spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခန္ဓာပျက်စီးပေမယ့် ပျက်စီးမသွားတဲ့ စိတ်ဓာတ်

ကန္တာရဝတီတိုင်း(မ်)

အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦး ဂျိုင်းထောက် တစ်ယောက် တစ်စုံစီနဲ့ ဘားတန်းမှာ ဘားဆွဲပြီး လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။

သူတို့နှစ်ဦးကတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ရဲဘော်လေးတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ရဲဘော်အဲလိရှက်နဲ့ ရဲဘော်ဟင်နရီတို့ ဖြစ်ကြပါတယ်။ စစ်အာဏာရှင်စနစ်ကို မနှစ်သက်လို့ လက်နက်ကိုင်ပြီး ပြန်လည်ခုခံ တော်လှန်နေကြသူတွေပါ။

စစ်ကောင်စီတပ်တွေနဲ့ ထိတိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရင်း စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မှိုင်းတွေကြောင့် ခြေတောက်တစ်ဖက်စီ ဆုံးရှုံးလိုက်ရတဲ့ သူတွေပါ။

လက်ရှိမှာတော့ သူတို့နှစ်ဦးလုံးဟာ KNDF တပ်ရင်း ၆ မှာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
သူတို့ အတွက် ခြေတုလေးတွေ မရသေးပေမယ့် ဂျိုင်းထောက်တွေနဲ့ သွားလာလှုပ်ရှားနေပြီး အားတဲ့အချိန်တွေမှာ ဘားတန်းမှာ ဘားဆွဲလေ့ကျင့်တာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာတော့ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ စတင်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိပ်တိုက်ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ယခုဆိုရင် တစ်နှစ်ကျော်အထိ ရှိလာခဲ့ပါပြီ။

တိုက်ပွဲဖြစ်ပွားပြီးနောက် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ဒေသခံကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ရှိသလို စစ်ကောင်စီတပ်သားတွေလည်း အများအပြား သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် မြေမြုပ်မှိုင်းတွေကြောင့် အသက်ဆုံးရှုံးသွားတာတွေ ရှိသလို ကိုယ်လက်အင်္ဂါတွေကို ဆုံးရှုံးသွားခဲ့ရသူတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။

မြေမြုပ်မှိုင်းကြောင့် သေဆုံးသွားသူ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၃၀ ဝန်းကျင်ကြား လူငယ်လေးတွေ အများစု ဖြစ်နေကြပါတယ်။ ဒီအထဲမှာ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ရဲဘော် ဟင်နရီလည်း ပါဝင်ပါတယ်။

မြေမြုပ်မှိုင်းကြောင့် ခြေတဖက် ဆုံးရှုံးသွားရသူ ရဲဘော်ဟင်နရီဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ သူ့မှာ စိတ်ဆန္ဒအပြည့်၊ သတ္တိအပြည့်ရှိနေပါတယ်။ ခြေတောက်အနာတွေ ကျက်သွားရင်တော့ ရှေ့တန်းထွက်ပြီး စစ်ကောင်စီတပ်တွေကို ဆက်လက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆိုတာ ကြားဖူးနားဝလောက်သာရှိပြီး စနစ်ဆိုတာကြီးကိုတော့ လူကြီးနုတ်ဖျားကနေ ရံဖန်ရံခါ ကြားဖူးရုံသာ ရှိကြပါတယ်။ သို့ပေမယ့် စစ်အာဏာရှင်ကို တော်လှန်ချေမှုန်းဖို့ စိတ်ဓတ်၊ သတ္တိတွေတော့ ဘယ်သူကမှ လှုံ့ဆော်ပေးဖို့ မလိုလောက်အောင် အပြည့်အဝ ရှိနေကြတာပါ။

စစ်အာဏာရှင်စနစ်ဆိုတာနဲ့ ပတ်သက်ပြီး ရဲဘော်ဟင်နရီက “သိပ်ပြီး နားမလည်ဘူး။ ဒါပေမယ့် လူကြီးတွေက မကောင်းဘူးလို့ပြောတယ်” လို့ သူ့ရဲ့ ရိုးသားတဲ့ စိတ်ကို ဖွင့်ဟထားပါတယ်။

ခန္ဓာပျက်စီးပေမယ့် ပျက်စီးမသွားတဲ့ စိတ်ဓာတ်ပိုင်ရှင်
ခန္ဓာပျက်စီးပေမယ့် ပျက်စီးမသွားတဲ့ စိတ်ဓာတ်ပိုင်ရှင်
ခန္ဓာပျက်စီးပေမယ့် ပျက်စီးမသွားတဲ့ စိတ်ဓာတ်ပိုင်ရှင်
ခန္ဓာပျက်စီးပေမယ့် ပျက်စီးမသွားတဲ့ စိတ်ဓာတ်ပိုင်ရှင်

မြေမြုပ်မှိုင်းနှင်းမိရင်း ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသူ အသက် ၃၀ အရွယ် ရဲဘော်ဂျိုးဇက်ကလည်း ရဲဘော်လုပ်တာဟာ ဒီလိုအရာတွေကို ရင်ဆိုင်ကြုံတွေ့လာရနိုင်တယ်ဆိုတာ ကြိုတွေးထားပေမယ့် အခုလို ခြေနှစ်ဖက်လုံးကို ဆုံးရှုံးလိုက်ရတာဟာ ယခင်ကလို လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မှာ မဟုတ်လို့ ရံဖန်ရံခါတော့ စိတ်ဓတ်ကျမိတယ်လို့ ဆိုပါတယ်။

“ဖြစ်စကတည်းက တအားကြီး စိတ်ထိခိုက်တာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်အသက်အရွယ်နဲ့ ပြောမယ်ဆိုရင် ကိုယ်က ဆက်လက်ရှင်သန်ဖို့ အများကြီး ရှိသေးတာကိုး။ ဆိုတော့ ဆက်လက်ရှင်သန်ရမဲ့ ခရီးက ခြေလက်အကောင်း ပကတိအတိုင်းလောက်တော့ ရှင်သန်ရမှာ အဲ့လောက်ထိ မချောမွေ့တော့ဘူးပေါ့နော။ ပိုပြီးတော့ ခက်ခဲမှာပေါ့။ ဆိုတော့ တခါတလေကျရင် အဲ့ဒါကိုတွေးပြီးတော့မှ စိတ်ဓာတ်ကျတာလည်း ရှိတယ်။ ဒါကတော့ ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့နော” လို့ ရဲဘော်ဂျိုးဇက်က သူ့ရဲ့ လက်ရှိမှာ ခံစားနေရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ရင်ဖွင့်ပြောပြလာတာပါ။

ရံဖန်ရံခါမှာ စိတ်ဓာတ်ကျပေမယ့် တော်လှန်ရေးအောင်မြင်ဖို့ တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာမှာ အရွေ့တခုအနေနဲ့ ဆက်လက်ပါဝင်သွားမယ်လို့ ခြေနှစ်ဖက်ကို ဆုံးရှုံးထားရသူ ရဲဘော်ဂျိုးဇက်က ပြောပါတယ်။

“အရင်တုန်းကဆို ကျနော်တို့ တိုင်းရင်းသားတွေလောက်ပဲ ခံစားရတယ်ပေါ့နော။ အခုဆိုရင် ပြည်မတွေလည်း အကုန်လုံး သိလာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်အောင်ဖို့ပဲရှိတယ်လို့ ခံယူထားတယ်ပေါ့နော။ ဆက်လက်ပြီးတော့ မပါဝင်နိုင်တော့ဘူးဆိုပေမယ့်လည်း တော်လှန်ရေးမှာ ဘယ်လိုပဲဖြစ်ဖြစ် အရွေ့တခုအနေနဲ့ ဆက်ပြီး သွားနေမှာပေါ့နော” လို့ ရဲဘော်ဂျိုးဇက်က သူ့ခြေတောက်အနာ မကျက်သေးပေမယ့် တော်လှန်ရေးမှာ မိမိတို့အားလုံး တတ်နိုင်တဲ့ နည်းလမ်း၊ နေရာကနေ ပါဝင်ဖို့ လိုအပ်တာကို အိပ်ယာထဲလှဲရင်း သက်သေပြပြီး ပြောသွားတာပါ။

အသက် ၁၉ နှစ်အရွယ် စက်မှုကျောင်းသားဖြစ်တဲ့ ရဲဘော်မီရယ်ကတော့ မှိုင်းကြောင့် မျက်စိတစ်ဖက်ကို ဆုံးရှုံးသွားခဲ့ရတာပါ။ သို့ပေမယ့် သူ့အနေနဲ့ စိတ်ဓတ်ကျတာ၊ အားငယ်တာ၊ ဝမ်းနည်းတာမျိုး မရှိပဲ တော်လှန်ရေးကာလ ပြီးမြောက်သွားတဲ့အချိန်မှာ သူမျှော်လင့်ထားတာကတော့ သူတက်ချင်တဲ့ကျောင်းကို ပြီးမြောက်အောင်မြင်အောင် တက်ရောက်ပြီး သူလေ့လာချင်တဲ့ ပညာတွေကိုလည်း ဆက်လက်လေ့လာသွားမယ်လို့ ဆိုပါတယ်။

သူ့လိုပဲ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ အသက်အရွယ်တူ ရဲဘော်တွေဟာ အသက်ကိုပါ ဆုံးရှုံးသွားရတာတွေရှိပြီး သူ့အနေနဲ့ မျက်စိတစ်ဖက်ကိုသာ ဆုံးရှုံးပြီး အသက်ရှင်ခွင့် ရှိနေသေးတာဟာ မျှော်လင့်ချက်အပြည့်နဲ့ သူလုပ်ချင်တာ၊ သူဖြစ်ချင်တာတွေ အားလုံးကို လုပ်ဆောင်နိုင်သေးတယ်လို့ ဆိုပါတယ်။

“ဘာမှတော့ မခံစားရပါဘူး။ ပုံမှန်လိုပဲ ဖြစ်မှာပါ။ မျက်လုံးက တစ်ဖက်ကျန်သေးတယ်လေ။ အသက်လည်းရှင်သေးတယ်။ အားလုံးလုပ်လို့ ရသေးတယ်။ မြင်ရသေးတယ်။ မျှော်လင့်ချက်တွေ ရှိသေးတယ်။ ဝမ်းမနည်းပါဘူး” လို့ ရဲဘော်မီရယ်က သတ္တိအပြည့်၊ အားမာန်အပြည့်နဲ့ ပြောပြသွားတာပါ။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကျေးရွာတစ်ရွာတည်းကို မြေမြုပ်မှိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့တာမှာ စစ်ကောင်ထောင်ထားတဲ့တဲ့ မြေမြုပ်မိုင်း အလုံးပေါင်း ၄၀ ကနေ ၅၀ အထိ တွေ့ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ဆိုပါတယ်။

လူထုတွေရဲ့ အိမ်အတက်အဆင်းလှေကားထောင့်၊ ခြံထောင့်၊ တစ်အိမ်နှင့်တစ်အိမ်အကြား၊ လယ်ယာလုပ်ငန်းသွားလာတဲ့ လမ်းဘေး စတဲ့နေရာတွေမှာ အများဆုံးတွေ့ရတယ်လို့ သိရပါတယ်။

မြေမြုပ်မှိုင်းကြောင့် အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေကို ခံစားရသူတွေထဲမှာ ရဲဘော်တွေမကပဲ အရပ်သားပြည်သူတွေလည်း ပါဝင်ပါတယ်။

“မြေမြုပ်မှိုင်းကြောင့် ထိခိုက်တဲ့ case ကလည်း ရှိတယ်။ ဒါတောင် လူထုတွေက မပြန်သေးလို့ပေါ့နော။ ပြန်လို့ရှိရင်တော့ ရာဂဏန်း၊ ထောင်ဂဏန်းအထိ ရှိလာနိုင်တယ်။ ဆယ်ဂဏန်းလောက် ရှိနေပြီ။ ဒါပေမယ့် KNDF ဖက်မှာလည်း သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ကြည့်မယ်ဆိုရင် မြေမြုပ်မှိုင်း တော်တော်လေး ထိတာကိုလည်း တွေ့ရတယ်။ ရွာသားတွေကတော့ သေချာပေါက်ပဲ ဒီထက်မက ပိုပြီးတော့ တွေ့လာဦးမယ်ဆိုတာ ကျနော်တို့ သိမြင်နေရပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲပစ္စည်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာများအရ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ မှိုင်းကြောင့် သေဆုံးသူ တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ၎င်းတို့ရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ မေလ အထိ မြေမြုပ်မှိုင်းကြောင့် ထိခိုက်သေဆုံးသွားသူ ၁၆၂ ဦးအထိ ရှိလာတယ်လို့ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲပစ္စည်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။

မြေမြုပ်မိုင်းကြောင့်ထိခိုက်ခဲ့သူအများစုဟာ ရဲဘော်ဟင်နရီတို့ ၊ရဲဘော်အဲလိရှက်တို့လိုလူငယ်တွေဖြစ်ပါတယ်။ ဒီအရွယ် လူငယ်လေးတွေဟာ တိုင်းပြည်ရဲ့ အထူးချွန်ဆုံးသော အနာဂါတ်လေးတွေ ဖြစ်ပြီး မိမိဝါသနာ၊ အားသာချက်၊ အားနည်းချက်တွေကို ရှာဖွေပြီး ဖြစ်ချင်တဲ့ အိမ်မက်၊ ပန်းတိုင်တွေကို အကောင်အထည်ဖို့ စတင်လျှောက်လှမ်းနေကြတဲ့ အရွယ်ပါ။

KNDF ရဲ့ တပ်ဖွဲ့ဝင် ရဲဘော်အဲလိရှက်ကတော့ “ခြေတောက်အနာ ပျောက်တဲ့အချိန်ကျရင် ပြန်တက်မယ်၊ ကျနော်အတုရတဲ့ အချိန်ပေါ့။ ခြေတောက်အတု ရတဲ့အချိန်ကျရင် အရှေ့ကို ကျနော်ပြန်တက်မယ်” လို့ ပြောသွားပါတယ်။

spot_img
spot_img