spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရစ္စမတ်နေ့မှာ စစ်ကောင်စီက လွိုင်ကော်ကို လေယာဥ်နဲ့ ၃၄ကြိမ် ဗုံးကြဲခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ခရစ္စမတ်နေ့ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တစ်ရက်အတွင်း လွိုင်ကော်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ၃၄ ကြိမ် ဗုံးကြဲခဲ့ပြီး ပေါင် ၅၀၀ဗုံးသီးတွေကိုလည်း အသုံးပြုပြီး တိုက်ခိုက်တာရှိတယ်လို့ ကရင်နီပြည်တပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ၂၅ ရက်နေ့မှာ လေယာဥ်ကြဲနှုန်း တစ်ရက်သာအတွင်းက ကြဲနှုန်း ၃၄ ကြိမ်ရှိတယ်။”လို့ ကရင်နီပြည် တပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့ (ဒီဇင်ဘာလ ၂၆ ) မှာလည်း ပေါင် ၅၀၀ ဗုံးသီး ၄ လုံး အသုံးပြုပြီး လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

(၁၁.၁၁) စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ယနေ့အထိ လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။

နေ့စဥ်ရက်ဆက် စစ်ကောင်စီရဲ့ လေယာဥ်တွေ ဗုံးကြဲနေတာကြောင့် လွိုင်ကော်မြို့ပေါ်မှာ နေထိုင်တဲ့ဒေသခံတွေ မရှိတော့သလို အရောင်းအဝယ်ပြုလုပ်သူတွေလည်း မရှိတော့ဘူးလို့ လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက တစ်မြို့လုံးနေရာစုံကို လေယာဉ်ဗုံးကြဲတယ်။ လက်နက်ကြီးပစ်တယ် နေ့တိုင်းလုပ်တယ်။ ရပ်ကွက်အလိုက်ဆိုရင် ကြည်သာယာဆို လူများ‌သေးတယ်။ ဒေါဥခူဆို တစ်ခုလုံးမှ ၂ ယောက် က နေ ၁၀ ယောက်လောက်ပဲ ကျန်မယ်။ တစ်ရပ်ကွက် ၁၀ ယောက် ဝန်းကျင်လောက်ပဲရှိမယ်။ ဘာမှမရှိတော့ဘူး အရောင်းအဝယ်က။ ဆေးတွေကောပေါ့။” လို့ အဆိုပါ လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ရောင်းဝယ်ဖောက်ကားမှုတွေ မရှိတော့တာကြောင့် မြို့တွင်းကျန်နေရစ်သူတွေအတွက် ရိက္ခာ၊ ဆေးဝါး နဲ့ လူသုံးကုန်ပစ္စည်းတွေ ရရှိဖို့ အခက်အခဲရှိနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်အများစုဟာလည်း ထိခိုက်ပျက်စီးမှုရှိနေပြီး နေအိမ်စာရင်းကိုတော့ မပြုစုနိုင်သေးဘူးလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောပါတယ်။

မြို့တွင်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီက လမ်းသွားပြည်သူတချို့ကို ပစ်ခတ်မှုရှိနေတာကြောင့် မြို့အဝင်အထွက်မပြုလုပ်ကြဖို့ တော်လှန်ရေးပူးပေါင်းတပ်တွေက အသိပေး တားမြစ်ထားပေမဲ့ သွားလာကြတဲ့ ပြည်သူရှိနေတာကြောင့် လုံခြုံရေး ကရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

spot_img
spot_img

Recent posts