ မစုမိဘူးဗျ။ ဒီလုပ်ငန်းအပေါ်မှာလည်း အခက်အခဲ တွေရှိတယ်။ ဘာလို့လဲဆို လာမယ့် မနက်ဖြန်တစ်ဘက်ခါ ကျနော်တို့ အလုပ်ဆက်ပြီးတော့ ရှိနိုင်အုံးမလား။ အဲ့ဒါစိုးရိမ်မှုတွေရှိတယ်။” လို့ ကိုတင်ထွန်းကပြောတယ်။

ကိုတင်ထွန်းဟာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ပန်းရံလုပ်ကိုင်နေပြီး တစ်နေ့ကို ၁၅၀၀၀ ကျပ်ရပေမယ့် မိသားစုကို လုံလုံလောက်လောက်မထောက်ပံ့နိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေ ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ အသက် (၄၀) အရွယ် ဒေါ်မိုးမြာကလည်း မိသားစု စားဝတ်နေရေးအတွက် အုတ်ရိုက်လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လုပ်နေပါတယ်။

“လောလောဆယ်က ဒီအုတ်ရိုက်တဲ့အလုပ်ကို လုပ်တယ်။ တစ်ရက်ခါကျတော့ ကိုယ်လုပ်ရင် လုပ်နိုင်သ လိုပေါ့နော်။ တခါတလေလည်း တစ်ရက်ကို ၇၀၀၀ ရတယ်။ ၈၀၀၀ ရတယ်အဲ့မျိုးပေါ့။ အုတ်ရိုက်တဲ့အလုပ်ကျတော့ နွေရာသီပဲရှိတယ်လေ။ မိုးရာသီခါကျတော့ ရိုက်လို့အဆင်မပြေဘူး။”လို့ ဒေါ်မိုးမြာက ဆိုပါတယ်။

စားနပ်ရိက္ခာထောက်ပံ့မှုတချို့ရပေမယ့် သူ့မိသားစုစားဝတ်နေရေးအတွက် ဟင်းဖိုးနဲ့ တခြားလို့အပ်တာတွေကို လုပ်အားခကရရှိတဲ့ ဝင်ငွေနဲ့ မျှသုံးတာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်က ရွာတစ်ရွာမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးကလည်း ကုန်းဈေးနှုန်းမြှင့်တက်လာတာကြောင့် ဈေးရောင်းရတာ အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကုန်ဈေးနှုန်းတက်လေလေ ဈေးရောင်းတဲ့သူတွေအတွက် အခက်အခဲတွေ့လေလေပဲ။ အဲ့မှာ သယ်ယူစရိတ်က ကိုယ်ဝယ်ယူလိုက်တဲ့ ကုန်ထဲမှာ တစ်ထောင်တန်တဲ့ ကုန်ဆိုရင် သယ်ယူစရိတ်တစ်ထောင်ထပ်ပေါင်းလိုက်ရင် ၂၀၀၀ ဖြစ်သွားတယ်။ ကိုယ်က အမြတ်ပါ ထပ်တင်လိုက်တယ်ဆိုရင် စားသုံးတဲ့လူတွေအတွက် အရမ်းကို အခက်အခဲဖြစ်သွားပါတယ်။ ဒါ့ကြောင့်မို့လို့ ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ ကျမတို့ ဈေးရောင်းတဲ့ လူတွေအတွက် ပိုပြီးတော့ အခက်အခဲတွေ့နေတာကတော့ အမှန်ပါပဲ။”

အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းတွေ မြှင့်တက်လာတာကြောင့် ဖယ်ခုံမြို့နယ်က ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ခက်ခဲကြပ်တည်းစွာ ရုန်းကန်နေကြရပါတယ်။

spot_img
spot_img

Recent posts